မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာရှိ ဘိလိယက်ခုံတွင် ယနေ့ ဇူလိုင်လ (၁) ရက်နေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
သေနတ်ဖြင့်ပစ်သတ်ခံရသူမှာ ကျိုက်ထိုမြို့နယ် ကျိုက်ပိကျေးရွာ၊ အိုးဖိုအပိုင်းနေ ကိုလှဌေး ဆိုသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ကိုလှဌေးက ဖက္ကလိပ်ကျေးရွာမှာရှိတဲ့ ဘိလိယက်ခုံအဝင်ဝမှာရှိနေတဲ့အချိန်မှာ ဆိုင်ကယ်တစ်စီးနဲ့ သေနတ်သမားနှစ်ဦးရောက်လာပြီးတော့ သေနတ်နဲ့ (၆) ချက်ပစ်သွားပြီး၊ ဆိုင်ကယ်ကိုမောင်းပြေးသွားတယ်။ ကိုလှဌေးကတော့ အခင်းဖြစ်တဲ့ နေရာမှာဘဲ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ကိုလှဌေး၏ ရုပ်လောင်းအား ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကိုလှဌေး အား မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့်ပစ်သတ်ခဲ့သည်ကို မသိရသေးပေ။
ပြီးခဲ့သည့် ဇွန်လအတွင်း မွန်ပြည်နယ်၌ လုပ်ကြံပစ်ခတ်မှုများကြောင့် ရဲတပ်ကြပ်ကြီးတစ်ဦးအပါအဝင် (၇) ဦးသေဆုံးကာ (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။