လာမည့် ဇွန်လ ၂၉ ရက်ဆိုလျင် ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်က မွန်ပြည်သစ်ပါတီ NMSP အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်မှာ ၂၉ နှစ်တင်းတင်း ပြည့်ပါတော့မည်။
ယင်းသို့ အပစ်အခတ်ရပ်စဲနိုင်ရန် တစ်နှစ်ခွဲကာလခန့် ဆွေးနွေးပွဲများ ကျင်းပခဲ့ရပါသည်။ ထိုအချိန်မှ စတင်ရေတွက်ပါက မွန်ပြည်သစ်ပါတီအပစ်ရပ်စဲရေး အနှစ် ၃၀ ကျော်လွန်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ အပစ်ရပ်ဆွေးနွေးပွဲများမှ လေ့လာစရာ၊ သင်ခန်းစာယူစရာ အကြောင်းအရာများစွာ ကျန်ရှိနေခဲ့သည်။ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးတို့၏ အနာဂတ်ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အထောက်အကူဖြစ်စေမည်ဟု ယူဆသဖြင့် ဆောင်းပါးရေးသား၍ ကောက်နုတ်တင်ပြခြင်း ဖြစ်ပါသည်။ အပစ်ရပ်ဆွေးနွေးမှုများ အစအဆုံး အသေးစိတ်အချက်အလက်များကို စာအုပ်အဖြစ်ပြုစုထားပြီးဖြစ်ရာ နိုင်ငံရေးမိုးလေဝသ သာယာသောအချိန်အခါတွင် ပုံနှိပ်ဖြန့်ဝေသွားရန် ရည်ရွယ်ထားပါသည်။
တတိယအကြိမ်ဆွေးနွေးခြင်း
ဗိုလ်ချုပ်ထောမွန် ခေါင်းဆောင်သော မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲရေးဆွေးနွေးမည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ (၂၇) ရက်တွင် တပ်မတော်အထူးလေယာဥ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်း လေဆိပ်ရှိ ထိုင်းလေတပ်စခန်းမှတဆင့် မော်လမြိုင်လေဆိပ်သို့ ရောက်ရှိလာသည်။
မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဧည့်ဂေတဟာတွင် တည်းခိုကြသည်။
မျက်နှာစုံညီအစည်းအဝေး(အဖွင့်)
နေရာ။ ။ ရတခ အစည်းအဝေးခန်းမဆောင်
နေ့စွဲ ။ ။ ၂၈- ၆ – ၁၉၉၄
အချိန်။ ။နံနက် ၈ နာရီ ၃၀ မိနစ်
နဝတကိုယ်စားလှယ်အဖွဲ့
၁။ ဗိုလ်ချုပ် ကက်စိန်- တိုင်းမှူး
၂ ။ ဗိုလ်မှူးချုပ် အောင်သိန်း ဒုတိယတိုင်းမှူး
၃။ ဗိုလ်မှူးချုပ် ကျော်ဝင်း (ဒုတိယညွှန်ကြားရေးမှူး-ကကလှမ်း)
၄။ ဗိုလ်မှူးကြီး သိမ်းဆွေ (စစ်သံမှူး-ထိုင်းနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ရုံး)
၅ ။ ဗျူဟာမှူး
၆ ။ ဒုတိယဗိုလ်မှူးကြီး စိုးဌေး၊ စစ်ဆင်ရေးနှင့် ထောက်လှမ်းရေးဌာန
၇ ။ ဗိုလ်မှူးမောင်နီ စစ်ဆင်ရေးနှင့် ထောက်လှမ်းရေးဌာန
၈။ ဗိုလ်မှူး စန်းပွင့် (ကကလှမ်း)
၉ ။ ဗိုလ်မှူးမျိုးမြင့် တပ်မှူး၊ အမှတ်(၅) ထောက်လှမ်းရေးတပ်ဖွဲ့
မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့
၁။ ဗိုလ်ချုပ်ထောမွန် – စစ်ဦးစီးချုပ် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA
၂။ နိုင်တင်အောင် – ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
၃။ ဒုတိယဗိုလ်မှူးကြီး ကောင်းရွတ် ဗဟိုကော်မတီဝင်
၄။ နိုင်အောင်မင်း ဗဟိုကော်မတီဝင်
၅။ နိုင်လဝီမွန် ဗဟိုကော်မတီဝင်
မှတ်တမ်းအဖွဲ့
၆။ ဗိုလ်ကြီး ဗညားချမ်းနွန် (ရုံးအဖွဲ့)
၇။ ဗိုလ်ကြီး အောင်မငေး (ရုံးအဖွဲ့)
၈။ နိုင်ဝင်းတင့် (မှတ်တမ်း)
၉။ နိုင်တလမွန် (မှတ်တမ်း)
၁၀။ နိုင်အေးထွန်း (ဆေးမှူး)
၁၁။ ဗညားအောင် (ဓါတ်ပုံ/ရုပ်သံမှတ်တမ်း)
၁၂။ ဗိုလ်ဟံသာဇွဲ (ကြေးနန်း)
ဆွေးနွေးချက်များ
ဗိုလ်ချုပ်ကက်စိန်
-နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့ရဲ့ကိုယ်စား ကျနော်အဖွဲ့ခေါင်းဆောင်အနေနဲ့ ဒီကနေ့ ဆွေးနွေး သွားမှာဖြစ်ပါတယ်၊ အဲဒီတော့ တဖက်က မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့ နဲ့လည်း ကျနော် တို့ ငြိမ်းချမ်းရေးတည်ဆောက်ရေးနဲ့ပတ်သက်လို့ တတိယအကြိမ် ခုလို တွေ့ရတဲ့အတွက် ကောင်းမြတ်တဲ့နေ့ချိန်ခါ သမိုင်းမှတ်တမ်းတွင်မယ့် အချိန်အခါတစ်ခုလို့ ကျနော့အနေနဲ့ ပြောချင် ပါတယ်။
ကျနော်တို့ဆွေးနွေးလာတာ ပထမအကြိမ်မှာ မတွေ့ဖူး မမြင်ဖူးတဲ့လူတွေ သို့သော်လည်း ကြား ဖူးယုံပဲရှိတယ် တွေ့ပြီးကတည်းက ရင်းနှီးလာကြတယ်၊ နောက် ဒုတိယအကြိမ်တွေ့ ခဲ့ကြပြီးပြီ ပိုပြီးသိလာရင်းနှီးလာကြတယ်၊ ခုတတိယအကြိမ်မှာကျတော ပိုမိုပြီးတော့ တစ် ယောက်နဲ့တစ် ယောက် ရင်းရင်းနှီးနှီးတွေ့ဆုံပြီးတော့ နားလည်မှုရှိခဲ့ကြတယ်၊ အလွန်ဝမ်းသာ စရာကောင်းတဲ့ အခြေအနေဖြစ်တာနဲ့အညီ ခုနကျနော်ပြောတဲ့ သမိုင်းမှာ မှတ်တမ်းတင်ရမယ့် နေ့တစ်နေ့ဖြစ် တယ် ဆိုတာကတော့ ကျနော်တို့ရဲ့လုပ်ဆောင်ချက် တွေအပေါ် မူတည်ပြီးတော့ နောင်အနာ ဂတ်ရဲ့အသီးအပွင့်တွေဟာ သားစဥ်မြေးဆက် အထိ ကျနော်တို့ခံစားကြရမှာ ဖြစ်ပါတယ်၊ ခံစားကြရမယ်ဆိုတဲ့အပိုင်းမှာ ကောင်းမွေကို ခံစားကြရဖို့ ကောင်းသောအကြံဥာဏ်တွေနဲ့ ကောင်းသောဆွေးနွေးချက်တွေကို ဦးတည် ပြီး သွားကြမယ်ဆိုတဲ့ ခံယူချက်နဲ့ ကျနော်တို့သွား ကြမှာဖြစ်ပါတယ်၊ အဲလိုလုပ်သွားကြ တဲ့အခါမှာ နှစ်ဖက်အဖွဲ့အနေနဲ့ ရင်းရင်းနှီးနှီး တိုင်တိုင် ပင်ပင်နဲ့ တစ်ဦးရဲ့ပြဿနာ အခက် အခဲကို စစ်မှန်တဲ့စေတနာအမှန်နဲ့ ကျနော်တို့ဆွေးနွေးသွား ကြဖို့ဆိုတဲ့အပိုင်း ကျနော့ အနေနဲ့ပြောချင်ပါတယ်။
ကျနော်တို့ရပ်တည်ချက်အနေနဲ့ ဒုတိယအစည်းအဝေးမှာ ကျနော်တို့က ခိုင်ခိုင်မာမာပြော ခဲ့ပြီး ဖြစ်ပါတယ်၊ အဲဒီခိုင်ခိုင်မာမာကိုပြောရမယ်ဆိုရင် ကျနော်တို့ရဲ့စေတနာအမှန် နဝတ အစိုးရရဲ့ စေတနာအမှန်ကို ယုံကြည်ပါ၊ အဲဒီစေတနာကို ကျနော်တို့နဲ့ပေါင်းကြည့်ပါ လက်တွဲလုပ်ကြည့်ပါ အဲဒီတော့ ကျနော်တို့ရဲ့စေတနာအမှန်ဟာ ဘယ်လောက်ထိ ရှိတယ်ဆိုတာ တွဲလုပ်ကြည့်ရင် အဖြေပေါ်လာမှာဖြစ်တယ်၊ ကျနော်တို့စေတနာအမှန် ဟာ မရိုးသားဘူးထင်လို့ရှိရင် တဖက်အဖွဲ့ အစည်းအနေနဲ့ ကိုယ့်ရဲ့စိတ်တိုင်းကျ ကြိုက်သလိုဆောင်ရွက်နိုင်တယ် ဆိုတဲ့အခြေအနေထိ ကျနော်တို့ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။
