ယမန်နေ့ (ဇွန်လ ၂၈ ရက်) က ကျိုက်မရောမြို့နယ် မယ်တရို၊ ကော့ဒူး၊ ကော့ပနောကျေးရွာများဘက်သို့ စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် လှည့်ပတ်ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ရာတွင် လူနှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း မယ်တရိုကျေးရွာဒေသခံတစ်ဦးက ပြောကြားသည်။
“မနေ့ (ဇွန်လ (၂၈) ရက်) နေ့လည်ပိုင်းက စစ်တပ်က ရဟတ်ယာဉ်နဲ့ လိုက်ပစ်တယ်။ ရွာတွေထဲကိုတော့ မပစ်သွားဘူး။ ရွာပတ်ပတ်လည်ကို ပစ်သွားတယ်။ အထိအခိုက် မကြားမိဘူး” ဟု ၎င်းဒေသခံက ပြောကြားသည်။
အတ္ထရံမြစ်ကို ဖြတ်ကူးသည့် စံပယ်ဂူတံတား အနောက်ဘက်ကမ်းတွင် စစ်ကောင်စီမှ နယ်မြေစိုးမိုးမှုရယူထားပြီး ဂျိုင်းမြစ်အရှေ့ဘက်ကမ်းဒေသတွင်မှု တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်လှုပ်ရှားနေကြကြောင်း၊ တံတားထိပ် တဖက်စီတွင် ဂိတ်များဖွင့်လှစ်ထား၍ ဖြတ်သန်းသွားလာသော မော်တော်ကားများထံမှ ငွေကောက်ခံလျှက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၂၆) ရက်နေ့ ည (၈) နာရီအချိန်ခန့်က စံပယ်ဂူတောရဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့အား PDF အဖွဲ့မှ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်သွားသည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ဒရုန်းဗုံးတွေ ဘုန်းကြီးကျောင်းအဆောက်အဦးပေါ်တွေကို ကျရောက်ပေါက်ကွဲခဲ့လို့ သာသနိက အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာမရှိပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ကြားသိရပါတယ်” ဟု ၎င်းဒေသခံက ပြောသည်။
သို့ရာတွင် စံပယ်ဂူတောရဘုန်းကြီးကျောင်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိသော်လည်း ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သာသနိကအဆောက်အဦးမှာ ထိခိုက်ပျက်စီးသွားကြောင်း စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချယ်နယ်များက ဆိုထားကြသည်။
ထိုသို့ တိုက်ခိုက်ခံရမှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကားများဖြင့် သယ်ထုတ်သွားကြကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း ၎င်းဒေသခံက ဆိုသော်လည်း အတည်ပြုချက်မရသေးပေ။
ပြီးခဲ့သည့် ဇွန်လ (၂၁) ရက်နေ့ ည (၉) နာရီအချိန်ခန့်ကလည်း ကျိုက်မရောမြို့နယ် တရနာကျေးရွာ၊ ကျွန်းကုန်းပိုင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့အား မွန်ပြည်သစ်ပါတီ (AD) အဖွဲ့မှ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သေးကြောင်း သတင်းရရှိသည်။