တနသႅာရီတိုင်း ထားဝယ်ခရိုင် ရေဖြူဒေသမှ ထွက်ပြေးလာကြသော မွန်စစ်ဘေးရှောင် မိသားစုဝင်များသည် ထိုင်းနယ်စပ် ဟလော့ဟနီရွာသို့ ယမန်နေ့က ဒုတိယအသုတ် ထပ်မံရောက်ရှိလာသည်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဟလော့ဟနီရွာသို့ ခလေး၊ လူအိုနှင့် အမျိုးသမီး အများစုပါဝင်သော အဆိုပါ မွန်တိုင်းရင်းသား စစ်ဘေးရှောင်မိသားစုများသည် ဇွန်လ ၂၆ ရက်နေ့က ပထမအသုတ် ၁၀၄ ဦး၊ ဇွန်လ ၂၇ ရက်နေ့တွင် ဒုတိယအသုတ် ၂၆ ဦး ထပ်မံရောက်ရှိလာပြီး နောက်ထပ် ၆၀ ဦးခန့်ပါဝင်သည့် မိသားစုဝင်များသည်လည်း လမ်းခရီး၌ ကျန်ရှိနေသေးကြောင်း မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးစင်တာ Mon Relief and Development Center-MRDC မှ သိရသည်။
မျောက်ချောရွာမှ အမျိုးသမီးတစ်ဦးက “တောလမ်းမှာ ချောင်းတွေကို အကြိမ်ကြိမ်ဖြတ်ကျော်၊ နယ်စပ်ရောက်တော့ တောင်ပေါ်တက်၊ လမ်းမှာ ၈ ညတိတိ ဖြစ်သလို အိပ်ခဲ့ရတယ်၊ ခလေးတွေ လူအိုတွေ မိန်းခလေးတွေအများစုနဲ့ ခုလိုမိုးရာသီမှာ တော်တော်လေး ပင်ပမ်းကြပါတယ်၊ ရွာမှာတိုက်ပွဲဖြစ်ပြီး အိမ်တွေအကုန်မီးလောင်သွားလို့ ဒီဘက်ကို အတင်းထွက်ပြေးလာကြတာပါ” ဟု ပြောသည်။
မြန်မာစစ်တပ်နှင့် မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ MSRF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ဇွန်လ ၁၉ ရက်နေ့က ရာဖူးရွာအရှေ့ဖက်ခြမ်း၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ မျောက်ချောရွာကို မြန်မာစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲခဲ့သလို မြေပြင်စစ်ကြောင်းများကလည်း လက်နက်ကြီးပစ်ခတ်၍ ရွာထဲကို အတင်းဝင်ရောက်လာကြောင်း၊ နေအိမ်အချို့ မီးရှို့ခံရကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အဆိုပါဖြစ်စဥ်အတွင်း မျောက်ချောရွာ၊ မရော့ချိုင်းရွာတို့တွင် လူနေအိမ် ၃၄ မီးလောင်ခံရသဖြင့် အလှူငွေများ ထောက်ပံ့ပေးခဲ့ကြောင်း မွန်လူမှုအသင်းအဖွဲ့အချို့က သတင်းရေးသားဖော်ပြခဲ့သည်။
Photo; MRDC