အဲဒီတော့ ခုချိန်မှာဆိုရင်လည်း ကျနော်တို့တခြားအဖွဲ့အစည်းနဲ့လုပ်ကိုင်လာတာဆိုရင် အခုထိ ၁၁ ဖွဲ့ဖြစ်ပြီပေါ့၊ နောက်ဆုံး အရင်တခေါက်ကဆို KIO နဲ့ ခုတစ်ခေါက် KNPP အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေးရယူခဲ့တဲ့ အစဥ်အလာတွေ ကျနော်တို့လုပ်ခဲ့ တည်ဆောက်ခဲ့ပြီးဖြစ်ပါတယ်၊ သို့သော် ကျနော်တို့က ၁၁ ဖွဲ့ဖြစ်တဲ့အခါမှာ မွန်ပြည်သစ် ပါတီနဲ့ ကျနော်တို့ငြိမ်းချမ်းရေး ယူလို့ရှိ ရင် ၁၂ ဖွဲ့မြောက် ဖြစ်ပါစေလို့ ကျနော့အနေနဲ့ ဆုတောင်းပါတယ်၊ ကျနော်တို့ကြားမှာ ၁၂ နေရာ ကို တခြားအဖွဲ့တွေယူသွားမယ့်အစား ကျနော်တို့ မွန်ပြည်သစ်ပါတီက ၁၂ နေရာကိုယူနိုင်အောင် ပွင့်ပွင့်လင်းလင်းဆွေးနွေးကြဖို့ ပြောချင်ပါတယ်၊ ဒီလုပ်နည်းကိုင်နည်းနဲ့ပတ်သက်လို့ ဒုတိယ အစည်းအဝေးမှာ ကျနော်တို့ ဘက်ကလည်း နေရာသတ်မှတ်မှုတို့ ဆောင်ရွက်မှု ဆိုတဲ့အပိုင်း လေးတွေမှာ ကျနော်တို့ တင်ပြခဲ့ပြီးဖြစ်ပါတယ်၊ တင်ပြတဲ့မူဝါဒလေးတွေအပေါ် အခြေခံပြီးတော့ တဖက်အဖွဲ့ အစည်းအနေနဲ့လည်း ဒီဟာလေးတွေဟာ ကျနော်တို့ရဲ့အခက်အခဲ လုပ်နည်းကိုင် နည်း ပြဿနာတွေ မူအပေါ်မှာရပ်တည်ပြီးတော့ ချပြထားတဲ့ ကျနော်တို့ရဲ့ နဝတချထားတဲ့မူ အပေါ်မှာ ရပ်တည်ပြီးတော့ ကျနော့ရဲ့တိုင်းအနေနဲ့ ကျနော်တိုင်းမှူးတစ်ယောက်အနေနဲ့ ကျနော်တို့လုပ်နည်းကိုင်နည်း နည်းစနစ်လေးတွေ အလုပ်ဖြစ်အောင် ပြောင်းလွယ်ပြင် လွယ် ဖြစ်အောင် တချို့ဟာလေးတွေကို ကျနော့ရဲ့လုပ်ပိုင်ခွင့်အတွင်းက လုပ်ကိုင်သွား နိုင်တဲ့အနေ အထားလေးတွေဖြစ်အောင် ဒါလေးကို ကျနော်လုပ်ပေးပါ့မယ်၊ ခုနပြောသလို ဒီနေ့မှာတွေ့ရတဲ့ အတွက်ကြောင့် အများကြီး ဝမ်းလည်းသာတယ် ကောင်းသောလာခြင်း နဲ့ သမိုင်းမှတ်တမ်းတင် ရမယ့်အချိန်အခါဖြစ်ပါတယ်ဆိုတဲ့အကြောင်း နှုတ်ခွန်းဆက် စကားပြောကြားရင်း နိဂုံးချုပ်လိုက် ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဗိုလ်ချုပ်ထောမွန်
“နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တတိယအကြိမ်ဆွေးနွေးပွဲမှာ ကိုယ်စား လှယ်တွေကို စုံစုံညီညီ ခုလိုတွေ့ရတဲ့အတွက် အများကြီးဝမ်းသာတယ် ကျေးဇူး လည်းတင်ပါ တယ်လို့ ပြောကြားလိုပါတယ်၊ ဒီနေ့ဒီနေရာမှာ ကျနော်တို့ရဲ့နိုင်ငံ ပကတိ အခြေအနေအရ တကယ့်အရေးကြီးလိုအပ်နေတဲ့ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေး အဲဒါနဲ့ တဆက်တည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့တကွ ကျနော်တို့ပြည်ထောင်စုကြီး အတွက် ++++++ ကြိုးစားမျှော်မှန်းလာခဲ့တာ ကျနော်တို့ဆွေးနွေးလာတာ အခု တတိယအကြိမ်မြောက် ရောက်လာပါပြီ။
ဒီတတိယအကြိမ်မြောက်ဆွေးနွေးပွဲမှာ ကျနော့အနေနဲ့ပေါ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ ပြောကြား လိုတာက ပြီးခဲ့တဲ့ဆွေးနွေးပွဲမှာ တိုင်းမှူးကြီးက တစ်လအတွင်းပြန်လည် ဆွေးနွေးဖို့ တင်ပြ ပြောကြားခဲ့ပါတယ်၊ ဒါပေမယ့်အခု ကျနော်တို့ပြန်ကြည့်တာက အချိန် ၃ လ နီးပါးဖြစ်သွား တာကိုး၊ အဲဒီအပေါ်မှာ ကျနော်ပထမဦးဆုံးရှင်းလိုတာက အဲဒီကြန့်ကြာမှုကို တဖက်ကိုယ်စား လှယ် အနေ နဲ့ နားလည်မှုရှိဖို့ကို ကျနော်တင်ပြရှင်းလင်းချင်တာက ဘာဖြစ်လို့ ဒီလောက်အချိန် ကြာသလဲ ဆိုရင် တစ်ချက်က ကျနော်တို့ဆွေးနွေးတဲ့ ဒုတိယ အကြိမ်အစည်းအဝေးမှာပေါ့ အဲဒီမှာ နှစ်ဖက် အမြင်ချင်း ညှိတဲ့အခါကျတော့ တပ်နေရာ ချထားရေးမှာ အမြင်နည်းနည်းကွာ ခြားမှုရှိနေတယ် အဲဒီအမြင်ကွာခြားခြင်းရှိနေတဲ့အပေါ် (ဥပမာ ဂွင်နေရာ ၅ ခုနဲ့ ၃ ခု) အခြေခံ နေပါတယ် နောက်တစ်နေရာထဲမှာ တပ်ရင်းတပ်ခွဲ တွေစုပြီးတော့ နေဖို့ဆိုတာ ၅ မိုင်ပတ်လည် Pinpoint တစ်ခုထဲမှာစုဖွဲ့ဖို့ဆိုတဲ့အမြင်ကို အဲဒီပေါ်မှာ ကျနော်တို့အမြင်နဲ့ ဖြစ်သင့်ဖြစ်ထိုက် ဖြစ်နိုင် တာထက် ကျနော်တို့အနေနဲ့ နည်းနည်းကွာလှမ်းနေတာတွေ့ရလို့ အဲဒီအပေါ်မှာ ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့ အနေ နဲ့ ကိုယ့်ဆိုင်ရာအဖွဲ့အစည်း သက်ဆိုင်ရာ အထက် အဖွဲ့အစည်းကို တင်ပြနေရတယ်၊ ဟိုမှာလည်း ကျနော်တို့ ဗဟိုကော်မတီကို အကျေအလည် အလေးအနက် စဥ်းစားအချိန် ယူနေရလို့ ဒါလည်းကြန့်ကြာနေရတာ တစ်ကြောင်းပေါ့လေ။ နောက်တစ်ချက်က ကျနော် တို့ရဲ့လုပ်ငန်းအနေအထားအရရော ပထဝီအနေအထားအရရော ကျနော်တို့ရဲ့အခြေခံ လှုပ်ရှားသွားလာရေး အခက်အခဲကြောင့်တစ်ကြောင်း အဲဒါကြောင့် နည်းနည်းအချိန်က ပိုပြီးတော့ကြန့်ကြာသွားတာဖြစ်တယ် အဲဒီအပေါ် နားလည်မှုရှိစွာနဲ့ အမြင်ရှင်းဖို့ပေါ့လေ ဒါကို ပထမဦးဆုံး ရှင်းလင်း တင်ပြချင်ပါတယ်။
နောက်တစ်ချက် ခုနက တိုင်းမှူးပြောသလိုပေါ့လေ ကျနော်တို့တတိယအကြိမ်လာတာကို ကျနော်တို့နိုင်ငံရဲ့ လက်ငင်းအခြေအနေလိုအပ်ချက်အရ တကယ့်ငြိမ်းချမ်းရေး ထာဝရ တည်တံ့ တဲ့ငြိမ်းချမ်းရေးရရှိဖို့ ကျနော်တို့အဲဒီလိုရည်မှန်းချက်ကြီးမားစွာနဲ့ အခက်အခဲ မည်သို့ပင်ရှိစေ အမြင်တွေဘယ်လိုပဲမတူတာရှိစေ ကျနော်တို့က ကြိုးစားပြီးတော့ ဆက်ပြီးတော့ ညှိဖို့လိုမယ် ဆက်ပြီးတော့ ဆွေးနွေးဖို့လိုမယ် အဲဒီအမြင်နဲ့ ကျနော်တို့က အဲဒီသဘောထားတွေကို အခိုင် အမာကိုင်စွဲပြီးတော့ ရေရှည်မှာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပြည်ထောင်စုကြီး အေးချမ်း သာယာပြီးတော့ ခိုင်မာဖွံ့ဖြိုးတိုးတက်ရေး အဲဒီအရေးတွေအတွက် ကျနော်တို့ဦးထိပ် ထားပြီး တော့ ဘယ်လိုပဲအခက်အခဲရှိပါစေ အမြင်ချင်းမတူညီသည့်တိုင် အချိန်ယူပြီးတော့ ဆွေးနွေးဖို့ လိုမယ်၊ အဲဒီလိုအမြင်တွေနဲ့ အခုတတိယအကြိမ်ပေါ့ ကျနော်တို့အရှေ့တိုင်းအယူအဆ အရဖြစ် စေ ဗုဒ္ဓအယူအဆ အရဖြစ်စေပေါ့ ပထမ ဒုတိယ တတိယ အဲဒီလိုပေါ့ ၃ ကြိမ်ကြိုးစားပြီးတော့ လုပ်မယ် ဆိုရင် လုပ်ငန်းထိရောက်အောင်မြင်နိုင်မယ်၊ အဲဒီအမြင်နဲ့ပေါ့လေ ကျနော်တို့ထပ် ပြီးတော့ တဖက်ကိုယ်စားလှယ်တွေနဲ့ အကျေအလည်ထပ်ပြီးဆွေးနွေးဖို့ ဆိုပြီးတော့ တတိယ အကြိမ် လာရောက်ဆွေးနွေးတာ ဖြစ်ပါတယ်။
