လာမည့် ဇွန်လ ၂၉ ရက်ဆိုလျင် ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်ကတည်းက မွန်ပြည်သစ်ပါတီ NMSP အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်မှာ ၂၉ နှစ်တင်းတင်း ပြည့်ပါတော့မည်။
ယင်းသို့ အပစ်အခတ်ရပ်စဲနိုင်ရန် တစ်နှစ်ခွဲကာလခန့် ဆွေးနွေးပွဲများ ကျင်းပခဲ့ရပါသည်။ ထို့ကြောင့် မွန်ပြည်သစ်ပါတီအပစ်ရပ်စဲရေး အနှစ် ၃၀ ခရီးကို ပြန်လည်မျှော်ကြည့်လိုက်သော် ခေါင်းစဥ်တပ်ပြီး အပိုင်းလိုက် တင်ပြလိုပါ၏။
ပထမအကြိမ် ခရီးစဥ်
နဝတအစိုးရကိုယ်စားလှယ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမည့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် MNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထောမွန် ခေါင်းဆောင်သော မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ Phitsanulok မြို့ ထိုင်းဘုရင့်တပ်တော် လေတပ်စခန်းမှတဆင့် (၂၈-၁၂-၁၉၉၃) နေ့လယ်ပိုင်းတွင် မြန်မာ့တပ်မတော် အထူးလေယာဥ်ဖြင့် မော်လမြိုင်လေဆိပ်သို့ ရောက်ရှိလာသည်။
မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်များအား အထူးဧည့်သည်တော်အဖြစ် အရှေ့တောင်တိုင်း စစ် ဌာနချုပ် ဧည့်ဂေဟာ၌ တည်းခိုနေရာ ချပေးသည်။ မွန်တီးဝိုင်း မွန်အဆိုတော်တို့ဖြင့် ညစာစားပွဲ ဧည့်ခံကျင်းပခဲ့သည်။
နဝတနှင့် မွန်ပြည်သစ်ပါတီတို့၏ ငြိမ်းချမ်ရေးဆွေးနွေးသည့်ကိစ္စကို သတင်း မထုတ်ပြန်ရန်၊ မီဒီယာများသို့ ပြောဆိုခြင်းမပြုကြရန်နှင့် အထူးလှို့ဝှက်ထားရန် ငြိမ်းချမ်းရေး အကျိုးတော် ဆောင်များမှတဆင့် စည်းကမ်းချက်တချို့ ကြိုတင်သတ်မှတ်ခဲ့ကြသည်။
ကချင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင် ဦးခွန်မြတ်နှင့် မွန်စီးပွားရေးလုပ်ငန်းရှင် နိုင်ဖေတင် တို့က ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးကျင်းပခြင်း
နေရာ ။ ။ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်မြို့
နေရက်။ ။ ၁၉၉၃ ခုနှစ် ဒီဇင်ဘာ ၃၁ မှ ၁၉၉၄ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့အထိ
နဝတကိုယ်စားလှယ်များ
၁။ ဗိုလ်ချုပ် ကက်စိန်-တိုင်းမှူး
၂။ ဗိုလ်မှူးကြီး အောင်ဆန်း-ဒုတိယတိုင်းမှူး
