တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ကျိုက်ထိုမြို့၊ ကော့စနိုင်လူမှုကူညီရေးအဖွဲ့ဝင် (၄) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများထံမှ သိရသည်။
၎င်းတို့အား ခေါ်ယူစစ်ဆေးစဉ် အကြမ်းဖက်အဖွဲ့အစည်းများထံ စားနပ်ရိက္ခာများထောက်ပံ့ပို့ဆောင်ပေးခြင်း၊ လုံခြုံရေးအဖွဲ့မျး၏ လှုပ်ရှားမှုများအား သတင်းပေးခြင်း၊ ကျိုက်ထိုမြို့ပေါ်တွင် အကြမ်းဖက်သမားများမှ လုပ်ကြံသတ်ဖြတ်နိုင်ရန် ကူညီဆောင်ရွက်ခြင်းများပါ စစ်ဆေးပေါ်ပေါက်ထားသည်ဟု သိရကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၄င်းက “သူတို့ (၄) ဦးလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု ပြောသည်။
ကော့စနိုင်လူမှုကူညီရေးအသင်း အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြအောင် နှင့် သမီးဖြစ်သူ မချောစုရတနာ၊ ကိုချမ်းသာအောင်၊ ဦးစိုးလှိုင် နှင့် ၎င်းတို့၏ မိတ်ဆွေအမျိုးသား (၄) ဦးအား ပြီးခဲ့သည့် ဇွန်လ (၁၃) ရက်နေ့နှင့် (၁၄) ရက်နေ့များက စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် နေအိမ်များ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
၎င်းတို့နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသား (၄) ဦး၏ အခြေအနေများကိုလည်း မကြားသိရသေးကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် မေလ (၂၈) ရက်နေ့ ညပိုင်းကလည်း ကျိုက်ထိုမြို့၊ ကော့စနိုင်ရပ်ကွက်အတွင်း အရက်ထိုင်သောက်နေကြသည့် လူငယ် (၅) ဦးအား စစ်ကောင်စီတပ်မှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ လူငယ် (၁) ဦးသေဆုံးခဲ့ပြီး ကျန် (၄) ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးထားကြောင်း ကျိုက်ထိုမြို့ခံများထံမှ သိရသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ (၁၈) ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာနေ မိသားစုဝင် (၃) ဦးအား PDF အဖွဲ့အား သတင်းပေးခြင်း၊ ငွေကြေးနှင့် ရိက္ခာပစ္စည်းများ ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီး ဘီးလင်းမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။