ကျနော်ထပ်ပြီးပြောလိုတာက အဲလိုအမြင်တွေနဲ့ တကယ့်ငြိမ့်ချမ်းရေး တကယ့်ထာဝရ တည်တံ့ တဲ့ငြိမ်းချမ်းရေး သံဓိဌာန်ခိုင်ခိုင်မာမာနဲ့ပေါ့ တကယ့်မျှော်လင့်ချက်တကြီးနဲ့ ကျနော်တို့လာပြီး တော့ ဆွေးနွေးတာဖြစ်ပါတယ်၊ အဲဒီတော့ ဆွေးနွေးတဲ့နေရာမှာ ဒုတိယအကြိမ်အစည်းအဝေးမှာ တိုင်းမှူးလည်း တင်ပြအကြံပြုတာရှိတယ် ဖြစ်သင့် ဖြစ်ထိုက် ဖြစ်နိုင်တာကို ကျနော်တို့စဥ်းစားဖို့ ဆွေးနွေးဖို့ဆိုပြီးတော့ တင်ပြတာရှိတယ် ကျနော်တို့အမြင်အနေနဲ့လည်း အဲဒီလို ဖြစ်သင့်ဖြစ် ထိုက် ဖြစ်နိုင်တာကိုအချိန်ယူပြီး စဥ်းစားတယ် ဆွေးနွေးတယ် ဒါပေမယ့် အဲဒီ ဖြစ်သင့်ဖြစ်ထိုက် ဖြစ်နိုင်တဲ့နေရာမှာ ကျနော်တို့အမြင်က တကယ်ဖြစ်ရှိနေတဲ့အနေအထားကို ယထာဘူတကျကျ ဆန္ဒစွဲ ကင်းကင်းနဲ့ ရှုမြင်နိုင်ပါမှ ပကတိအခြေအနေနဲ့ကိုက်ညီမယ့် ဖြစ်သင့်ဖြစ်ထိုက်ဖြစ်နိုင်တာ ကို ရပါလိမ့်မယ် အဲဒီအမြင်ပေါ်ကို ကျနော်တို့ရဲ့ ပကတိအခြေအနေ ကျနော်တို့ရဲ့ ရပ်တည် ချက် အပေါ် စဥ်းစားပြီးတော့ ခုနပြောသလို ဖြစ်သင့်ဖြစ်ထိုက် ဖြစ်နိုင်တာကို စဥ်းစားပြီးတော့ ဆွေး နွေးဖို့ အဲဒီရပ်တည်ချက်အပေါ် ကျနော်တို့ပါတီ တာဝန်ပေး ချက်အရ ဒီမှာလာပြီးတော့ တင်ပြ တာဖြစ်တယ်။
အဲဒီတော့ ကျနော်တို့တင်ပြချက်ဟာ ကျနော်တို့ရဲ့ ပကတိအခြေအနေနဲ့ နောက်ပြီးတော့ ကျနော်တို့ရဲ့ အဖွဲ့အစည်းရဲ့အမြင်အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်ဖြစ်နိုင်တာကို ကျနော်တို့ ပွင့်ပွင့် လင်းလင်း ရင်းရင်းနှီးနှီး တင်ပြမှာဖြစ်တယ်၊ အဲဒီအပေါ်မှာ တဖက်ကိုယ်စားလှယ်အနေနဲ့ ကျနော်တို့တင်ပြချက်ကို စေတနာအမှန်ရှေ့ထားပြီး သုံးသပ်ပေးဖို့ ရိုးသားစွာ ပန်ကြားလို ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ရဲ့ ပထမအကြိမ်နဲ့ ဒုတိယ အကြိမ်မှာတင်ပြ သလိုပဲ ရိုးသားပွင့်လင်းစွာပဲ တင်ပြတာပဲ ဥပမာ ပထမအကြိမ်မှာလည်း ကျနော်တို့မှာ အရှိ အတိုင်း ၁၄ ချက်ကိုပဲ တင်ပြခဲ့ပါတယ်၊ ဒုတိယအကြိမ်မှာလည်း အဲဒီ လိုပဲ တပ်နေရာချထားရေး ဆိုပြီးတော့ ပွင့်ပွင့်လင်းလင်းပဲ၊ အဲဒီတော့ ကျနော်တို့တင်ပြ ချက်ဟာ ခုနပြောသလို ကျနော်တို့ အမြင်အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်ဖြစ်နိုင်တာကို ဦးတည် ပြီးတော့ အခြေခံပြီးတော့ တကယ့် ပကတိ အခြေအနေအပေါ် အဲဒီလို တင်ပြတာဖြစ်တော့ ကျနော်တို့ရဲ့တင်ပြချက်ကို အလေး အနက်ထားပြီးတော့ စဥ်းစားပေးဖို့ တဖက်က လည်း ကျနော်တို့အပေါ်မှာအမြင်မမှားဖို့ပေါ့လေ၊ သဘောက ကျနော်တို့က မဖြစ်သင့်တာ ကို တင်ပြီးတော့ အချိန်ဆွဲတာမျိုး၊ မဖြစ်နိုင်တာကို ပြောပြီးတော့ အမြတ်ထုတ် တာမျိုး အဲဒီသဘော အဲဒီဆန္ဒနဲ့ ကျနော်တို့ဆွေးနွေးဖို့ ဆန္ဒမရှိပါဘူး၊ အဲဒီအမြင်တွေလည်း ကျနော်တို့မခံယူထားပါဘူး ခုနပြောသလို တကယ်ဖြစ်နိုင်မယ့် အခြေအ နေက အခြေခံ ပြီးတော့ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်၊ အဲဒီကတဆင့်တက်ပြီးတော့ နိုင်ငံ ရေး အရအဖြေရှာပြီးတော့ ကျနော်တို့နိုင်ငံ ထာဝရငြိမ်းချမ်းပြီးတော့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ အဲဒီ ဦးတည်ချက်တွေကို မျက်ခြေမပြတ်ဖို့ အဲဒီဦးတည်ချက်ကို စေတနာအမှန်နဲ့ ကျနော် တို့အဖွဲ့ ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။
အဲဒီတော့ ကျနော်တို့အမြင် တင်ပြချက်အပေါ်မှာ စေတနာအမှန်ရှေ့ထားပြီးတော့ စဥ်းစား သုံး သပ်ပေးပါ၊ ကျနော်တို့အနေနဲ့ ကျနော်တို့ပါတီအဖွဲ့အစည်းရဲ့ ပကတိအခြေ အနေလိုလားချက် တွေ ကျနော်တို့အဖွဲ့အစည်းက အမျိုးသားတရပ်ရဲ့ အဖွဲ့အစည်းဖြစ် နေတာ့ လူထု၊ ရပ်ဝေး ရပ်နီးက ကျနော်တို့အမျိုးသားအမြင်တွေကိုအခြေခံပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်ဖြစ်နိုင်တာကို တဆင့်ပြီးတဆင့်ပေါ့လေ တစ်ခါထဲ တစ်ချက်ထဲ အပြီးဖြေရှင်းလို့မှမရတာ၊ ခုနပြောသလို ပထမ အဆင့်အနေနဲ့ အပစ်အခတ်ရပ်စဲရေး တကယ်စစ်မှန်တဲ့အပစ်အခတ်ရပ်စဲရေး ပထမအဆင့်ပေါ့ တက်လှမ်းနိုင်ဖို့၊ နောက်တဆင့် မှာ နိုင်ငံရေးအရ အဖြေရှာပြီးတော့ လုပ်ငန်းတွေအကောင် အထည်ဖော်နိုင်ဖို့ အဲဒီအမြင် အပေါ်မှာ ကျနော်တို့ ရပ်တည်ပြီးတင်ပြသွားမယ် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းနဲ့ တင်ပြသွားမယ်၊ အဲဒီတော့ ကျနော်တို့ရဲ့ တင်ပြချက်စေတနာအမှန်ကို နားလည်ပေး ပြီးတော့ ဝေဖန် စဥ်းစား သုံးသပ်ပေးပါလို့ တဖက်ကနေ ပန်ကြားပါတယ်။
နောက်ဆုံးအနေနဲ့ပြောချင်တာက တိုင်းမှူးမျှော်မှန်းသလို ဒီကျနော်တို့ တတိယအကြိမ် အစည်း အဝေးပွဲကနေ အပစ်အခတ်ရပ်စဲရေးပထမအဆင့်ကို အောင်မြင်ထိရောက်စွာ တက်လှမ်းနိုင်ပါ စေလို့ ကျနော့အနေနဲ့ ဆန္ဒပြုရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ဗိုလ်မှူးချုပ် ကျော်ဝင်း
“ဦးနိုင်ထောမွန်တို့ကို ကျနော့အနေနဲ့ တင်ပြလိုတာက ဗိုလ်ချုပ်(ဗိုလ်ချုပ်ခင်ညွန့်) မှာလိုက်တာ ကတော့ ဥပမာပြီးခဲ့တဲ့ ဒုတိယအကြိမ်တုန်းက နယ်မြေတွေနဲ့ပတ်သက် ပြီးတော့ ဆွေးနွေးတာ တွေဟာ မပြီးမပြတ်သေးပါဘူး၊ နယ်မြေအပိုင်းနဲ့ပတ်သက်လို့ ဒီဟာကိုအဓိကထား ရှေ့တန်း တင်ပြီးတော့ မဆွေးနွေးစေချင်ဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ ဒီနယ်မြေကျနော်တို့သတ်မှတ် တယ် ဆိုတာကလည်း တပ်တွေအခြေခံရမယ့် နယ်မြေအဖြစ်သာ ကျနော်တို့သတ်မှတ်တာ ဖြစ်တယ်၊ တိုးတက်ဖွံ့ဖြိုးရေး ပြည်နယ်အ နေနဲ့ ဖွံ့ဖြိုးရေးလုပ်တဲ့ဆီမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့သွားနိုင်တယ် လာနိုင် တယ် ဖွံ့ဖြိုးရေးလုပ်နိုင်တယ် နယ်မြေအတွင်းမှာ ဘယ်လိုမှ ကန့်သတ်ချက်တွေမရှိဘူး။
သို့သော် လက်နက်ကိုင်တပ်ဖွဲ့တွေ အခြေပြုတဲ့နေရာမှာတော့ ကျနော်တို့ သိုသိုသိပ်သိပ် စုစု စည်းစည်းနဲ့ ဒီနေရာမှာထားဖို့လိုတယ်ဆိုတဲ့ဆန္ဒမျိုးကို ဆိုလိုတာပါ၊ ကျနော်တို့ဖက်က လူကြီး တွေရဲ့ဆန္ဒက အဲဒီလိုပဲ၊ ဒါကြောင့်မို့ ၃ နေရာကိုပဲ ကျနော်တို့သတ်မှတ်ပါတယ်၊ တကယ် တော့ ဒီ ၃ နေရာမှာ ပေးခွင့်ပြုပြီးရင် ဒီအတွင်းမှာဘယ်နေရာဖြစ်ဖြစ် တိုးတက် ဖွံ့ဖြိုးရေးလုပ် နိုင် တယ်ဆိုတဲ့ဟာလေးကို စဥ်းစားကြဖို့လိုမယ်၊ နောက်တစ်ခုက လက်နက်ကိုင်တဲ့လမ်းစဥ် အနေနဲ့ ဟာ တချိန်ချိန်မှာနိုင်ငံရေးပါတီဖွဲ့ပြီး ညီလာခံ(အမျိုး သားညီလာခံ) တက်ပြီး ဆွေးနွေးပြီ ဆိုရင် လက်နက်ကိုင်နေတဲ့ဟာ အပြီးအပိုင်စွန့်ပြီး တော့ ဒီဟာကိုအခြေခံပြီး အမျိုးသားညီလာခံ မှာ လည်းပဲ ဒီအဖွဲ့အစည်းတွေဟာ အားလုံး လက်နက်တွေဖျက်သိမ်းမယ်၊ လက်နက်ကိုင်လမ်းစဥ် တွေကို စွန့်လွှတ်လိုက်မယ်၊ ပြီးရင် နယ်စပ်ကာကွယ်ရေး နယ်မြေကာကွယ်ရေးအတွက် ဘယ်လို ပြန်ဖွဲ့စည်းပြီးထားမလဲ ဆိုတာ ကျနော်တို့ထည့်သွင်းစဥ်းစားရမှာဖြစ်တဲ့အတွက် တချိန်ချိန်မှာ လည်း ဒီလက်နက် ဘယ်အချိန်မှာကိုင်ဆောင်ချင်တယ် ဘယ်နေရာမှာတော့ ဘယ်လက်နက် ကိုင်အဖွဲ့အ စည်း ထားမယ်ဆိုတဲ့ဟာလည်း အဓိကဒီမှာအထစ်အငေါ့ဖြစ်စေနိုင်တဲ့ Issue တစ်ခု မဟုတ်တဲ့ဟာလေး သဘောပေါက်ကြဖို့ဆိုပြီးတော့ မှာလိုက်ပါတယ်။ အဲဒီတော့ နှစ်ဖက် မဆွေး နွေးခင်မှာ ကျနော်တင်ပြပါတယ်။
အတိုချုပ်ပြန်တင်ပြရင်တော့ နယ်မြေကိုလည်း သိပ်ပြီးတော့ အထစ်အငေါ့အနေနဲ့ မဆွေးနွေး စေချင်ဘူး၊ နယ်မြေဆိုတာကလည်း မိမိတပ်တွေ Position ရှိထားရမယ့် ၃ နေရာ အနေနဲ့ သတ် မှတ်မယ် သို့သော် ဒီနေမြေအတွင်းမှာ ကြိုက်တဲ့နယ်မြေမှာ ဖွံ့ဖြိုးရေး လုပ်နိုင်တယ် နောက် နေရာ တစ်နေရာနဲ့တစ်နေရာ Contact Point တွေမှာ ပြောဆိုရင်း သွားနိုင်တယ် ဒါဟာလည်း ကျော်လွှားဖို့ သိပ်ပြီးတော့ အခက်အခဲဖြစ်နေရမယ့်ဟာ မဟုတ်ဘူး၊ နောက်တစ်ခုက လက်နက် ကိုင်လမ်းစဥ်ဆိုတာကလည်း တချိန်ချိန်မှာ နိုင်ငံ ရေးပါတီအနေနဲ့ နိုင်ငံအတွက်ဝိုင်း လုပ်ကိုင် တယ် ဒီဟာတွေအတွက် ကျနော်တို့စဥ်းစား ကြရမယ် အမျိုးသားညီလာခံမှာလည်း ထည့်စဥ်း စားမယ် ဒီလက်နက်ကိုင်အဖွဲ့အစည်း တွေ ဒီလက်နက်တွေရှိနေတဲ့ဟာကို ဘယ်လိုမူနဲ့ ကျနော် တို့ ဆက်လက် သုံးစွဲကြမလဲဆို တာကို စဥ်းစားကြမှာဖြစ်တဲ့အတွက် ကျနော်တို့ဒီတွေ့ဆုံပွဲမှာ ဖြတ်ကျော်လို့မရတဲ့ အခက်အခဲမျိုးမဖြစ်စေချင်ဘူး ဆိုပြီးတော့ မှာလိုက်တာရှိပါတယ်။ အဲဒါပါပဲ။
နိုင်တင်အောင်
++++++ ကျနော်တို့ ဒီတတိယအကြိမ်တင်ပြချက်တွေဟာ ဆန္ဒပိုင်းထက် ဘဝပိုင်းလို လားချက် အရ တင်ပြခြင်းဖြစ်တယ် အဲလိုတင်ပြတဲ့အခါမှာလည်း ကျနော်တို့က ပထမ အကြိမ်အစည်း အဝေးအပေါ်မှာ အခြေခံပြီးတော့ တိုင်းမှူးကြီးရဲ့ ဦးဆောင်မှုအရဆွေးနွေး သွားပါတယ် ကျနော် တို့သဘောတူညီချက် လုပ်ပေးနိုင်တဲ့ အနေအထားရှိတဲ့အခြေခံ ကနေပြီးတော့ ဒုတိယအကြိမ်မှာ ကျနော်တို့ပြန်တင်ပြပါတယ်၊ ဒါပေမယ့် ဒုတိယအကြိမ် ကျတော့ ၅ နေရာနဲ့ ၃ နေရာဆိုပြီးတော့ ကွာဟချက်တွေရှိလာပြန်တယ်၊ အဲဒီကွာဟချက် ကို ကျနော်တို့ပြန်ညှိတယ် ကျနော်တို့ အကျေ အလည်ညှိပါတယ် ညှိတော့ နဝတကိုယ် စားလှယ်အဖွဲ့ရဲ့ “ပိုနေမြဲ ကျားနေမြဲ” အခြေခံမူပေါ်မှာ ကျနော်တို့တင်ပြတဲ့ ၅ နေရာက လက်တွေ့ကျတယ်လို့ ပြောချင်ပါတယ်၊ ဘာကြောင့်လဲဆိုရင် မြိတ်ခရိုင်မှာ ကျနော်တို့ တပ်ဖွဲ့ရှိတယ် လက်တွေ့အရလည်း လှုပ်ရှားနေတယ်၊ နောက်ဒီအပေါ် ပိုင်းမှာလည်း တပ်တွေရှိတယ် ဆိုတော့ ၃ နေရာဆိုရင် မြိတ်ခရိုင်မှာရှိတဲ့ကျနော်တို့တပ်တွေ အားလုံး ပြတ်ကျန်နေမှာဖြစ်တယ်၊ အဲဒါကိုလည်း နဝတကိုယ်စားလှယ်အဖွဲ့ စဥ်းစားစေချင် ပါတယ်။
ကျနော်တို့တင်ပြတဲ့နေရာမှာ တတိယအကြိမ် ဆွေးနွေးနိုင်ဖို့အတွက် ဒုတိယအကြိမ် သင်ခန်း စာနဲ့ ဆိုလိုတာက ကျနော်တို့က နယ်မြေစိုးမိုးလိုရေးအတွက် နယ်မြေကိုတွေကို တိုးချဲ့ယူထား တဲ့အနေအထားမျိုး တဖက်ကိုယ်စား လှယ်တွေက မြင်ကောင်းမြင်နိုင်တယ် ဒုတိယအကြိမ်ကို ကျနော်တို့ပြန်စဥ်းစားတာ၊ အဲလိုမြင်မယ်ဆိုရင် ကျနော်တို့ပြန်တွေ့မယ် တကယ်ရှိနေတဲ့ ကျနော်တို့တပ် ၅ နေရာကိုတော့ အသိအမှတ်ပြုပေးဖို့ လိုမယ်၊ ဒါ “ပိုနေမြဲ ကျားနေမြဲ”ပဲ။
ဒါကြောင့်မို့ တတိယအကြိမ် ဒီအစည်းအဝေးမှာ ကျနော်တို့အဖွဲ့ခေါင်းဆောင် တင်ပြသွား သလို ကျနော်တို့ တကယ့်ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကျနော်တို့နိုင်ငံမှာလည်း ခေတ် နောက်ကျတဲ့ ဘဝကနေပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့နေရာမှာ တိုင်းရင်းသား လူမျိုးစုအားလုံးမှာ လည်း တာဝန်ရှိနေတယ် နှစ် ၄၀ ပဋိပက္ခဖြစ်ပွားနေတာကို ငြိမ်းချမ်း စွာဖြေရှင်းနိုင်မယ်ဆိုလို့ ရှိရင် ကျနော်တို့နိုင်ငံ တကယ်ပဲ မုချဖွံ့ဖြိုးတိုးတက်လာမှာ အမှန်ပဲ ဖြစ်ပါတယ်၊ အဲဒီအခြေခံ အမြင် အခြေခံသဘောထားနဲ့ ဒုတိယအဆင့်ဖြစ်တဲ့ နိုင်ငံရေးပြဿနာကို မဆွေးနွေးခင် ဖြတ် ကျော်ရမယ့် ပထမအဆင့်ဖြစ်တဲ့ တပ်နေရာချ ထားရေးနဲ့ ပတ်သက်ပြီးတော့ ခုန ဗိုလ်မှူးကြီး ကျော်ဝင်း တင်ပြသွားတဲ့ ၃ နေရာ။ နေရာကလည်း အတိုက်အခိုက်ရပ်စဲ ရေးအတွက် သတ်မှတ် ထားတဲ့ ယာယီနေရာမျှသာ ဖြစ်တယ်၊ ဒါက ကျနော်တို့ပိုင်တဲ့နယ်မြေလည်းမဟုတ်ဘူး ကျနော်တို့ ယူလို့လည်းမရဘူး နဝတကိုယ်စားလှယ်အဖွဲ့အနေနဲ့ ပေးနိုင်တဲ့အခြေအနေ မရှိ တာကိုလည်း ကျနော်တို့နား လည်သဘောပေါက်တယ်။
ကျနော်တို့အတိုက်အခိုက်ရပ်စဲရေးလုပ်တဲ့နေရာမှာ တဖက်နဲ့တဖက် စစ်ပွဲတိုက်ပွဲတွေ ဖြစ်မလာ ရေးအတွက် ထိန်းသိမ်းဖို့ဖြစ်တယ်၊ ဒီကာလအပိုင်းမှာ ကျနော်တို့က ကိုယ့်ရဲ့ မိမိရဲ့သက်ဆိုင်ရာ အဖွဲ့အစည်း၊ မိမိရဲ့လူမျိုး၊ တပိုင်းအနေနဲ့ ထိုင်းဖက်မှာရှိတဲ့ မွန်လူမျိုး တွေရဲ့အမြင် သဘောထား ဒီအပေါ်မှာ လက်ရှိကျနော်တို့ လှုပ်ရှားနေတာ မှန်မှန်ကန် ကန်ဖြစ်ပါတယ်၊ တဖက်စောင်းနင်းနဲ့ နဝတကိုယ်စားလှယ်အဖွဲ့ တဖက်သတ်လုပ်နေတဲ့ အနေအထားမဟုတ်ဘူး၊ တန်းတူးရေးတရား မှာ အခြေခံပြီးတော့ ကျနော်တို့တပ် တကယ်ရှိတဲ့နေရာမှာ နဝတကိုယ်စားလှယ်အဖွဲ့လည်း အသိအမှတ်ပြုလက်ခံတယ် ဒီလိုအမြင်မျိုး ကျနော်တို့တပ်ဖွဲ့ ကျနော်တို့အဖွဲ့အစည်းကို ရှင်းပြ နိုင်ဖို့အတွက် ကာလ အပိုင်းအခြားတစ်ခုအထိ တပ်နေရာချထားမှုရှိဖို့ လိုအပ်တယ်၊ အဲလိုမှ မရှိလို့ရှိရင် အခက် အခဲပေါင်းများစွာ ကျနော်တို့ရင်ဆိုင်ရပါလိမ့်မယ်။
