ပြီးခဲ့သည့် ဇွန်လ (၁၅) ရက်မှ ဇွန်လ (၂၄) ရက်အထိ ထိုင်း – မြန်မာနယ်စပ်ဂိတ်များအား (၁၀) ရက်ကြာ ပိတ်ထားမည်ဟု ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ စံခလဘူရီအကောက်ခွန်ဌာနအကြီးအကဲဖြစ်သူ က ဇွန်လ (၂၁) ရက်နေ့က ပြောဆိုထားသော်လည်း ယနေ့ ဇွန်လ (၃၀) ရက်နေ့အထိ ဘုရားသုံးဆူမြို့ရှိ နယ်စပ်ဂိတ်များ ပိတ်ထားဆဲဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
ယမန်နေ့ ဇွန်လ (၂၉) ရက်နေ့က စစ်ကောင်စီဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ထိုင်းနိုင်ငံမှ Lt.Gen. Prasan Saengsirirak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမတွင်တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည့်အပြင်၊ တရားမတင်ကုန်သွယ်မှုတိုက်ဖျက်ရေးအား နှစ်နိုင်ငံပူးပေါင်းဆေင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း၊ ထို့အတူ ဘုရားသုံးဆူ နယ်စပ်ဂိတ်ကိစ္စရပ်ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နေပြည်တော်သတင်းရပ်ကွက်မှ သိရသည်။
ဘုရားသုံးဆူမြို့ရှိ Check Point လမ်းအကွေ့နေရာတွင် ပန်းတန်းအနောက်လမ်းအား ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) မှ လမ်းပြုပြင်ခြင်းအား ထိုင်းနိုင်ငံဘက်မှ ကန့်ကွက်ရာမှ နှစ်နိုင်ငံနယ်စပ်တင်းမာမှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူမြို့ခံတစ်ဦးက “ထိုင်းဘက်က အဲ့ဒီနေရာကို သူတို့ဝယ်ထးတယ်ဆိုပြီး စာချုပ်နဲ့ ပြပြီးအကြောင်းကြားလာတာလို့ သိရတယ်။ အဲ့ဒီတော့ လမ်းပြင်နေတာကို ပြန်ဖျက်လိုက်ရတယ်။ အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးတာနဲ့ မြန်မာဘက်ကနေ နယ်စပ်ဂိတ်တွေကို စပိတ်လိုက်တာပါ။ ပြီးတော့မှ ထိုင်းဘက်ကလည်း ဂိတ်တွေပိတ်လိုက်တယ်” ဟု ၎င်းမြို့ခံ က ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ဇွန်လ (၁၇) ရက်နေ့မှ ယနေ့ ဇွန်လ (၃၀) ရက်အထိ (၁၄) ရက်ကြာနယ်စပ်ဂိတ်များပိတ်ထားဆဲဖြစ်သည့်အတွက် မြန်မာနို်ငငံဘက်မှ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်မည်ကုန်စည်များ စောင့်ဆိုင်းနေရသလို၊ ထိုင်းဘက်မှ မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်များလည်း ထိုင်းနိုင်ငံဘက်ခြမ်းတွင် စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း ကုန်သည်တစ်ဦးက ပြောကြားသည်။
“နှစ်ဖက်လုံးက ပေးမသွားကြတော့ တခြားနယ်စပ်အပေါက်တွေကနေ စက်သုံးဆီဘောက်ဆာကားတွေ၊ ဘန်ကောက်တို့၊ မလေးရှားဘက်တို့ကို တရားမဝင်သွားကြမယ့်သူတွေကတော့ ခိုးပြီး သွားလာနေကြတာမျိုးတော့ရှိတယ်။ ကုန်ကားတွေကတော့ သွားမရသေးဘူး။ ဒီအတိုင်းဘဲ ရပ်စောင့်နေကြရတုန်းပါဘဲ” ဟု ၎င်းကုန်သည် ဆက်လက်ပြောကြားသည်။
ဘုရားသုံးဆူမြို့ရှိ တခြားတရားမဝင် နယ်စပ်ဂိတ်များမှဝင်ရောက်သည့် ကုန်ပစ္စည်းများကိုလည်း မော်လမြိုင်မြို့အဝင်နေရာများတွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးမှုများရှိနေသည့်အတွက် ကုန်သည်များအနေဖြင့်အခက်တွေ့နေရကြောင်းလည်း ၎င်းကဆိုသည်။
“ထိုင်းဘက်ကဆင်းလာတဲ့ ကုန်ပစ္စည်းမှန်သမျှအကုန်ဖမ်းနေတယ်။ ဘုရားသုံးသူ – ကြာအင်းဆိပ်ကြီး – ကမာဝက် – မုဒုံ – မော်လမြိုင်လမ်းမှာလည်းဖမ်းတယ်။ ဘုရားသုံးဆူ – ကြာအင်းဆိပ်ကြီး – စံပယ်ဂူ – ကျိုက်မရောဘက်မှာလည်း ဖမ်းနေတယ်။ ဟင်းသီးဟင်းရွက်ကားနဲ့၊ သစ်သီးကားတွေကိုလည်း ဖမ်းနေတော့ အကုန်ဒုက္ခရောက်နေတယ်” ဟု ၎င်းကုန်သည်က ဆက်လက်ပြောကြားသည်။
ထိုင်းနယ်စပ်မှ ကုန်တင်ကားများ လာရောက်နိုင်ခြင်းမရှိသောကြောင့် မော်လမြိုင်မြို့ပေါ်တွင် ထိုင်းကုန်ပစ္စည်းများ စျေးအဆမတန် ခုန်တက်သွားကြောင်း တွေ့ရသည်။