၃။ ဗိုလ်မှူးကြီးသီဟသူရ စစ်မောင်-ဗျူဟာမှူး
၄။ ဗိုလ်မှူးကြီး ကျော်ဝင်း ဒုတိယညွှန်ကြားရေးမှူး- ကကလှမ်း
၅။ ဒုတိယဗိုလ်မှူးကြီး ကျော်သိန်း-ကကလှမ်း
၆။ ဗိုလ်မှူး စန်းပွင့်-ကကလှမ်း
၇။ ဗိုလ်မှူး မျိုးမြင့် တပ်မှူး အမှတ်(၅) ထောက်လှမ်းရေးတပ်ဖွဲ့
မွန်ပြည်သစ်ပါတီကိုယ်စားလှယ်များ
၁။ ဗိုလ်ချုပ် ထောမွန်- စစ်ဦးစီးချုပ်
၂။ နိုင်တင်အောင်- ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၃။ ဒုတိယဗိုလ်မှူးကြီး ကောင်းရွတ် ဗဟိုကော်မတီဝင်
၄။ နိုင်လဝီမွန် ဗဟိုကော်မတီဝင်
၅။ နိုင်စိုးမြင့် ဗဟိုကော်မတီဝင်
ရုံးအဖွဲ့ဝင်များ
၆။ ဗိုလ်မှူး လယီကောင်း
၇။ ဗိုလ်ကြီး ဗညားချမ်းနွန်
၈။ နိုင်တလမွန်
၉။ နိုင်သိန်းအောင်
ပထမအကြိမ်ဆွေးနွေးပွဲတွင် တစုံတရာ သဘောတူညီချက် မရခဲ့ကြပါ။ မွန်ပြည်သစ်ပါတီ အနေ ဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် တပ်ဧရိယာနယ်မြေသတ်မှတ်ရေး၊ လူမှုရေး၊ စာပေယဥ်ကျေး မှု၊ ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်ရေးကိစ္စများအပါအဝင် နိုင်ငံရေးတောင်းဆိုချက် (၁၄) ချက် တောင်းဆိုခဲ့သည်။ ပထမအကြိမ်ဆွေးနွေးပွဲကို မှတ်တမ်းမတင်နိုင်ခဲ့သော်လည်း နောက်ပိုင်း ဆွေးနွေးချက်များတွင် ပြန်လည်လေ့လာယူနိုင်ပါသည်။
ငြိမ်းချမ်းရေး သဘောတူညီမှုရရှိနိုင်ရန် ကနဦးအနေဖြင့် “အပစ်အခတ်ရပ်စဲထားဖို့” နှစ်ဖက် ကိုယ်စားလှယ်များက တပ်နေရာချထားရေးအတွက် ပထမဦးစားပေး စတင်ဆွေးနွေးကြပါသည်။ မွှန်ပြည်သစ်ပါတီ တပ်ဖွဲ့နေရာချထားရေးအတွက် တပ်တည်ဧရိယာဂွင်များ စတင်သတ်မှတ် ကြသည်။ နဝတမှ ခွင့်ပြုနိုင်သော တပ်တည်ဧရိယာ ဂွင်အနေအထားကို အဓိက ဆွေးနွေးခဲ့ကြ သည်။ သဘောတူညီချက် မရသေးသည့်အတွက် ဒုတိယအကြိမ် ပြန်လည်ဆွေးနွေးရန် ပြောဆို ထားကြသည်။
(၃) ရက်ကြာ အစည်းအဝေးပြီးဆုံး၍ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့သည် မော်လမြိုင် လေဆိပ်မှ တပ်မတော် အထူးလေယာဥ်ဖြင့် ထိုင်းနိုင်ငံ Phitsanulok မြို့ ထိုင်းဘုရင့်တပ်တော် လေတပ်စခန်းသို့ ဇန်နဝါရီ (၃) ရက်တွင် ပြန်လည်ရောက်ရှိလာသည်။ ထိုမှတဆင့် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်ရှိရာ ကန်ချနပူရီခရိုင်နယ်စပ်သို့ ပြန်လည်ရောက်ရှိလာသည်။
