လာမည့် ဇွန်လ ၂၉ ရက်ဆိုလျင် ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်ကတည်းက မွန်ပြည်သစ်ပါတီ NMSP အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်မှာ ၂၉ နှစ်တင်းတင်း ပြည့်ပါတော့မည်။
ယင်းသို့ အပစ်အခတ်ရပ်စဲနိုင်ရန် တစ်နှစ်ခွဲကာလခန့် ဆွေးနွေးပွဲများ ကျင်းပခဲ့ရပါသည်။ ထို့ကြောင့် မွန်ပြည်သစ်ပါတီအပစ်ရပ်စဲရေး အနှစ် ၃၀ ခရီးကို ပြန်လည်မျှော်ကြည့်လိုက်သော် အပိုင်းလိုက် ခေါင်းစဥ်တပ်ပြီး တင်ပြလိုပါ၏။
ငြိမ်းချမ်းရေးကမ်းလှမ်းချက်အပေါ် နိုင်ရွှေကျင်၏ သုံးသပ်ချက်မိန့်ခွန်း
နဝတ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းလာသည့်အပေါ် ဗဟိုကော်မတီ အရေးပေါ် အစည်း အဝေးတစ်ရပ်ကို ၁၉၉၃ ခုနှစ် အောက်တိုဘာလဆန်းပိုင်းတွင် ထိုင်းနယ်စပ်ရှိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်၌ ခေါ်ယူကျင်းပခဲ့ရာ ၃ ပတ်ခန့်ကြာမျှ ဆွေးနွေးကြပါသည်။
“ဒီကနေ့ မိမိတို့ ဒီနေရာမှာလာရောက်တွေ့ဆုံကြတာဟာ ပြီးခဲ့တဲ့ဒုတိယအကြိမ် ပါတီဗဟို ညီလာခံ ပြီးဆုံးသွားတဲ့နောက်ပိုင်းမှာ မိမိတို့ဗဟိုကော်မတီတွေ ပထမအကြိမ်တွေ့ဆုံတာ ဖြစ်တယ် အစီရင်ခံစာထဲမှာ ဘာဖြစ်လို့ အထူးအရေးပေါ်အစည်းအဝေးလို့ ပြောရသလဲဆိုရင် ဒီကနေ့ဆိုရင် ကချင်ရဲ့ပြဿနာ၊ ရန်သူနဝတကနေ အပစ်အခတ်ရပ်စဲရေး နည်းပရိယာယ် ကစားလာတဲ့ကိစ္စ၊ အပစ်အခတ်ရပ်စဲရေးဆိုတာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးတာမဟုတ်ဘူး စစ်ရေးကိစ္စသပ်သပ်ကိုပဲ စကားပြောဆိုတာဖြစ်တယ်။ လက်ရှိသူတို့ကျင်းပနေတဲ့ အမျိုးသား ညီလာခံပြီးတော့မှပဲ နိုင်ငံရေးကိုသူတို့ပြီးပြတ်အောင် လုပ်ဖို့ရှိတယ်။
လတ်တလောမှ သူတို့(နဝတ) အပစ်အခတ်ရပ်စဲရေးပဲ လုပ်ထားချင်တယ် စစ်ရေးအရပဲ စကား ပြောမယ်ဆိုတယ်၊ ဘာကြောင့် ဒီလိုဖြစ်လာသလဲဆိုရင် နိုင်ငံတကာပေါ့လေ ကုလသမဂ္ဂ အပါ အဝင် ဒီမိုကရေစီနိုင်ငံတွေက နဝတကိုဖိအားပေးနေတယ် ဒါကို သူတို့ခေါင်းကြိမ်းနေရတယ်။ လက်ရှိ လက်နက်ကိုင်အဖွဲ့တွေမှာ အင်အားရှိနေသေးတာက မဒတတပ်ပေါင်းစု၊ မဒတအထဲမှာ မှ ၄ ပါတီ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်။ ဒီအဖွဲ့အစည်းတွေနဲ့ သူတို့သာ အပစ်အခတ်ရပ်စဲထား နိုင်ခဲ့ရင် နိုင်ငံတကာကနေ ဘယ်လိုဖိအားမျိုးပဲလာပါစေ သူတို့မမှုတော့ဘူး၊ အခုအနေအထား မှာတောင် သူတို့ဂရုမပြုလောက်ဘူး၊ ရွေးကောက်ပွဲပြီးခဲ့တာ ၃ နှစ်ရှိပါပြီ သူတို့ အာဏာလွှဲမပေး ဘူး၊ နိုင်ငံတကာကို သူတို့ညာခဲ့ပုံက လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးမယ် အနိုင်ရသူ ကို အာဏာလွှဲပေးမယ် ဒါပေမယ့် ရွေးကောက်ပွဲလည်းပြီး သူတို့လူတွေမနိုင် ၁၀ နေရာလောက် ပဲရတာ အတိုက်အခံဘက်က ၈၀% အနိုင်ရလိုက်တယ် ဒါပြီးတော့ သူတို့လေသံပြောင်းသွား ပြန် တယ် ၁/၉၀ ထုတ်လိုက်တယ်။
၁/၉၀ အရ ရွေးကောက်ပွဲအနိုင်ရသူတွေကို ဖမ်းဆီးတယ် ဖမ်းဆီးနှိပ်စက်တာ ထောင်ထဲမှာ သေဆုံးတာလည်းရှိနိုင်တယ် NLD အပြင် ရွေးကောက်ပွဲအနိုင်ရတိုင်းရင်းသားပါတွေ မွန်မှာ ဆိုရင် အမတ်ရွေးခံရတဲ့ နိုင်ထွန်းသိန်း နိုင်ခင်မောင်တို့ကိုဖမ်းဆီးပြီး ပြန်လွှတ်ပေးတာရှိတယ် သူတို့အသုံးချဖို့၊ နိုင်ငွေသိမ်း နိုင်ဗလတို့ကိုတော့ အခုဖမ်းထားတုန်းပဲ၊ အခုလိုဖမ်းဆီးထားတဲ့ ကြားကပဲ မွန်တွေအပေါ် သူတို့ဦးတည်လာပြန်တယ် မွန်ချည်းသက်သက်မဟုတ်ဘူး ခုနပြောတဲ့ တိုင်းရင်းသား ၄ ပါတီကို ဦးတည်လာတာ။ အဲဒီတိုင်းရင်းသား ၄ ပါတီထဲက ကချင် (KIO) က ဆွေးနွေးပွဲကိုလက်ခံထားတယ်၊ ကချင်ထုတ်ပြန်ထားတာရှိတယ် ဝတို့ ရှမ်းတို့ ကိုးကန့်တို့ ဆွေးနွေးသလိုမျိုးမဟုတ်ဘူးတဲ့၊ အချက်အလက်ခိုင်ခိုင်မာမာနဲ့ အလေးအနက် တွေ့ဆုံဆွေးနွေး တာလို့ ဆိုတယ် ဖေဖော်ဝါရီလကတည်းက ဆွေးနွေးလာခဲ့တာ ဘာတစ်ခုမှနေရာ မကျသေးပါ ဘူး ဒါပေမယ့် ယာယီအပစ်ရပ်စဲထားတယ် ဆွေးနွေးနေဆဲကာလ ကချင်ပြည်နယ်မှာ တိုက်ပွဲမရှိ ဘူး၊ အသိအမှတ်မပြုနိုင်သေးတဲ့နေရာတွေမှာ တိုက်ပွဲရှိနေသေးတယ် အသိအမှတ်ပြုထားပြီးတဲ့ နေရာတွေမှာ တိုက်ပွဲမရှိတော့ဘူး။
