ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ သုံးခွကျေးရွာအုပ်ချုပ်ရေးမှူးရုံးစာရေးဖြစ်သူအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဇွန်လ (၂၆) ရက်နေ့က ဖမ်းဆီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးခံရသူမှာ သုံးခွကျေးရွာအုပ်ချုပ်ရေးမှူးရုံးစာရေး အသက် (၄၂) နှစ်အရွယ် ဦးကျော်မျိုးနိုင် ဆိုသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းဒေသခံက “ဦးကျော်မျိုးနိုင် ကို ဇွန်လ (၂၆) ရက်ရက်နေ့ ည (၁၀) နာရီလောက်မှာ သုံးခွကျေးရွာမှာရှိတဲ့ သူ့အိမ်မှာ လက်နက်ကိုင်တွေက လာဖမ်းသွားတာပါ” ဟု ပြောသည်။
ယနေ့ ဇွန်လ (၃၀) ရက်နေ့အထိ ဦးကျော်မျိုးနိုင်နှင့် သူ့မိသားစုမှ အဆက်အသွယ်မရသေးကြောင်း နှင့် သေလားရှင်လားမသိရသေးကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
ယခု ဇွန်လအတွင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ဒေသအတွင်း စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များ မကြာခဏတပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့်အပြင်၊ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမြောက်တပ် နှင့် တပ်ရင်းတပ်ဖွဲ့များမှ ဒေသခံပြည်သူများနေထိုင်ရာ ကျေးရွာများတွင်းသို့ လက်နက်ကြီးများပစ်ခတ်နေခြင်းကြောင့် ကလေးငယ်များအပါအဝင် ဒေသခံများ ထိခိုက်သေကြေမှုများရှိနေသဖြင့် ပြည်သူများ စိုးရိမ်ထိန့်လန့်လျက်ရှိကြသည်။