ဒုတိယအကြိမ် ခရီးစဥ်
နဝတနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေသည့်ကိစ္စကို အများပြည်သူသိရှိသင့်သည်ဟု မွန်ပြည်သစ်ပါတီက ဆုံးဖြတ်ချမှတ်ပြီး (၄၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။
ရန်ကုန်မြို့ အင်းယား (၁၄) တပ်မတော်ဧည့်ဂေဟာ၌ ကိုယ်စားလှယ်များအား အထူးဧည်သည် အဖြစ် တည်းခိုနေရာချပေးသည်။ ရန်ကုန်မြို့သို့ရောက်ရှိနေသော မွန်ပြည်သစ်ပါတီ ကိုယ်စား လှယ်အဖွဲ့သည် ရွေတိဂုံဘုရားသို့ သွားရောက်ဖူးမျှော်ခြင်း၊ အထင်ကရ မွန်ဆရာတော်များနှင့် သွားရောက်တွေ့ဆုံဖူးမျှော်ပြီး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲခရီးစဥ်၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ရွှေတိဂုံဘုရားလမ်းရှိ မွန်ပိဋကတ်တိုက်၌ မွန်သံဃာတော်များ၊ မွန်စာပေယဥ်ကျေးမှု ကော်မတီ ဝင်များအား ဖိတ်ကြား၍ မတ်လ (၁၈) ရက်တွင် ဆွမ်းကျွေးမွေးခြင်းနှင့်အတူ မွန်အဆိုတော်တို့ ၏ သီဆိုဖြေဖျော်မှုများဖြင့် မွန်ပြည်သစ်ပါတီ၏ ခရီးစဥ်နှင့်ပတ်သက်၍ ရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ပါသည်။
ထိုနောက် မွန်ပြည်သစ်ပါတီကိုယ်စားလှယ်တို့သည် မတ်လ (၁၉) ရက် မွန်းလွဲပိုင်းတွင် တပ်မတော် အထူးလေယာဥ်ဖြင့် ရန်ကုန်မှ မော်လမြိုင်မြို့သို့ ရောက်ရှိလာသည်။ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဧည့်ဂေဟာတွင် တည်းခိုကြသည်။
အနှစ် (၂၀) မြောက် မွန်ပြည်နယ်နေ့အခမ်းအနားနှင့် တိုက်ဆိုင်နေသည့်အတွက် ညပိုင်းအချိန် ပျော်ပွဲရွှင်ပွဲကျင်းပနေသော သံလွင်ဥယာဥ်နှင့် မိုင်ဒါကွင်းတို့တွင် မွန်ပြည်သစ်ပါတီ ကိုယ်စား လှယ်များကို ဒုတိယတိုင်းမှူးက လိုက်လံပို့ဆောင်ပြသသည်။
မျက်နှာစုံညီအစည်းအဝေး (ပဏာမအဖွင့်)
နေရာ ။ ။ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်မြို့
နေရက်။ ။ ၁၉၉၄ ခု မတ်လ ၂၀ မှ မတ်လ ၂၈ အထိ
အချိန် ။ ။ နံနက် (၉) နာရီ
နဝတကိုယ်စားလှယ်များ
၁။ ဗိုလ်ချုပ် ကက်စိန် တိုင်းမှူး
၂။ ဗိုလ်မှူးကြီး အောင်ဆန်း ဒုတိယတိုင်းမှူး
၃။ ဒုတိယဗိုလ်မှူးကြီးကျော်သိန်း ကကလှမ်း
၄။ ဗျူဟာမှူး