ကချင်ပြောတာက ကိုးကန့်၊ ဝ၊ ရှမ်းတို့အပစ်ရပ်စဲတဲ့နေရာမှာ စီးပွားရေးလုပ်ကိုင်ခွင့် ရထားတာ လို့ ဆိုတယ် ဘာစီးပွားရေးလဲ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်း။ ကချင်က ဒီလို မဟုတ်ဘူး ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးရေး တားမြစ်လိုက်တယ် ကမ္ဘာကတောင် အသိ အမှတ်ပြုထားတာ ဒါကသူတို့ရဲ့ ထူးခြားမှုပဲ။ နိုင်ငံရေးအရ ဆွေးနွေးနေတယ် ဘယ်လိုအနေ အထားလည်းဆိုရင် (၁) အချက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တောင်းဆိုနေတယ် (၂) အချက် ကချင် KIO အဖွဲ့အစည်းတစ်ခုနဲ့ပဲ ဆွေးနွေးရင် တစ်နိုင်ငံလုံး ငြိမ်းချမ်းနိုင်မှာမဟုတ်ဘူး အတိုက်အခံတွေအားလုံး ရွေးကောက်ပွဲအနိုင်ရ ဗမာတွေ တိုင်းရင်းသားတွေကိုလည်း လက်ခံ ဆွေးနွေးဖို့ ကချင်အဲဒီအပေါ်မှာ ရပ်တည်နေတာဖြစ်တယ် ဒီနံပါတ် (၂) အချက်ကို တင်ပြထား ဆဲဖြစ်တယ် လက်မခံသေးပါဘူး၊ (၃) အချက် ပြည်သူများကို ဖိနှိပ်ထားတဲ့ဥပဒေတွေ ရုပ်သိမ်း ပြီး ဒီမိုကရေစီဖွင့်ပေးဖို့ (၄) အချက်က ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး ပြန်လွှတ်ပေးဖို့ အဲဒီလို တဆင့်ပြီးတဆင့် တက်သွားမှာ။
ရန်သူနဝတဟာ စစ်ရေးအရ မိမိတို့ကိုချေမှုန်းလို့မနိုင်ပါဘူး အနှစ် ၄၀ ကျော် ၄၅ ရှိပါပြီ အရင်က ဆို အနီသမား(ဗကပ) တွေရှိနေလို့ဆိုပြီး သူတို့လက်ညှိုးထိုးတယ် အနီတွေကို ဝတွေ အာဏာ သိမ်းလိုက်ပြီ မရှိတော့ပေမယ့် သူတို့မတတ်နိုင်ပါဘူး ဒီကြားမှာ မိမိတို့တိုင်းရင်းသားတွေ ဗမာ လည်းပါတယ် နိုင်ငံတကာထွက်ပြီး ကုလသမဂ္ဂအထိ ဝါဒသွားဖြန့်တယ် နိုင်ငံတကာကို စည်းရုံး တယ် မိမိတို့နိုင်ငံမှာ စစ်အာဏာရှင် ကြီးစိုးနေတယ် လူ့အခွင့်အရေးကို သူတို့လေးစားလိုက်နာ မှုမရှိဘူး သူတို့ကိုလည်း မိမိတို့မဖြုတ်ချနိုင် မိမိတို့ကိုလည်း သူတို့မဖြိုနိုင်ကြာပြီဖြစ်နေတော့ နိုင်ငံတကာအနေနဲ့ အကူအညီပေးသင့်ပါတယ် အဲဒီလိုလိုက်စည်းရုံးတော့ ဖိအားပေးလာတာ ရှိတယ်၊ အမေရိကန်နိုင်ငံမှ ပါတီ ၄၀ ကျော်ကလည်း ကုလသမဂ္ဂကို တင်ပြဖို့ရှိတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်းပဲ မနှစ်ကနိုဗယ်ဆုရှင် ၈ ဦးတောင်းဆိုခဲ့တာရှိတယ် ဒေါ်အောင်ဆန်းစု ကြည်ကို လွှတ်ပေးဖို့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေ ဖွင့်ပေးဖို့ ကုလသမဂ္ဂထိုင်ခုံဟာ နဝတ ကိုယ်စားလှယ်အတွက်မဟုတ်ဘူး မိမိတို့နိုင်ငံနဲ့သက်ဆိုင်တယ် မိမိတို့နိုင်ငံထိုင်ခုံ Burma Seat မှာ နဝတကိုပေးထိုင်ဖို့မသင့်ဘူး သူတို့ဟာ လူ့အခွင့်အရေးကို လိုက်နာစောင့်ထိန်းမှုမရှိဘူး ပြည်သူတွေအပေါ် အကြမ်းဖက်တယ်၊ အိမ်နီးချင်းနိုင်ငံတွေ ရန်ပြုတဲ့အနေအထားမရှိဘဲနဲ့ စစ်အင်အားတိုးချဲ့တာဟာ ပြည်သူတွေကို ဖိနှိပ်ဖို့ဖြစ်တယ် သူတို့အဲလိုမြင်ကြတယ်။ နိုင်ငံတကာအနေနဲ့ ဂျပန်၊ သြစတေးလျတို့ဆိုရင် အရင်ကပြောဆိုတာမရှိခဲ့ဘူး အခုဆိုရင် သူတို့ အသံကို ကျယ်ကျယ်လောင်လောင်ကြားနေရပြီ ဂျပန်အမတ်၃၀၀ ကျော်လောက်က ကုလသမဂ္ဂ တင်ပြခဲ့တာရှိတယ် နဝတနေရာကိုပြောင်းလဲပစ်ဖို့။
ဒါကြောင့်လည်းပဲ ဒီလိုမျက်နှာပူနေရတာကို ကမ္ဘာကိုပြသနိုင်ဖို့ အနီ(ဗကပ) တွေကိုလည်း တိုက်နေရ တိုင်းရင်းသားတွေကိုလည်း တိုက်နေရတယ် ဒါကြောင့်အခက်တွေ့နေတာလို့ ထိုင်း ကိုဟိုတုန်းက သူတို့ပြောခဲ့တယ် ထိုင်းတွေကတဆင့် မိမိတို့ကို ဖိအားပေးလာတယ် သူတို့နဲ့ဆွေး နွေးဖို့။ ဆွေးနွေးရေးကိုလက်မခံသေးပါဘူး ထိုင်းစစ်ဘက်အရာရှိတစ်ယောက်က ပြောလာပါ တယ် ကန်ချနပူရီ၊ တာ့ခ်၊ ချင်းမိုင်အုပ်ချုပ်ရေးဘက်က ဆွေးနွေးပြောဆိုနေကြပြီ နယ်စပ်မျဥ်း ကြောင်းတွေပိတ်ဖို့အတွက် ခင်ဗျားတို့နဝတနဲ့ မဆွေးနွေးဘူးဆိုရင် နယ်စပ်ပိတ်လိုက်ဖို့ အရိပ် အမြွက်ပြောဆိုလာတာရှိတယ်ဆိုပြီး ဗိုလ်မြပြောလာတယ် ကျနော်တို့က သူတို့ဘက်ခြမ်း ခိုလှုံ နေရတာရှိတယ် ဒီလိုပြောလာတဲ့အတွက် ကျနော်တို့ နဝတနဲ့ဆွေးနွေးရမယ်လို့ဆိုတယ်။
ဆွေးနွေးကြမယ် လူရွေးတာပေါ့ မိမိပါတယ် ဘရန်ဆိုင်း၊ မာတာ(ဒေါက်တာ) လည်းပါတာပေါ့ ချင်းမိုင်မှာဆွေးနွေးဖို့၊ ကမ်းလှမ်းလိုက်တော့ အဲဒီအချိန်မှာ စောမောင် (ဗိုလ်ချုပ်မှူးကြီး) တိုင်း ပြည်အကြီးအကဲဖြစ်နေတာပေါ့၊ သူတို့ဘက်က လက်မခံလို့ ဒါနဲ့ပဲ အစီအစဥ်ပျက်သွားတယ်။ အဲဒီကာလမှာက အခြေအနေတမျိုး။
