တနသႅာရီတိုင်း ရေဖြူမြို့နယ် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ မျောက်ချောရွာအနီးတဝိုက်မှ မွန်စစ်ဘေးရှောင် ၁၀၀ ကျော်တို့သည် ထိုင်းနယ်စပ် ဟလော့ဟနီရွာသို့ ယနေ့ညနေပိုင်းတွင် ရောက်ရှိလာကြောင်း သိရသည်။
စစ်ဘေးရှောင်တစ်ဦးက “ရွာကိုပြန်လို့ မဖြစ်ဘူး ဗမာစစ်တပ်တွေ ဆက်ပြီးရှိနေတယ်၊ သေနတ်တွေပစ်လိုက် လက်နက်ကြီးတွေ ရမ်းသမ်းပစ်လိုက်နဲ့၊ အိမ်မပြန်ရဲဘူး၊ နောက်မှာ ရွာသားတွေ အများကြီးဘဲ ကျန်နေသေးတယ်၊ ချောင်းရေကြီးတယ်၊ ဖြတ်လို့မလွယ်ဘူး” ဟု ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များအတွက် လတ်တလောတွင် ဆန်၊ စားနပ်ရိက္ခာများ၊ အဝတ်အထည်များနှင့် စောင်များ အရေးပေါ်လိုအပ်လျက်ရှိကြောင်း အအာကယ်ဆယ်ရေးအဖွဲ့က နှိုးဆော်ထားသည်။
အလားတူ ရေဖြူမြို့နယ် အလယ်စခန်းရွာတွင်လည်း မွန်စစ်ဘေးရှောင် ၅၀ ကျော်ရောက်ရှိနေပြီး စားနပ်ရိက္ခာများအတွက် လိုအပ်လျှက်ရှိကြောင်း သိရသည်။
အချို့စစ်ဘေးရှောင်များမှာ ထိုင်းနယ်မြေစံခလပူရီသို့လည်းကောင်း၊ ထောင်ဖာပွန်ဘက်သို့လည်းကောင်း ဦးတည်၍ ထွက်ခွာသွားကြသည်ဟု နီးစပ်သူများက ပြောသည်။
မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်အနီးရှိ မျောက်ချောရွာနှင့် မရော့ချိုင်းရွာတို့ကို ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က မြန်မာစစ်တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်သည့်အပြင် လေကြောင်းမှလည်း ဗုံးကြဲခဲ့သောကြောင့် နေအိမ်များ မီးလောင်ပြီး ရွာသားများအားလုံး ဘေးလွတ်ရာ ထိုင်းနယ်စပ်ဘက်သို့ ဦးတည်၍ ထွက်ပြေးလာကြသည်ဟု ထိုင်းနိုင်ငံရောက် မိသားစုဝင်များထံမှ သိရသည်။