၅။ ဒုတိယဗိုလ်မှူးကြီး စိုးဌေး၊ စစ်ဆင်ရေးနှင့် ထောက်လှမ်းရေးဌာန
၆။ ဗိုလ်မှူးမျိုးမြင့် တပ်မှူး အမှတ်(၅) ထောက်လှမ်းရေးတပ်ဖွဲ့
မွန်ပြည်သစ်ပါတီကိုယ်စားလှယ်များ
၁။ ဗိုလ်ချုပ် ထောမွန်- စစ်ဦးစီးချုပ်
၂။ နိုင်တင်အောင်- ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၃။ ဒုတိယဗိုလ်မှူးကြီး ကောင်းရွတ် ဗဟိုကော်မတီဝင်
၄။ နိုင်လဝီမွန် ဗဟိုကော်မတီဝင်
၅။ နိုင်စိုးမြင့် ဗဟိုကော်မတီဝင်
ရုံးအဖွဲ့ဝင်များ
၆။ ဗညားချမ်းနွန် (မှတ်တမ်း)
၇။ နိုင်တလမွန် (မှတ်တမ်း)
၈။ နိုင်အောင်မငေး (မှတ်တမ်း)
၉။ နိုင်ဝင်းတင့် (မှတ်တမ်း)
၁၀။ ဗညားအောင်(ရုပ်သံ/ဓါတ်ပုံ)
၁၁။ ဗိုလ်ဟံသာဇွဲ (ကြေးနန်း)
အစည်းအဝေးတွင် ရတခ တိုင်းမှူးဗိုလ်ချုပ်ကက်စိန်နှင့် မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထောမွန်တို့ အပြန်အလှန်နှုတ်ခွန်းဆက်စကားပြောကြားပြီး တပ်တည်နေရာ သတ်မှတ်ရေး အသေးစိတ်ဆွေးနွေးရန် နှစ်ဖက်အလုပ်ကော်မတီများ ဖွဲ့စည်းသည်။
အလုပ်ကော်မတီကို ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးအောင်ဆန်းနှင့် မွန်ပြည်သစ်ပါတီ CEC နိုင်တင်အောင်တို့ ဦးဆောင်ပြီး မွန်ပြည်သစ်ပါတီ တပ်ဖွဲ့နေရာချထားရေးအတွက် မြေပုံချပြ၍ တပ်တည်နေရာ ရေးဆွဲသတ်မှတ် ကြသည်။ ရရှိလာသောအချက်အလက်များကို မျက်နှာစုံညီ အစည်းအဝေးသို့ ပြန်လည်တင်ပြကြပါသည်။
မှတ်ချက်-ဆွေးနွေးချက်များကို အသေးစိတ် မတင်ပြလိုပါ။
အခမ်းအနားမှူး- ဒုတိယဗိုလ်မှူးကြီး ကျော်သိန်း
-ကျနော်တို့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုယ်စားလှယ်အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ် အဖွဲ့တို့ရဲ့ ဒုတိယအကြိမ်တွေ့ဆုံညှိနှိုင်းမှုတတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး ဖြစ်ပါ တယ်၊ ပြီးခဲ့တဲ့ ၁၉၉၄ ခုနှစ် မတ်လ ၂၀ ရက်နေ့ ကျနော်တို့ ဒီမှာစတင်တွေ့ဆုံခဲ့တဲ့ အချိန်က စပြီးတော့ ဒီနေ့အချိန်ထိ တွေ့ဆုံခဲ့တဲ့အချက်အလက်များဟာ နှစ်ဦးနှစ်ဖက် ယာယီညှိနှိုင်းရရှိ ထားတဲ့အချက်အလက်များကို ကျနော်တို့ ဒီမျက်နှာစုံညီအစည်းအဝေး ကနေ အတည်ပြုပေးဖို့ ဖြစ်ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့တစ်စုံစီပေး ထားပြီးဖြစ်ပါတယ်။ အဲဒါနဲ့ပတ် သက်ပြီးတော့ နှစ်ဦးနှစ်ဖက် ကိုယ်စားလှယ်အဖွဲ့များ အနေနဲ့ ဘာများပြင်ဆင်ဖို့ရှိပါသလဲ၊ မရှိဘူး ဆိုရင် ဒါကို ကျနော်တို့ အတည်ပြုသွားမှာ ဖြစ်ပါတယ်။