ကျနော်မရှင်းတာတစ်ခုရှိတာက ခုနတုန်းက ဗိုလ်မှူးကြီးကျော်ဝင်း ရှင်းပြသွားတဲ့အခါမှာ ၃ နေရာက မြိတ်ခရိုင်မှာရှိတဲ့ ကျနော်တို့တပ်စခန်းမပါဘူးလား၊ ဒါကိုထည့်မတွက်ဘူးလား၊ အဲဒါပါထည့်တွက်မယ်ဆိုရင် ၃ နေရာမပြောဘဲနဲ့ ကျနော်တို့တပ်ရှိတဲ့နေရာ။ ကျနော်တို့က (လွယ်ကူအောင်ပြောလိုက်တာလေ) ဘယ်နေရာဘယ်နေရာရှိတယ် ဆိုပြီးတော့ ၁-၂-၃-၄ ဆိုပြီး အမှတ်အသား ထည့်ပေးလိုက်တာပဲ၊ ကျနော်တို့တပ်ဖွဲ့ ရှိတဲ့နေရာ လက်တွေ့ကျကျ အသိအမှတ် ပြုပေးပြီးတော့ ဒါကိုကျနော်တို့ဆက်ပြီး လုပ်သွားမယ်ဆိုလို့ရှိရင် ကျနော်ထင်တယ် အထစ်ငေါ့ ဘာမှမရှိနိုင်ဘူးလို့ ထင်ပါတယ်၊ တိုင်းမှူးကြီးခေါင်းဆောင်တဲ့ နဝတကိုယ်စားလှယ်အဖွဲ့အနေနဲ့ တပ်နေရာချထားမှုနဲ့ ပတ်သက်ပြီးတော့ အလေးအနက်စဥ်းစားပေးပါလို့ ကျနော်မေတ္တာရပ်ခံ အပ်ပါတယ်။
အလုပ်ကော်မတီ Working Committee ဆွေးနွေးခြင်း
ထိုနောက်နှစ်ဖက်ကိုယ်စားလှယ်များ၏ ဒုခေါင်းဆောင်များ ဦးစီးသော အလုပ်ကော်မတီကို ဖွဲ့စည်း၍ မြေပုံကားချပ်များဖြင့် မြန်မာ့တပ်မတော်မှ မွန်ပြည်သစ်ပါတီအတွက် ခွင့်ပြုနိုင်သော တပ်တည်နေရာများကို သတ်မှတ် ရေးဆွဲကြသည်။
တပ်တည်နေရာကို မြေပုံပေါ်တွင် Pinpoint ထောက်၍ ၅ မိုင်ရေဒိယ(အချင်းဝက်) အကျယ် စက်ဝိုင်းဧရိယာ အဖြစ် သတ်မှတ်ထားသည်။
၅ မိုင်ရေဒိယအချင်းဝက် ဧရိယာတပ်တည်ဧရိယာ အဓိပ္ပါယ်ဖွင့်ဆိုပုံ (Pinpoint)
အထက်ပါ အလုပ်ကော်မတီ၏ ဆွေးနွေးချက်အပေါ် အခြေခံ၍ ၁-၇-၁၉၉၄ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် နှစ်ဖက်ခေါင်းဆောင်များ၏ အစည်းအဝေးတွင် ဆက်လက်အတည်ပြုကြသည်။
အခမ်းအနားမှူး ဗိုလ်မှူးကြီး ကျော်သိန်း
– နိုင်ငံငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ ကိုယ်စား လှယ်အဖွဲ့တို့ရဲ့ တတိယအကြိမ်မြောက်အစည်းအဝေး အစီအစဥ်ကို စတင်မှာ ဖြစ်ပါတယ်၊ အစီအစဥ်(၁) အနေနဲ့ နိုင်ငံငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ အမှာစကားပြောကြားမှာဖြစ်ပြီး အစီအစဥ်(၂) အနေနဲ့ မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်မှ အမှာစကား ပြောကြားခြင်းဖြစ်ပါတယ်။ အစီအစဥ် (၃) အနေနဲ့ အခမ်းအနားရုတ်သိမ်းခြင်း ဖြစ်ပါတယ်။
အစီအစဥ်(၁) အနေနဲ့ နိုင်ငံငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကိုယ်စားလှယ်အဖွဲ့ ခေါင်း ဆောင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ အမှာစကား ပြောကြားပေးပါရန် တင်ပြ ပါသည်။
ဗိုလ်ချုပ်ကက်စိန်
တတိယအကြိမ် ဒုတိယနေ့ဆွေးနွေးတဲ့အစီအစဥ်မှာ ပထမနေ့ ဆွေးနွေးမှုအခြေအနေနဲ့ နောက် ပိုင်းမှာအလုပ်အမှု ဆောင်အဖွဲ့များ ဆွေးနွေးခဲ့ကြတဲ့အခြေအနေလည်း ကျနော့ကို တင်ပြပြီးဖြစ် တဲ့အတွက်ကြောင့် ဒီဟာတွေကို ပြန်လည်သုံးသပ်လို့ရှိရင် နှစ်ဦးနှစ်ဖက် အယူအဆလေးတွေ ကွာခြားတဲ့ဟာလေးတွေ ရှိနေသေးတယ်လို့ ကျနော်တို့တွေ့ရှိ ရတယ်၊ အခုရောက်ရှိလာကြတဲ့ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်များအနေနဲ့ကရော ဦးနိုင်ထောမွန် ခေါင်းဆောင်တဲ့အဖွဲ့အနေနဲ့ အဆုံးအဖြတ် ပေးဖို့ဟာလေးတွေ မပြတ်ဘူး ဆိုလို့ရှိရင် ဗဟိုမှာ ပြန်တင်ပြပြီးတော့ အကျေအ လည်ဆုံးဖြတ်ပြီးတော့ ဆောင်ရွက်ဖို့ဟာ ကို ကျနော့အနေနဲ့ အကြံပြုချင်ပါတယ်၊ အဖွင့်မှာ ကျနော် ပြောခဲ့သလိုပေါ့ ကျနော်တို့အား လုံး အခုအချိန်မှာ အချိန်ကောင်းအချိန်ခါ ကျနော်တို့ လက်ထက်မှာ နောင်သားစဥ်မြေး ဆက်အထိ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ကျနော်တို့ ပြည်ထောင်စုမှာ ပျော်ပျော်ပါးပါး နေသွား ကြဖို့ ကျနော်တို့ နဝတရဲ့ ရပ်တည်ချက်ဖြစ်တဲ့ ဒို့တာဝန် ၃ ပါး ကျနော် တို့အတူတကွ လက်တွဲပြီးတော့ ထာဝစဥ် လက်တွဲပြီးတော့ ဆောင်ရွက်ကြအောင်ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။
အဲဒီလိုလုပ်ကိုင်သွားကြတဲ့အခါမှာ တစ်ဦးပေါ်တစ်ဦးအခြေခံကတော့ စိတ်ချယုံကြည်ကြဖို့ အပိုင်းကို ကျနော်ပြောသွားပြီးပါပြီ ကျနော်တို့ဘက်က Gentlemen Agreement လုပ်ပေးနိုင်တဲ့ အချက်တွေ ပထမတုန်းကလည်းပြောခဲ့တယ် ဒုတိယတုန်းကလည်း ပွင့်ပွင့်လင်းလင်း ပြောခဲ့ ပါတယ် ကျနော်တို့အပေါ်သံသယရှိနေတယ်ဆိုရင် ရှိနေတဲ့ အကြောင်း ကျနော်တို့ကိုပြောပါ ကျနော်တို့မှာ စစ်ရေးရော နိုင်ငံရေးရော ညစ်ပတ် ကောက်ကျစ်တဲ့လိုတဲ့ ဆန္ဒလုံးဝမရှိဘူး ကျနော်တို့ ဦးတည်တာကတော့ ခုနပြောတဲ့ ဒို့တာဝန်အရေး ၃ ပါးကို အတူတကွ ထာဝစဥ် လက်တွဲသွားနိုင်ဖို့ ဆိုတဲ့အပိုင်းပဲ ဖြစ်ပါတယ် ဒီအချက်တွေက အဓိကမျှော်မှန်းတဲ့ဟာ။
မွန်ပြည်သစ်ပါတီဘက်ကလည်း အဖွင့်တင်ပြတဲ့အပိုင်းမှာ တပ်တွေရဲ့ လက်ရှိဖြေရှင်း ရမယ့် အခြေအနေ နောက်အလုပ်အမှုဆောင်မှာ ဆွေးနွေးတဲ့အခြေအနေ လေးတွေပေါ့ ဒီအပိုင်းလေး တွေမှာ ပထမ၊ ဒုတိယအကြိမ်တုန်းက နေရာကို ၁၂ နေရာ ကျနော်တို့သတ် မှတ် ပေးလိုက်တယ် ဒီမူနဲ့ကျနော်တို့စဥ်းစားလာတဲ့အပိုင်း၊ အခုအချိန်မှာ တင်ပြလာတာ ကတော့ Pinpoint နေရာ လေးတွေ မြိတ်ဘက်မှာဆိုရင် ချောင်ချိစခန်းလို နေရာမျိုးတွေ ဂွင်အလိုက်တင်ပြလာတာ တွေ့ရတယ်။
