ရေးမြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသဖြင့် ရေးဘီလူးအဖွဲ့မှ ငွေကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ရေးမြို့မရဲစခန်းမှ ဒုတပ်ကြပ်ရဲထက်ပိုင် ဆိုသူမှာ AK – 47 သေနတ်တစ်လက်၊ ကျည်အတောင့် (၆၀)၊ ကျည်ဘေက် (၂) ခုဖြင့် အလင်းဝင်လာကြောင်း ရေးဘီလူးအဖွဲ့မှ ယမန်နေ့ ဇွန်လ (၂၆) ရက်နေ့က သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၂၅) ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်က ရေးမြို့မရဲစခန်း အမှတ် (၁) ကင်းတာဝန်ကျသည့် ရဲဒုတပ်ကြပ်ရဲထက်ပိုင်မှာ အဆိုပါ လက်နက်နှင့် ခဲယမ်းပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ (၇) ရက်နေ့ကလည်း ရေးမြို့နယ် မြောက်ပိုင်း၊ မော့ကနင်ကျေးရွာအခြေစိုက် အမှတ် – ၁၀၆ ခြေလျင်တပ်ရင်းမှ တပ်ထောက်ဗိုလ်ကြီးကျော်မြင့်လွင် မှာလည်း KNU အဖွဲ့ ထံ လက်နက်ခဲယမ်းများနှင့်တကွ သွားရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။
အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း၊ စစ်ကောင်စီမှ မွန်ပြည်နယ်အတွင်း ရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များအား အတင်းအကြပ်ဖိအားပေးခံရခြင်း၊ အချိန်ပြည့်စစ်မှုထမ်းဆောင်နေရခြင်းနှင့် မလုံခြုံမှုတွေကြောင့် တော်လှန်ရေးအဖွဲ့များထ့သို့ မကြာခဏ အလင်းဝင်ပူးပေါင်းခြင်းရှိနေကြောင်းလည်း သိရသည်။