နှစ်ဦးနှစ်ဖက် ယာယီညှိနှိုင်းရရှိချက်များ ပြင်ဆင်ဖို့မရှိဘူးဆိုရင် ဒုတိယအကြိမ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကိုယ်စားလှယ်အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီကိုယ်စားလှယ် အဖွဲ့တို့ရဲ့ တွေ့ဆုံမှုဟာ ဒီအဆင့်ထိ ကျနော်တို့ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒီရရှိခဲ့တဲ့အဆင့်အပေါ် အခြေခံပြီးတော့ ထပ်မံတွေ့ ဆုံဖို့အခြေအနေနဲ့ပတ်သက်ပြီးတော့ မကြာခင်ကာလ အတွင်းမှာ ကျနော်တို့ တတိယအကြိမ် ထပ်မံတွေ့ဆုံဖို့ လိုပါမယ်။ လိုအပ်တဲ့နေရာမှာ ကျနော်တို့ အချိန်သိပ်မဆွဲဘဲနဲ့ လက်ရှိအချိန် ကန့်သတ်ချက်ရှိလာတဲ့အခြေအနေပေါ် မူတည်ပြီး တော့ မွန်ပြည်သစ်ပါတီကိုယ်စားလှယ် အဖွဲ့ တွေအနေနဲ့ ဗဟိုကိုပြန်လည်တင်ပြဖို့ ပြန်လည်သွားဖြစ်ပြီးနောက်ပိုင်း တစ်လအတွင်းမှာ ကျနော်တို့နဲ့ ပြန်တွေ့ဆုံမယ့်အခြေ အနေကို ပြန်ပြီးတော့ အကြောင်းကြားပေးဖို့ ကျနော့အနေနဲ့ တင်ပြအပ်ပါတယ်။
နောက်တစ်ခုကတော့ ဒီဒုတိယအကြိမ်တွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့ လက်ရှိနှစ်ဦး နှစ်ဖက် ယာယီညှိနှိုင်းချက်များ သိရှိရပြီး နောက်ပိုင်းမှာတော့ နှစ်ဦးနှစ်ဖက်ခေါင်းဆောင် များအနေနဲ့ အခြေအနေများကိုပြန်လည်သုံးသပ်ပေးဖို့ တင်ပြအပ်ပါတယ်။ ဦးထောမွန် တို့ဘက်က ဘာများ ရှိပါသလဲ။
ဗိုလ်ချုပ် ထောမွန်
-ကျနော် တင်ပြချင်တာက ကျနော်တို့ညှိနှိုင်းရရှိထားချက်က ဘာမှရေရေရာရာမဟုတ် သေးဘူး သဘောက၊ ဒါပေမယ့် ဆက်သွယ်ရေးစခန်းတို့ ဘာတို့ နှစ်ဖက်ထိန်းသိမ်းကြဖို့၊ ကျန်တဲ့ အဓိက စပြီးကိုင်တွယ်မယ့် ဖြေရှင်းရမယ့်ပြဿနာက ကျနော်တို့အပစ်အခတ် ရပ်စဲဖို့ရည်မှန်းထားတဲ့ နေရာပေါ့ တပ်နေရာခွဲခြမ်းသတ်မှတ်ဖို့ အဲဒါကိုသေသေချာချာ ညှိနှိုင်းလို့ မရသေးတဲ့သဘော ပေါ့၊ အဲဒီတော့ ကျနော်တို့လည်း ပြန်သွားပြီး ဗဟိုကို တင်ပြသွားမယ် တဖက်ကလည်း တိုင်းမှူး ကြီးတို့ လူကြီးတွေကို တင်ပြပေးပါ။