Pinpoint လိုနေရာမျိုးမှာဆိုရင် ဟိုဘက်က မွန်ပြည်သစ်ပါတီကကြည့်မယ်ဆိုရင် ပထမ အဖွင့် ကျနော်တို့ဆွေးနွေးကြတဲ့အခါမှာ အမြဲတမ်းနေလာကြတဲ့လူတွေ ဒီနေရာဒီနေရာ စုပါဆိုရင် သူတို့အနေနဲ့ အခက်အခဲရှိနိုင်တယ်ဆိုတာ ဗဟိုနဲ့အောက်ခြေနဲ့ တင်ပြချက် လေးတွေရှိနေတာ ကျနော့အနေနဲ့လေ့လာတဲ့အခါမှာ ဒါလည်းမှန်ပါတယ် ဒါလေးကို ကျနော်တို့ ဘယ်လို ပြန်စဥ်း စားနိုင်မလဲဆိုတော့ Pinpoint လိုနေရာတွေမှာဆိုလို့ရှိရင် ခုလိုစုဖွဲ့တဲ့အချိန်အခါ တွေမှာပေါ့ လေ ဆက်သွယ်ဖို့ Contact Point တွေကနေ အချိန် အတိုင်းအတာတစ်ခုအနေနဲ့ ထားရှိပြီးတဲ့ နောက်ပိုင်းမှာ တချိန်မှာတော့ ကျနော်တို့ သတ်မှတ်ထားတဲ့နေရာ မော်လမြိုင် ဂွင်မှာပဲဖြစ်ဖြစ် ထားဝယ်ဂွင်မှာပဲဖြစ်ဖြစ်ပေါ့ ထားဝယ်ဂွင်မှာပေါ့ ကျနော်ဆိုလိုတာက အဲဒီ ၁၂ နေရာထဲမှာ ပြန်လည်စုဖွဲ့ဖို့ မရဘူး ဆိုလို့ရှိရင် သူတို့တတွေဟာ ကိုယ့်ရဲ့မူလနေရာ Pinpoint နေရာမျိုးမှာ နေချင်ရင်နေပါ ကျနော်တို့စဥ်းစားထားတာ နေလို့ရပါတယ် သို့သော် အဲလိုနေလို့ ရှိရင် တစ်ဦးနဲ့ တစ်ဦး ပဋိပက္ခမဖြစ်အောင် ကျနော်တို့နဲ့လည်း အတူတွဲလို့ဖြစ်အောင် ဆက်သွယ်လို့လည်းဖြစ် အောင် အဲဒီနေရာမှာ လက်နက်မကိုင်ဘဲနဲ့ သူ့နေရင်းစွဲနေရာမှာ နေမယ်ဆိုရင်နေပါ လက်နက် ကိုင်နေသမျှ ကာလပတ်လုံး ဒီလိုဂွင်တွေမှာ နေသင့်တယ်လို့သုံးသပ်ပြီးတော့ အကြမ်းဖျဥ်း ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။
အဲဒီတော့ လက်နက်မကိုင်ဘဲနဲ့ Pinpoint လိုနေရာ မျိုးမှာနေမယ် တခြားနေရာမျိုးမှာ သွားချင် လာချင်တယ်ဆိုရင် ကျနော်တို့က ဘယ်နေရာ ပြောပြော သွားခွင့်ပေးပါ့မယ်လို့ သတ်မှတ်ခဲ့ပါ တယ် အဲဒီတော့ ဒီလိုအခြေအနေတွေက ရှုပ်ထွေးမှုမဖြစ်အောင် ကျနော်တို့ ဘက်က အဆိုပြု ခြင်းဖြစ်ပါတယ် အဲဒီတော့ ဦးထောမွန်တို့အနေနဲ့ ခုနကပြောသလို ဒီအပိုင်းလေးတွေမှာ ကွာခြား ချက်တွေ ကျနော်တွေ့ရတယ် တချို့ နယ်မြေဆိုရင် ကျနော် တို့က တချို့ဟာတွေဆိုရင် ကျနော် တို့က စည်းခြားလို့မရတဲ့ဟာ စည်းခြားလို့ မဖြစ်တဲ့ နေရာလည်း ရှိပါတယ်၊ စည်းခြားလိုက်မယ် ဆိုရင် ကျနော်တို့တပ်တွေ အမြဲတမ်း သွားလာ နေတဲ့နေရာမှာ ဒါကြောင့် Gentlemen Agreement ဆိုတဲ့သဘောမျိုး နှစ်ဦးနှစ်ဝ ယုံကြည်မှုနဲ့ တစ်ယောက်နဲ့တစ်ယောက် အတူ လက်တွဲလုပ်ပြီဆိုရင် မှားယွင်းပစ်ခတ်မှု မဖြစ်ရအောင် ရှုပ်ထွေးမှုမရှိရလေအောင် ကျနော်တို့က စီမံသွားဖို့ပဲ ရှိပါတယ်။
နောက်တစ်ချက် ထပ်ပြီး ကျနော်ပြောလိုတာက ဒီလိုနေရာတွေ ကျယ်ကျယ်ပြန့်ပြန့် ယူထားတဲ့ ဟာ ဥပမာ စားဝတ်နေရေး အတွက် တစ်ယောက်နဲ့တစ်ယောက် ကန့်သတ် ချက်ကြောင့် ဒီလိုယူ ရပါတယ်ဆိုရင်လည်း ကျနော်တို့က ပြောပြီးသားဖြစ်ပါတယ် ကျနော် တို့နဲ့ငြိမ်းချမ်းရေးယူပြီးလို့ အတူတကွလက်တွဲ လုပ်ကြမယ်ဆိုလို့ရှိရင် စားဝတ်နေရေး နေထိုင်ရေး ဖွံ့ဖြိုးရေးတွေပေါ့ အားလုံး သွားလာရေးကိစ္စ တွေကို ကျနော်တို့က ကူညီပံ့ပိုး ပေးမယ် နေထိုင်ရေး စားသောက်ရေး ကို ကျနော်တို့ဖန်တီးပေး ထားပြီးပြီ နောက်ဖွံ့ဖြိုး ရေးတွေမှာ ကျနော်တို့လက်တွဲပြီး လုပ်ကြ မယ်ဆိုတဲ့ အဓိကအချက်တွေကို ကျနော်တို့ မျှော်မှန်းပြီးတော့ ပြောဆိုဆွေးနွေးခဲ့တဲ့ အနေ အထားရှိပါတယ် ဆိုတော့ အခုလို ပြန်သုံးသပ်တဲ့အနေအထားမှာ ကွာခြားချက်လေးတွေ ဒါလေး တွေကို ကျနော်တို့ရဲ့ ဒုတိယအကြိမ် ပြောတဲ့ဟာလေးတွေကို ပြန်ဆွေးနွေးပြီးတော့ ဗဟိုကို တင်ပြပြီးတော့ ဆောင်ရွက်ရင် ပိုကောင်းပါ့မယ်ဆိုပြီးတော့ ဆွေးနွေးချက်ကို ကျနော့ဘက်က ပွင့်ပွင့်လင်းလင်း တင်ပြခြင်း ဖြစ်ပါတယ် ဒါလောက်ပါဘဲ။
အခမ်းအနားမှူး
အစီအစဥ်အရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကိုယ်စားလှယ်အဖွဲ့ ခေါင်း ဆောင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှအမှာစကားပြောကြားပြီးနောက် အစီအစဥ် (၂) အရ မွန်ပြည်သစ်ပါတီ အဖွဲ့ခေါင်းဆောင်မှ အမှာစကားပြောကြားခြင်း ဖြစ်ပါတယ် မွန်ပြည်သစ် ပါတီ အဖွဲ့ခေါင်းဆောင်မှ အမှာစကား ပြောကြားပေးပါရန် ပန်ကြားအပ်ပါတယ် ခင်ဗျာ။
ဗိုလ်ချုပ် ထောမွန်
ဒီနေ့ တတိယအကြိမ်ဆွေးနွေးပွဲမှာ ကျနော်တို့အနေနဲ့ကြိုးစားခဲ့ပါတယ် ခုနတိုင်းမှူး ပြောသလို ကျနော်တို့က ငြိမ်းချမ်းရေးဆိုရင် တကယ့်ငြိမ်းချမ်းရေး ထာဝရတည်တံ့ ခိုင်မြဲတဲ့ငြိမ်းချမ်းရေး အဲဒီငြိမ်းချမ်းရေးအတွက် ရည်စူးပြီးတော့တတိယအကြိမ်လာခြင်း ဖြစ်ပါတယ် ဒါပေမယ့် ၄၀ နှစ်ကျော် ကြာလာတဲ့ပြည်တွင်းစစ်ကြီးကို ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခကြီးကို ကျနော် တို့က ဖြေရှင်းရမယ် အဲလိုမြင်တယ် အဲလိုဖြေရှင်း တဲ့နေရာမှာ ပထမဦးဆုံးလှမ်းရမှာက အပစ် အခတ်ရပ်စဲရေး။ အပစ်အခတ်ရပ်စဲရေးလုပ်တဲ့နေရာမှာ နှစ်ဖက်တပ်ကို အပစ်အခတ်ရပ်စဲနိုင်ဖို့ ပထမ စဥ်းစားတဲ့အခါမှာ တပ်နေရာချထားရေး အဲဒါပထမ ကျနော်တို့ကိုင်တွယ်ဖို့လိုမယ် အဲဒါ ပြီး နှစ်ဖက်တပ်တွေက ယာယီသဘော အတည်တကျ နေရာချထားပြီး အပစ်အခတ် ရပ်ထား မယ်။ အပစ်အခတ်ရပ်စဲရေးကို ကိုင်ပြီးတာနဲ့ တဆက်တည်း ငြိမ်းချမ်းရေး ပြဿနာတို့ နိုင်ငံရေး ပြဿနာတို့ ဆက်ပြီးဆွေးနွေးဖို့လိုမယ် ဖြေရှင်းရဦးမယ် အဲလိုမြင်တယ်။
အပစ်အခတ်ရပ်စဲလိုက်ယုံနဲ့ ပြဿနာပြီးပြီ ကျနော်အဲလိုမမြင်ဘူး အပစ်အခတ်ရပ်စဲ ပြီးတာနဲ့ ဆက်ပြီးဆွေးနွေးဖို့လို သေးတယ် ကျနော်အမြင်က။ နိုင်ငံရေးပြဿနာတို့ ဘာတို့ဖြေရှင်းဖို့ လိုတယ် အချိန်အများကြီးယူ ရဦးမယ် အဲဒီတော့ အပစ်အခတ်ရပ်စဲပြီး တာနဲ့ တပ်ကိုပုံပျက် ပန်းပျက်စုမယ် ဘာမယ် အဲဒါကို အရင်လုပ်မယ်ဆိုရင် ကျနော်တို့ ဘက်က ပြဿနာ ဘာရှိလဲ ဆိုရင် အပစ်အခတ်ရပ်စဲရေး ဆိုတာက ပိုနေမြဲကျားနေမြဲ နေပြီးတော့ ဆက်ဆွေးနွေးဖို့၊ ဖြစ်နေတဲ့ပြဿနာဖြေရှင်းဖို့ နည်းလမ်းတွေ ညှိပြီးဖြေရှင်းဖို့ အဲဒါတွေဘာမှမလုပ်ရသေးဘဲနဲ့ ကျနော်တို့တပ်ကို စုလိုက်ရတာလဲ။
စုရတဲ့အပိုင်းက တဖက်တင်ပြတဲ့အမြင် ကျနော်ကြည့်တာက ၅ မိုင်ပတ်လည် အဲဒီအထဲ မှာ ခရိုင်ရုံး၊ တပ်ရင်းတွေရော မြို့နယ်ပြောက်ကျားတပ်ဖွဲ့တွေ အဲဒီပြောက်ကျားတပ်ရင်း တပ်ဖွဲ့ တွေကို တစ်နေရာထဲမှာ ၅ မိုင်ဧရိယာထဲမှာ စုရတဲ့သဘောဖြစ်နေတယ် ပြဿနာတွေကို ဆွေးနွေးဖို့ ညှိနှိုင်းဖို့ ဘာမှမလုပ်ရသေးဘဲနဲ့ ကျနော်တို့တပ်တွေကို အရင်စုစည်းရမယ် အဲဒီမှာ ကျနော်တို့ဘက်က အခက်အခဲရှိနေတာကို ပွင့်ပွင့်လင်းလင်း တင်ပြတာပါ။
