ရေးမြို့နယ်မြောက်ပိုင်း နှစ်ကရင်ကျေးရွာ၊ ဘူတာရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် (၁၀) နှစ်အောက်ကလေးငယ်နှစ်ဦးအပါအဝင် မိသားစုဝင် (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲဖြစ်ပေါ်ခြင်းမရှိဘဲ မော့ကနင်ရွာသစ်-နှစ်ကရင်အကြားရှိ ဝယ်ဖယ်ရွာ အခြေစိုက် အမတ – ၃၁၇ အမြှောက်တပ်ရင်းမှ ယမန်နေ့ ဇွန်လ (၂၇) ရက်နေ့ ည (၆) နာရီဝန်းကျင်အချိန်ခန့်က ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ၊ နှစ်ကရင်ကျေးရွာ၊ ဘူတာရပ်အတွင်းရှိ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ကြောင်း နှစ်ကရင်ရွာသား တစ်ဦးက ပြောကြားသည်။
“မနေ့(ဇွန်လ (၂၇) ရက်) ညဦးပိုင်းမှာ ဝယ်ဖယ်မှာရှိတဲ့ စစ်တပ်ကနေ လက်နက်ကြီးနဲ့ လိုက်ပစ်နေတာလို့ အဲ့ဒီက အသိတွေက လှမ်းပြောတာ။ ဘူတာရပ်ထဲကို လက်နက်ကြီးတစ်လုံးကျလာတယ်” ဟု ၎င်းက ဆက်ပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ယင်းနေအိမ်မှာ ထိခိုက်ပျက်စီးမှုများရှိခဲ့သည့်အပြင်၊ (၁၀) နှစ်အောက်ကလေးငယ်နှစ်ဦး အပါအဝင် မိသားစုဝင် (၄) ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ၎င်းတို့အား ဒေသခံအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ လမိုင်းမြို့ရှိ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ (၅) ရက်န့၊ ည (၉) နာရီအချိန်ခန့်ကလည်း မော့ကနင်ကျေးရွာအခြေစိုက် ခလရ – ၁၀၆ တပ်မှ မော့ကနင်ကျေးရွာပတ်ဝန်းကျင်အား လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကားဆိပ်ရပ်ရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ မိသားစုတင် (၅) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြေသေးကြောင်း သတင်းများက ဖော်ပြခဲ့သည်။