အလေးအနက်ထားပြီး အချက်လေး ၂ ချက်တင်ပြချင်တာက ကျနော်တို့ ရည်မှန်းထားတဲ့ ပြည် တွင်းငြိမ်းချမ်းရေး အဲဒါကိုကိုင်တွယ်ဆောင်ရွက်တဲ့နေရာမှာ နှစ်ပေါင်းရှည်ကြာစွာ ပဋိပက္ခရှိခဲ့တဲ့ အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားပြန်လည်ညီညွတ်ရေးအတွက် ပြန်ပြီး တည်ဆောက်ဖို့လို မယ်၊ အဲဒီလို အမျိုးသား ညီညွတ်ရေးတည်ဆောက်ပြီးရင် ငြိမ်းချမ်းရေး ရယူနိုင်မယ်။
ဒီနေရာမှာဆိုရင် အပစ်အခတ်ရပ်စဲရေးအတွက် တပ်နယ်မြေပေးထားတဲ့နေရာမှာ သံသယ ကင်းဖို့ နားလည်မှုတွေ အပြည့်အဝရှိဖို့အတွက်ကို တဆင့်ပြီးတဆင့် လုပ်ငန်းတွေ ဖော်သွားဖို့ လိုမယ်၊ အဲဒီရည်မှန်းချက်ဖြစ်ဖို့ အပစ်အခတ်ရပ်စဲရေးရဖို့အတွက် အကောင် အထည်ဖော်တဲ့ နေရာမှာ ပထမအဆင့် တပ်နေရာခွဲခြားသတ်မှတ်ရေး အဲဒီနေရာမှာ ကျနော်တို့အနေနဲ့ ပြန်ပြီး တင်ပြချင်တာက စလုံးရေးစဆိုတာနဲ့ ကျနော်တို့တပ်ကို ပြန်စုဖွဲ့တဲ့နေရာမှာ ပုံပျက်ပန်းပျက် တခါတည်းနဲ့ အားလုံးစုပြီးတော့ စုပြီးဖွဲ့ ဖွဲ့နေရတဲ့ သဘော အဲဒီလို စလုံးရေးစဆိုတာနဲ့ ကျနော် တို့တပ်တွေကို ပုံပျက်ပန်းပျက် စုရမယ်ဆိုရင် ကျနော်တို့အတွက် အများကြီး အခက်အခဲရှိမယ်၊ သဘောက ကျနော်တို့ရှိပြီးသားတပ် ဖွဲ့ထားတဲ့ပုံစံက အမြဲတမ်းတပ်ရှိမယ် ခရိုင်ပြောက်ကျား တပ်ရှိမယ် မြို့နယ်ပြောက်ကျား တပ်ရှိမယ် အဲဒီတပ်တွေက နှစ်ရှည်လများအခြေခံပြီး ဖွဲ့စည်း လှုပ်ရှားခဲ့တာ ဖြစ်တယ်၊
အဲဒီအခြေခံဖွဲ့စည်းပုံကို တဖက်ကလည်းအလေးအနက် စဥ်းစားပေးဖို့လိုတယ်၊ သဘောက အဲဒီပုံစံကိုအဖြစ်နိုင်ဆုံး စဥ်းစားပေးဖို့လိုမယ်၊ အဖြစ်နိုင်ဆုံးဆိုတာက ခုနပြောသလို ဥပမာ ခရိုင်ပြောက်ကျားတပ်ရှိတယ် မြို့နယ်ပြောက်ကျားတပ်တွေ သီးခြားလှုပ်ရှားနေ တာရှိတယ် အဲဒါတွေပြန်လည်စုဖွဲ့တဲ့နေရာမှာ ပထမအဆင့်အနေနဲ့ ခရိုင်တပ် မြို့နယ် တပ်တွေကို ပြန် လည်စုဖွဲ့တဲ့နေရာမှာ သူရဲ့အခြေခံပုံစံကို မပျက်စေချင်တဲ့သဘောပါ။ ဥပမာအနေနဲ့ မြို့နယ် တစ်ခုမှာ စုဖွဲ့မှုအနေနဲ့ အနိမ့်ဆုံး ၂ နေရာ ဖြစ်သင့်တယ်၊ ဒါမှ တဆင့်ပြီးတဆင့် သံသယတွေ ကင်းလာမယ် နားလည်မှုပိုရှိလာမယ် အဲဒီလိုတဆင့်ပြီး တဆင့် စုဖွဲ့မယ်ဆိုရင် အခက်အခဲ တွေနည်းမယ်။