တိုင်းမှူးရဲ့စေတနာ ကျနော်တို့ကြိုဆိုပါတယ် တဆက်တည်းမှာ ကျနော်တို့နိုင်ငံအေးချမ်း သာယာပြီးတော့ ဖွံ့ဖြိုးခိုင်မာရေး ကျနော်တို့ကြိုဆိုတယ် ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး ကျနော်တို့ပထမကိုင်မယ် အဲဒါနေရာချပြီးတာနဲ့ နိုင်ငံရေးပြဿနာဆွေးနွေးဖို့လိုမယ် ဥပမာ ဒီနေ့ကျင်းပနေတဲ့အမျိုးသားညီလာခံ၊ ကျနော်တို့ပါတီရဲ့ နိုင်ငံရေး ရှေ့ဆက်လှုပ် ရှားသွားဖို့ အဲဒီပြဿနာတွေပေါ့ နောက် Constitution ဘယ်လိုလဲ၊ ဟိုတစ်နေ့ နိုင်တင်အောင် မေးပါတယ် တပ်တွေပေါင်းစပ်တဲ့မူက ဘယ်လိုရှိတာလဲ ကျနော်တို့ အနေနဲ့က ကျနော်တို့အမျိုးသား လက်နက်ကိုင်အဖွဲ့အစည်း၊ ကျနော်တို့တပ်ဖွဲ့က ကျနော်တို့အမျိုးသားရှိနေသ၍ ရှိနေရမှာပဲ။
အဲဒီတော့ ပြည်ထောင်စုဖွဲ့စည်းပြီးရင် ဘယ်လိုပေါင်းစည်းမှာလဲ ဒီနေ့ ပါလက်စတိုင်းမှာလိုပေါ့ ရဲတပ်ဖွဲ့အသွင်နဲ့လား တမျိုးမျိုးပေါ့ တနည်းနည်းနဲ့ဖြေရှင်းရမယ် အဖြေရှာရမယ် အဲဒီလို အဖြေ ရှာပြီးမှ နားလည်မှုတွေသေသေချာချာရပြီးမှ ကျနော်တို့ တပ်တွေစုမယ် ဥပမာ အင်အားလျှော့ မယ် ပေါင်းစပ်လိုက်မယ် အဲဒီလိုအဆင့်ဆင့်သွားရမှာကိုး၊ ဒါပေမယ့် ဒါတွေကို နိုင်ငံရေးအရ အဖြေမရှာရသေးဘဲနဲ့ စတာနဲ့ပဲ တပ်တွေကို ပုံပျက်ပန်းပျက်စုတာ ကျနော်တို့မှာ အခက်အခဲ အများကြီးရှိပါတယ် ပွင့်ပွင့်လင်းလင်းပြေတာပါ။
အဲဒီတော့ ကျနော်ပြန်တင်ပြချင်တာက ဒီကနေ့ ကျနော်တို့အမြင်က နိုင်ငံရေးပြဿနာ ဖြေရှင်း တဲ့ နေရာမှာ တဖက်ထဲချထားတဲ့ပုံစံအတိုင်း ရာခိုင်နှုန်းပြည့် ကျန်တစ်ဖက်က လက်ခံနိုင် မနိုင် ဆိုတာကိုလည်း ဆွေးနွေးဖို့လိုတယ် အဲဒီတော့ အမြင်တွေ သံသယတွေ ကင်းအောင် အချိန်တွေ အများကြီးယူရဦးမယ် ဘာဖြစ်လို့လဲ ပြည်တွင်းစစ်ကြီးက ၄၀ နှစ် ကျော် ၁၀ စုနှစ် ၄ ခု ကျော် ကြာခဲ့တယ်ဆိုတော့ အမြင်တွေ သံသယတွေအများကြီးရှိနေ သေးတယ် အဲဒီဟာတွေကို ကျနော်တို့ တစ်ထိုင်ထဲနဲ့ တစ်ခဏထဲနဲ့ “ဟေ့ တပ်တွေကို မပစ်နဲ့ ရပ်ပါ” အဲဒီလိုတားယုံနဲ့ ပြဿနာက အားလုံးမပြီးမြောက်နိုင်သေးပါဘူး အဲဒီတော့ ပထမဦးဆုံး နားလည်မှုရှိရှိ အပေး အယူမျှမျှတတနဲ့ပေါ့ တပ်နေရာချထားပြီးတော့ တဆင့်ပြီးတဆင့် ဆွေးနွေး ပြီးတော့ အဖြေရှာဖို့ ကျနော်တို့နိုင်ငံ အေးချမ်းပြီးတော့ ဖွံ့ဖြိုးတိုးတက်ဖို့ နှစ်ဖက်အမြင် ပိုပြီး နီးစပ်အောင် ပိုပြီးတော့ နားလည်မှုရှိအောင် ပိုပြီးတော့အမြင်တွေတူညီအောင် တဖြည်းဖြည်း အချိန်ယူပြီး ညှိရင်တော့ ကျနော်တို့နိုင်ငံရဲ့ငြိမ်းချမ်းရေး နိုင်ငံစည်းလုံးခိုင်မာပြီးတော့ ဖွံ့ဖြိုးမှုတွေ ဖြစ်လာမယ်။
ကျနော်တို့ဘက်ကလည်း ကျနော်တို့နိုင်ငံ ကျနော်တို့ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အမြင်တွေရှိပါတယ် တိုင်းမှူးတို့ဘက်က စီစဥ်ထားတဲ့အစီအစဥ်တွေလည်း ရှိပါတယ် အဲဒီ အစီ အစဥ် ၂ ခု ကျနော်တို့ဆွေးနွေးဖို့လိုလိမ့်မယ် ဒါပေမယ့် အခုပထမ အဆင့်မှာ အဲဒီအစီအစဥ် တွေ ဆွေးနွေးရမယ့်အဆင့် မရောက်သေးပါဘူး အပစ်အခတ် ရပ်စဲရေးအဆင့်ကိုပဲ ဆွေးနွေးနေ တုန်း။ နောက်ပြီး နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ကျနော် တို့တင်ပြစရာ အများကြီးရှိသေးတယ် ကျနော်တို့နိုင်ငံ တိုးတက်ရေး ပြည်ထောင်စုကြီး ခိုင်မာရေး။
အဲဒီတော့ အခုယာယီသဘော အပစ်အခတ်ရပ်စဲရေးအဆင့်မှာ တပ်နေရာချထားရေး ပြဿနာ ကိုပဲ ညှိနေတာ ခုနတိုင်းမှူးပြော သလို ကျနော်တို့အမြင်ချင်း မတူညီကြသေးဘူး ကျနော်တို့ လည်း စိတ်မကောင်းဘူး။ ဘာဖြစ်လို့လည်း ကျနော်တို့ရည်မှန်းထားတာ အစ ကတည်းက ကျနော်ပြောပါတယ် အခက်အခဲအများကြီး ကြားက ကြိုးစားပြီးတော့ လာတာပဲ။
ဒါပေမယ့် ဒီကနေ့ညှိတော့ အပစ်အခတ်ရပ်စဲရေးဆိုတာကို တပ်နေရာ ချထားရေးမှာ အမြင်မတူ ပြန်ဘူး။ ဒီလိုဒီလိုစုထားရင် တိုင်းမှူးတို့ဘက်က ပိုပြီးလွယ်ကူမယ် ဒါပေမယ့် ကျနော်တို့ဘက်က ပိုပြီးအခက်အခဲရှိပြန်တယ် ၅ မိုင်ပတ်လည်မှာ ခရိုင်ရော တပ်ရင်းရော အကုန်လုံးစုမယ် ကျနော် တို့မှာက တပ်ဖွဲ့တစ်ခုထဲမှမဟုတ်တာ ပါတီအဖွဲ့အစည်း ပါတီ လိုင်းကစည်းရုံးရေး ရဲဘော်တွေ အုပ်ချုပ်ရေးပိုင်း ပါတီပိုင်းက လူတွေလည်း ကျနော်တို့ တပ်ဖွဲ့နဲ့ အင်အား မတိမ်းမယိမ်းရှိတယ် နေရာတစ်ခုထဲမှာ ကျနော်တို့အားလုံးစုနေတာ အားလုံးအတွက် အခက်အခဲဖြစ်စေတယ်။
ကျနော်တို့လူတွေကိုလည်း ဘယ်လိုရှင်းမှာလဲ အပစ်အခတ်ရပ်စဲ ရေးလုပ်လိုက်တာနဲ့ စလုံးရေးစ လိုက်တာနဲ့ စုလိုက်ပြီဆိုတော့ သူတို့ ရှင်းပြတဲ့အခါ လက်ခံနိုင်ဖို့ အခက်အခဲ အများကြီးရှိပါ တယ်။ ဖြစ်နိုင်ဖို့ အခက်အခဲ အများကြီးရှိပါတယ်။ တဖက်ကတင်ပြတဲ့အချက်တွေကို ချူပ်လိုက် မယ်ဆိုရင် ၁၂ နေရာ အဲဒီ Pinpoint ၁၂ နေရာ အပေါ်မှာပဲ အခြေခံပြီးစဥ်းစားဖို့ အဲဒီအပေါ်မှာ လည်း ကျနော်တို့ကိုယ်စားလှယ် အဖွဲ့ ကျနော်တို့ပါတီကို အခုအဖြစ်အတိုင်း အပြည့်အစုံ ဗဟိုကို တင်ပြပါမယ်၊ ပြီးတော့ သူတို့ဆုံးဖြတ်ချမှတ် လာတဲ့ ပါတီရဲ့ သဘောထား ဗဟိုရဲ့ဦးဆောင်မှု အတိုင်း ကျနော်တို့ ကိုယ်စားလှယ်တွေရပ်တည်ပြီး ဆက်လက်ကြိုးစားသွားမယ်။
ကျနော်နည်းနည်းထပ်ပြီးတင်ပြချင်တာ ဧရိယာအကျယ်ကြီး ကျနော်တို့ယူထားတဲ့ နေရာမှာ ကားလမ်းတွေရှိတယ် တိုင်းမှူးတို့တပ်တွေ အချိန်မရွေး သွားလာ လှုပ်ရှားနေရလို့ ပြဿနာ ရှိလာနိုင်တယ် ဆိုတဲ့ဟာတွေ ညှိလို့ရမယ်ထင်ပါတယ်၊ နောက်ပြီး ကျနော်တို့ တပ်တွေလှုပ်ရှား နေတယ် တကယ်ရှိနေတဲ့ နေရာတွေကိုမှာ ဂွင်ကျယ်ကျယ်လေး ကျနော် တို့တပ်တွေက လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်တယ်ဆိုတဲ့အခြေခံပေါ်မှာ ညှိစေချင်တယ်။
