တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းအသီးသီး၏ နယ်မြေအတွင်း ထိုင်း-မြန်မာကုန်စည်များ ဖြတ်သန်းသွားလာခြင်း မရှိစေရန် စစ်ကောင်စီက ရန်ကုန်-ကော့သောင်း-ရနောင်းမြို့တို့အား ကွန်တိန်နာသင်္ဘောပြေးဆွဲ၍ စတင်ကြိုးပမ်းလာသည်ဟု ကုန်သည်အချို့က ယူဆကြသည်။
မဲဆောက်မြို့နေ မွန်ကုန်သည်တစ်ဦးက “မြဝတီ-ကော့ကရိတ်လမ်း၊ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး လမ်း၊ ထားဝယ်-ထီးခီးလမ်း ကြောင်းတွေမှာ ကရင်လက်နက်ကိုင်အဖွဲ့တွေ KNU, DKBA, PC, BGF နဲ့ PDF အဖွဲ့တွေရှိနေတယ်၊ နယ်စပ်ကုန်သွယ်ရေးကို အမှီပြုပြီး အကောက်ဂိတ်တွေဖွင့်ထားတာပေါ့၊ ဒီလမ်းကြောင်းကို အလိုလို ပိတ်သွားဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာလို့ ကျနော်တို့ကုန်သည်တွေက မြင်တယ်” ဟု ပြောသည်။
GOLDEN SHIPPING AGENCY SERVICES LIMITED မှ MV. Beypore Sultan သင်္ဘောသည် ပြောင်းဆန်များသယ်ဆောင်ပြီး ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းသို့ ယနေ့ (ဇွန် ၂၈ ရက်) တွင် ရန်ကုန်ဆိပ်ကမ်းမှ ထွက်ခွာလာကြောင်း၊ အပြန်တွင် ရနောင်းဆိပ်ကမ်းမှ သွင်းကုန်ပစ္စည်းများကို သယ်ဆောင်ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
ကော့သောင်းမြို့မှ ကုန်သည်တစ်ဦးက “ရနောင်းဆိပ်ကမ်းမှာတော့ ကွန်တိန်နာတွေ အတင်အချလုပ်ဖို့ ကရိန်းတွေ၊ လိုအပ်တဲ့ ဆားဗစ်တွေက လောလောဆယ်မှာ သိပ်အဆင်မပြေသေးဘူး၊ ထိုင်းဘက်က အခုတလော ပြင်ဆင်နေကြတာကိုတော့ တွေ့ရတယ်၊ ဒီလမ်းကြောင်းက အလုပ်ဖြစ်မလား၊ ဖြစ်မလာဘူးဆိုတာ အခုအချိန်မှာ ပြောဖို့စောသေးတယ်” ဟု ၄င်းက ဆက်ပြောသည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုလမ်းကြောင်း အသစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ ၁/၂၀၂၄ ပါ စံပြုလုပ်ငန်းစဉ်များကို လေ့လာနိုင်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးထားသည်။
လတ်တလောမိုးရာသီအတွင်း မြဝတီ-ကော့ကရိတ်လမ်း၊ ထားဝယ်-ထီးခီးလမ်းကြောင်းတို့တွင် မော်တော်ကားများသွားလာ၍မရဖြစ်နေပြီး ဘုရားသုံးဆူလမ်းကြောင်းမှ နှစ်နိုင်ငံကုန်ပစ္စည်းများ ဖြတ်ကျော်သွားလာမှုကို ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က စစ်ကောင်စီမှ တဖက်သပ်ပိတ်ခဲ့သည်။