ဒီမှာတင်ပြထားသလိုမျိုးကြည့်ရင် ဥပမာ မော်လမြိုင်ခရိုင် တစ်ခုလုံးကို တပ်ဖွဲ့စုတာက တစ်နေရာထဲ၊ သထုံခရိုင်မှာလည်းအဲဒီလို၊ ခရိုင်တွေမှာဆိုရင် ခရိုင်တပ်တွေရှိမယ် မြို့နယ် ပြောက်ကျားတပ်တွေရှိမယ် အဲဒါကိုအားလုံး စလုံးရေးစဆိုတာနဲ့ တစ်နေရာထဲ စုမယ် ဆိုရင် ကျနော်တို့အတွက် ရှိနေတဲ့ပုံစံနဲ့ ဖြစ်နေတဲ့အခြေအနေနဲ့ နည်းနည်းကွာလှမ်း နေတဲ့အကြောင်း အဲဒါကို ဥပမာအနေနဲ့ မော်လမြိုင်ခရိုင်တပ်ဆိုရင် တစ်နေရာထဲ စုဖွဲ့ဖို့ သဘောတူထားတာကိုး သထုံခရိုင်လည်း ဒီလိုပဲ ထားဝယ်ခရိုင်လည်း ထို့နည်းလည်း ကောင်းပဲ။
အဲဒီလို ကျနော်တို့မှာ ရှိနေတဲ့ပုံစံ အနေအထားပေါ့ အဲဒီကနေတဆင့်ပြီးတဆင့် တက်မယ် ဆိုရင် နားလည်မှုတွေရှိလာမယ် သံသယတွေလည်း ပိုရှင်းလာမယ် နောက်တဆင့် ကျနော်တို့ တက် လှမ်းတဲ့နေရာမှာ ပိုပြီးအဆင်ပြေမယ် အမျိုးသားညီညွတ်ရေး ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အလားအလာ ပိုပြီးတော့ စိတ်ချယုံကြည်မှုရှိလာမယ်။ အခုစုဖွဲ့မယ့် ပုံစံက ခရိုင်တပ်တွေမှာ မြို့နယ်တပ်တွေအားလုံးလာပြီး တစ်နေရာထဲစုနေမယ် စလုံးရေး စဆိုတာနဲ့ အဲဒီလိုဖြစ်မယ် ဆိုရင် ခက်ခဲမယ်။
တဖက်ကိုယ်စားလှယ်ကပြောပါတယ် “ပိုနေမြဲ ကျားနေမြဲ” ပြောပေမယ့် တဖက်ကတပ် တွေ ကျတော့“ပိုနေမြဲ ကျားနေမြဲ”သဘောဖြစ်တယ် ကျနော်တို့တပ်တွေကျတော့ တခါထဲ အားလုံး တစ်နေရာထဲ စုရမယ့်သဘော အဲဒီလိုရှိနေတယ်၊ ဒါပေမယ့် မစုဘူးလို့ ကျနော်တို့ ငြင်းနေတာ မဟုတ်ဘူး၊ စုပေးမယ် ကျနော်တို့ပြောသလိုမျိုး ဖြစ်နိုင်တဲ့အခြေအနေ အဆင့်ထိ ရှိလား။
ကျနော်တို့တတွေ နားလည်မှုတွေရှိဖို့ အထင်အမြင်လွဲမှုတွေ သံသယတွေပိုပြီးတော့ တဖြည်း ဖြည်းနဲ့ ရှင်းလင်းလာမယ်ဆိုရင် ရှေ့အတွက်ဆို အလားအလာကောင်းလာမယ် အဆင်ပြေမယ် စိတ်ချယုံကြည်မှုတွေပိုပြီးတော့ရလာမယ် အဲဒီအချက်တွေကို တိုင်းမှူး ကြီးကနေတဆင့် သက်ဆိုင်ရာအထက်လူကြီးတွေကို အလေးအနက်ထား စဥ်းစားပေးဖို့ ဒါကတစ်ချက် ထပ်ဖြည့် ပေးဖို့ပြောလိုပါတယ်။
နောက်တစ်ချက်က တပ်တွေပြန်စုဖွဲ့တဲ့နေရာမှာ မြိတ်ခရိုင်ဆိုပါတော့ ကျနော်တို့မှာ ဆယ်စုနှစ် နဲ့ချီပြီးတော့ ရှိခဲ့ပါတယ်။ အလုပ်အဖွဲ့ (Working Committee) ဆွေးနွေးချက် တွေကိုဖတ်ကြည့် တော့ တိုင်းမှူးကြီးတို့ရဲ့အလုပ်အဖွဲ့ဘက်ကနေ အဲဒီမြိတ်ခရိုင်နဲ့ ပတ်သက်ပြီး ထည့်သွင်းစဥ်းစား ထားတဲ့အခြေအနေမရှိဘူးလို့ မြင်တယ်။