ကျနော်တို့ရဲဘော်တွေ ကျနော်တို့လူထုတွေ ကျနော်တို့ရဲ့အမျိုးသားတွေ နားလည်မှုလည်း မလွဲ အောင် သူတို့သံသယရှင်းအောင် ကျနော်တို့ရဲဘော်တွေလည်း သံသယကင်းအောင် လှုပ်သာ ရှားသာတဲ့အနေအထားမျိုးနဲ့ တချို့နေရာ ဧရိယာ ဂွင်သဘောရှိမယ် နောက်တစ်ပိုင်းမှာ Pinpoint တွေလည်းရှိမယ်ပေါ့ ကျနော်တို့တပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့ အတိုင်း ရှိနေပါစေ၊ ဥပမာ မြို့နယ်တစ်နယ်ဆိုပါတော့ အုပ်ချုပ်ရေးရော စည်းရုံးရေးဘက် ကလည်းရှိနေတယ်။
နောက်တစ်ပိုင်း ကျနော်တို့တပ်ရှိတယ် အဲဒီတော့ ကျနော်တို့တင်ပြ တဲ့ Pinpoint အခြေခံမှာ တစ်မြို့နယ်မှာ ၂ နေရာ မြို့နယ်ရုံးတစ်နေရာ ပြောက်ကျား တပ်ဖွဲ့တစ်နေရာ။ ကျနော်တို့တင်ပြ ထားတဲ့အချက်တွေမှာ မြို့နယ်တိုင်း ၂ နေရာမဟုတ် ပါဘူး တချို့မြို့နယ် လျှော့ထားပါတယ်။ ချုပ်ပြောလိုက်ရင် ကျနော်တို့က ဂွင်နေရာ ကျယ်ကျယ်နဲ့ နေရာတွေစိုးမိုးချင်လို့ အများကြီး တင်ပြ ထားတာမဟုတ်ပါဘူး။ တိုင်းမှူးကြီးတို့ နားလည်းစေချင်ပါတယ် တိုင်းမှူးကြီး ခုန တင်ပြ တဲ့ သဘောထားကို လည်း ကျနော်တို့နားလည်သလောက် နားလည်ပါတယ် ဒုတိယအကြိမ်မှာ လည်း ဆွေးနွေးခဲ့ဖူးတယ် အခုလည်းပြန်ဆွေးနွေးတော့ နားလည်ပါတယ် ဟိုရောက်ရင် ကျနော် တို့ နားလည်တဲ့အတိုင်း ဗဟိုကိုတင်ပြမယ် အဖွဲ့အစည်းဆိုတော့ ဗဟိုကော်မတီရဲ့လမ်းညွှန်ချက် အတိုင်း ကျနော်တို့လိုက်နာရပါတယ်။
အားလုံးကိုပြန်ချုပ်လိုက်ရင် ပထမအကြိမ် ဒုတိယအကြိမ် ခုဆိုတတိယအကြိမ်ရောက်ပြီ အဖွင့် မှာ ပဏာမကျနော်ပြောခဲ့သလိုပေါ့ ကျနော်တို့ ရည်မှန်းချက် ထိရောက်အောင်မြင် ပြေလည်ရေး ဆိုတဲ့ ရည်မှန်းချက် မပေါက်ရောက်ခဲ့ဘူး ဒါကိုလည်း ကျနော်အားမရဘူး ဒါပေမယ့် ကျနော်တို့ နိုင်ငံရဲ့ငြိမ်းချမ်းရေး တကယ့်စစ်မှန်တဲ့ငြိမ်းချမ်းရေး ထာဝရတည် တံ့မယ်၊ ငြိမ်းချမ်းရေးအတွက် ကျနော်တို့ကကြိုးစားမှာပဲ တဖက်ကလည်း တိုင်းမှူးကြီးနဲ့ တကွ ကိုယ်စားလှယ်တွေလည်း ဆက်ပြီးကြိုးစားပါ နှစ်ဖက်စလုံး စေတနာမှန်ဖို့လိုမယ် အမြင်သဘောထားတွေ ကြီးဖို့လိုမယ် သံသယတွေကင်းဖို့ (ကျနော်တို့မှာ သံသယမရှိဘူး) စိတ်ရှည်ရှည်နဲ့ ဆွေးနွေးပြီးတော့ ကျနော်တို့ နိုင်ငံငြိမ်းချမ်းရေးအတွက် အခြေအနေက အရေးတကြီးတောင်းဆိုနေပါတယ်။
ငြိမ်းချမ်းရေးအတွက် စည်းလုံးညီညွတ်ရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေ အနေက တောင်းဆိုနေတဲ့ အပေါ် သံဓိဌာန်ခိုင်ခိုင်မာမာ ကျနော်တို့ကြိုးစားသွားပါမယ် တိုင်းမှူးကြီးတို့ ဘက်ကလည်း ကြိုးစားသွားကြပါ ပဋိပက္ခတွေ ရှည်ကြာစွာ ဖြစ်လာတဲ့ အတွက် အမြင်တွေ သီးခြားကိုယ်စီ ရှိနေကြပါတယ် ဘယ်လိုပဲရှိနေပါစေ စိတ်ရှည်ရှည်နဲ့ ဆွေးနွေးကြ နှစ်ဖက်စလုံး ကြိုးစားသွား ကြမယ်ဆိုရင် ဖြစ်လာနိုင်ပါတယ်။ တိုင်းမှူးကြီးနဲ့တကွ ကိုယ်စားလှယ်တွေအနေနဲ့ ကျနော်တို့ အပေါ် ဧည့်ခံကျွေးမွေးပြုစု အစစအရာရာ ကူညီခဲ့တဲ့အပေါ် ကျေးဇူးတင်ပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
အချုပ်အားဖြင့် တတိယအကြိမ်ဆွေးနွေးပွဲသည် အနုတ်လက္ခဏာ ရလဒ်အဖြေထွက်သွားခဲ့ပါသည်။ အလုပ်ကော်မတီဆွေးနွေးပွဲတွင် တဖက်နှင့်တဖက် လုံးဝအလျှော့မပေးဘဲ တင်းခံဆွေးနွေးကြသဖြင့် ဆွေးနွေးပွဲမအောင်မြင် ဖြစ်သွားခဲ့သည်။
မိုးဦးကျရာသီဖြစ်သည့်အလျှောက် မိုးလေဝသခြေအနေ ကောင်းမွန်ခြင်းမရှိသဖြင့် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ ဗဟိုဌာနချုပ်သို့ပြန်ရန် မော်လမြိုင်မြို့တွင် လေယာဥ်စောင့်ဆိုင်းနေရသည်။ ထိုနောက် မိုးလေအနည်းငယ်သာသဖြင့် ဇူလိုင် (၃) ရက်နေ့တွင် တပ်မတော်လေယာဥ်ဖြင့် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့ ပြန်ခဲ့သည်။
ထိုကာလတွင် နဝတနှင့် အောက်ဖော်ပြပါ တိုင်းရင်းသားလက်နက်ကိုင် (၁၁) ဖွဲ့တို့က အပစ်ရပ်သဘောတူညီမှု ရခဲ့ထားကြပြီး ဖြစ်ပါသည်။
၁။ MNDAA ကိုးကန့် – ရှမ်းပြည်နယ် အထူးဒေသ (၁ ) ၃၁/၃/၁၉၈၉
၂။ UWSA ဝ – ရှမ်းပြည်နယ် အထူးဒေသ (၂) ၊ ၉/၅/၁၉၈၉
၃။ NDAA မိုင်းလား- ရှမ်းပြည်နယ်အထူးဒေသ (၄)၊ ၃၀/၆/၁၉၈၉
၄။ SSPP/SSA – ရှမ်းပြည်နယ်အထူးဒေသ (၃) ၊ ၂၄/၉/၁၉၈၉
၅။ NDAK – ကချင်ပြည်နယ် အထူးဒေသ (၁) ၊ ၁၅/၁၂/၁၉၈၉
၆။ KDA မထုနော်အဖွဲ့- ရှမ်းပြည်နယ် အထူးဒေသ (၅) ၊ ၁၁/၁/၁၉၉၁
၇။ PNO – ရှမ်းပြည်နယ် အထူးဒေသ (၆) ၊ ၁၈/၄/၁၉၉၁
၈။ PSLO/PSLA – ရှမ်းပြည်နယ် အထူးဒေသ (၇) ၊ ၁/၅/၁၉၉၁
၉။ ကယား ဂေဗယ်ဗျံအဖွဲ့- ကယားအထူးဒေသ (၁) ၊ ၂၇/၂/၁၉၉၂
၁၀။ KIO/KIA – ကချင်ပြည်နယ်အထူးဒေသ (၂) ၊ ၂၄/၂/၁၉၉၄
၁၁။ ကလလတ – ကယားအထူးဒေသ ၂ ၊ ၉/၅/၁၉၉၄
ယခင် ပထမအကြိမ်တွေ့ဆုံပွဲ၌ မွန်ပြည်သစ်ပါတီ၏ တောင်းဆိုမှုများကို နဝတအနေဖြင့် မူလက လိုက်လျှောပေးလိုသည့်သဘောဖြင့် စွဲဆောင်လာခဲ့သော်လည်း နောက်ပိုင်း တရားဝင်ဆွေးနွေးပွဲကျင်းပသည့်အခါတွင် အလျှော့ပေးခြင်းမရှိခဲ့သည်ကို ဆွေးနွေးမှုများအတွင်း တွေ့ရသည်။
မွန်ပြည်သစ်ပါတီ အပစ်ရပ်ဆွေးနွေးနေသည့်ကာလများတွင် ကချင်၊ ရှမ်းနှင့် ကရင်နီဒေသမှ တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့နှင့် အပစ်ရပ် သဘောတူညီမှုရရှိခဲ့သလို ကရင်အမျိုးသားအစည်းအရုံး KNU မှ DKBA ခွဲထွက်တော့မည့်အရိပ်အယောင်များ ရှိသောကြောင့် တတိယအကြိမ်ဆွေးနွေးပွဲနောက်ပိုင်းတွင် မွန်ပြည်သစ်ပါတီကိုလည်း နဝတမှ အရေးတယူဆက်သွယ်လာခြင်း မရှိတော့ပေ။
ထိုနောက် မွန်ပြည်သစ်ပါတီလှုပ်ရှားရာဒေသများတွင် နဝတဘက်မှ ထိုးစစ်များကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့သည်။ ထိုကာလအတွင်းမှာပင် မွန်ပြည်သစ်ပါတီ အောက်ခြေမြို့နယ်အဆင့် အရာရှိတချို့ကျဆုံးခဲ့ပြီး အရေးယူခံရမည့်အရာရှိတချို့သည်လည်း ရန်သူထံဘက်ပြောင်း၍ လက်နက်ချခဲ့ကြသည်။
*ဖတ်ရှုပေးသည့်အတွက် အထူးကျေးဇူးတင်ပါသည်၊ ဆက်လက်ဖော်ပြသွားပါမည်။