ကရင်ပြည်နယ် ဘားအံမြို့နယ် လှာကာကျေးရွာအတွင်း ငွေကျပ် (၂.၃၄) ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ အလုံးရေ ၇ သိန်းနီးပါးခန့် စစ်ကောင်စီရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
စိတ်ကြွဆေးပြား ရောင်းဝယ်သူတစ်ဦးထံမှ ရဲတပ်ဖွဲ့၏ ကွင်းဆက်ရှာဖွေဖော်ထုတ်ချက်အရ ဇွန်လ ၂၆ ရက်နေ့က အဆိုပါ လှာကာကျေးရွာရှိ နေအိမ်တစ်အိမ်အား ဝင်ရောက်ရှာဖွေရာ အိမ်ရှင်ဖြစ်သူ နန်းဝင်းခင် အား မတွေ့ရဘဲ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားအလုံးရေ (၆၈၀,၀၀၀) ပြား (ဒေသကာလပေါက်ဈေးကျပ် (၂၀၄,၀၀၀) သိန်း) ကို ရှာဖွေ သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့သူတွေကိုတော့ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ မူးယစ်/စိတ်ပြောင်း ဥပဒေအရ အမှုဖွင့်အရေးယူထားပြီးတော့ ၊ စစ်ဆေးမှုတွေလုပ်ဆောင်နေဆဲလို့ သိရပါတယ်” ဟု ၎င်းက ကဆက်လက်ပြောကြားသည်။
မူးယစ်ဆေးဝါးသတင်းအရ ရဲတပ်ဖွဲ့ပါဝင်သော စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပြီးခဲ့သည့် ဇွန်လ (၂၆) ရက်နေ့၊ မွန်းလွဲ (၁၂) နာရီခွဲအချိန်က လှာကာကျေးရွာနေ သန်းဦး (ခ) ကျော်ပိုင် ဆိုသူ၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ၊ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၅၅) ပြား (ဒေသကာလပေါက်ဈေး ကျပ် (၁.၆၅ ) သိန်း) အား စတင်တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
သန်းဦး (ခ) ကျော်ပိုင် ၏ ကွင်းဆက်ဖေါ်ထုတ်ချက်အရ ယင်းနေ့ မွန်းလဲ (၁) နာရီခွဲ အချိန်တွင် လှာကာကျေးရွာနေ စောမြင့်အေး (ခ) ယောက်ချို ဆိုသူ၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ၊ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၁၉၄) ပြား (ဒေသကာလပေါက်ဈေးကျပ် (၉၅.၈၂) သိန်း) အားလည်းကောင်း၊ မွန်းလွဲ (၂) နာရီခွဲအချိန်ခန့်တွင် နန်းဝင်းခင် ဆိုသူ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြား သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ထို စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကွင်းဆက်များကိုလည်း ဖေါ်ထုတ်လျက်ရှိကြောင်း သိရသည်။
ပုံစာ- ညီညီ၊ စောမြင့်အေး၊ နန်းမြင့်မြင့်ခင်နှင့် သက်သေံခံပစ္စည်းများ။