အဲဒါနဲ့ပတ်သက်ပြီး အလေးအနက်ထားတင်ပြချင်တာက ကျနော်တို့ရဲ့မွန်အမျိုးသား လွတ် မြောက်ရေးတပ်မတော် MNLA ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မြိတ်ခရိုင်ပျောက်ကျား တပ်ကို မစဥ်းစားဘူးဆိုရင် မွန်ပြည်သစ်ပါတီအဖွဲ့အစည်းနဲ့ ငြိမ်းချမ်းရေး ညီညွတ်ရေးကို လက်တွဲသွား ရေးအတွက် အခက်အခဲရှိပါလိမ့်မယ် ကျနော်ပွင့်ပွင့်လင်းလင်း တင်ပြတာပါ။
သဘောက ကျနော်တို့ခန္ဓာကိုယ်တစ်ခုထဲမှာ လက်တစ်ဖက်ကို ထည့်မတွက်ဘူး အဲဒီ သဘော ဖြစ်နေရင် ကျနော်တို့အတွက် အခက်အခဲအများကြီးရှိတဲ့အကြောင်း ဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်နိုင်တဲ့အနေအထား ရှေ့လျှောက်လှမ်းရမယ့်ငြိမ်းချမ်းရေး ကျနော်တို့နိုင်ငံရဲ့ စည်ပင်ဖွံ့ဖြိုး သာယာရေး တိုင်းရင်းသားတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ရည်စူးပြီးတော့ အလေးအနက်ထား ကြိုးစားပြီးတော့ ပြန်လည်သုံးသပ်ပေးပါလို့ ကျနော့အနေနဲ့ နောက်ဆုံး ပြန်လည်ဆွေးနွေးတင်ပြလိုပါတယ်။
အထက်ပါအစည်းအဝေးတွင် လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်နိုင်ရေး အတွက် လူထု၏ထောက်ခံမှုပိုမိုရရှိစေဖို့အပြုသဘောဆောင်သည့် နိုင်ငံရေးဖြေလျှော့ပေးမှု အနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မွန်ဒီမိုကရေစီပါတီ MNDF ခေါင်းဆောင်များဖြစ်သည့် နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်း၊ နိုင်ခင်မောင်နှင့် နိုင်ဗလတို့ကို အကျဥ်းထောင်မှ ပြန်လွှတ်ပေးရန် မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့က နဝတကိုယ်စားလှယ်အား အလွတ်သဘောဆွေးနွေး တင်ပြခဲ့ပါသည်။
ဒုတိယအကြိမ် အစည်းအဝေးပြီးဆုံး၍ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့သည် မော်လမြိုင် လေဆိပ်မှတဆင့် တပ်မတော်အထူးလေယာဥ်ဖြင့် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ရှိ လေတပ် စခန်းသို့ မတ်လ(၂၉) ရက်တွင် ပြန်လည်ထွက်ခွာပြီး ထိုင်းနယ်စပ်ရှိ ဗဟိုဌာနချုပ်သို့ ရောက်ရှိသွားသည်။
*ဖတ်ရှုပေးသည့်အတွက် အထူးကျေးဇူးတင်ပါသည်၊ ဆက်လက်ဖော်ပြသွားပါမည်။