အခုဘယ်လိုဖြစ်နေသလဲဆိုရင် အရင်ကဆို ကုလသမဂ္ဂအနေနဲ့ အရေးယူဖို့ ပြောဆိုတာမျိုး မရှိ သလို နိုင်ငံတကာဘက်ကလည်း အခုလိုလှုပ်လှုပ်ရှားရှားဖြစ်မနေပါဘူး၊ ၁၉၉၁ ခုနှစ် ကုလသ မဂ္ဂဆုံးဖြတ်ချက်မှာ နဝတကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရသူကို မဖြစ်မနေ အာဏာလွှဲအပ် ပေးဖို့၊ လူ့အခွင့်ရေး ဒီမိုကရေစီရေးတို့ကိုလေးစားလိုက်နာဖို့ ဖမ်းဆီးထားသူအားလုံး လွှတ်ပေးဖို့ ပြည်သူလူထုရဲ့ဆန္ဒကို လေးစားလိုက်နာဖို့ ဒါတွေကို သူတို့အရေးမလုပ်ပါဘူး။
ဒုတိယအချက် မနှစ်ကထက်ပိုလာတယ် ဂျပန်က မစ္စတာယိုဇိုယိုကိုတာ ကျနော်တို့နိုင်ငံကို လာ တယ် ထောင်ထဲသွားခွင့်မပေး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မပေး။ ကျနော်တို့နဲ့ ယိုကိုတာ ဘန်ကောက်မှာ တွေ့ဆုံတယ် ဂျနီဗာမှာ သူတင်ပြနေတဲ့အချိန် ကျနော်တို့လည်း အဲဒီကိုရောက် နေတယ် မနှစ်ကထက်ဘာတွေပိုလာသလဲဆိုရင် ခုနပြောတဲ့ ၃ ချက်အပြင် မာနယ်ပလော(KNU ဌာနချုပ်) ကို သူတို့(နဝတ) ထိုးစစ်ရပ်လိုက်ပေမယ့်လည်း Ethnic Cleansing လူမျိုးသုဥ်း ဆို တာကို နည်းအမျိုးမျိုးနဲ့ လုပ်နေတာရှိတယ်လို့ ပါမောက္ခ ယိုကိုတာတင်ပြချက်မှာ ပါလာတယ် ဖမ်းဆီးခံထားတဲ့လူတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို နာမည်နဲ့တကွဖော်ပြတယ် လွှတ် မပေးသေးပါဘူး သူမြန်မာနိုင်ငံသွားစဥ် သူမနဲ့တွေ့ခွင့် မပေးခဲ့ပါဘူး၊ ထောင်မှာ တွေ့ဖို့တောင်း ထားတာကိုလည်း တွေ့ခွင့်မပေးတဲ့အပြင် ခြိမ်းခြောက်တာလည်းရှိတယ် အစီရင်ခံစာမှာ ဖော်ပြ တယ်။
ဒီနှစ်မှာ ထိုင်းအမတ်တွေ တရားမျှတမှုနဲ့ လူ့အခွင့်ရေးစောင့်ရှောက်ရေးအဖွဲ့မှာ အမတ် ၁၇ ဦး ပါရှိတယ် ဒေါက်တာဆူတင် ဆိုတဲ့ပုဂ္ဂိုလ်ဦးဆောင်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်လောက် လှည့် လည်သွားဖို့ရှိမယ် ဒီမိုကရေစီနိုင်ငံတွေက လူထုရွေးချယ်ထားတဲ့ လွှတ်တော်အမတ် ၁၀၀၀ ကျော် လက်မှတ်ထိုးဖို့ရှိတယ် အဲဒီလက်မှတ်တွေရပြီးရင်း “ဘူးထရို့ဂါလီ” ဆီကိုတင်ပြမယ် နဝတအပေါ်အရေးယူဖို့၊ ဘာကျန်သေးလဲဆိုရင် စီးပွားရေးအရ အဆက်အသွယ်ဖြတ်တောက်ဖို့ အရင်က ဥရောပတို့ အမေရိကန်တို့လုပ်ခဲ့တာ သူတို့မမှုပါဘူး လူသားချင်းစာနာ ထောက်ထားမှု အကူအညီမှလွဲပြီး တခြားဟာမပေးဖို့ သူတို့ကိုပေးရင် လက်နက်ဝယ်ပြီး လူထုကိုဖိနှိပ်ဦးမှာပဲ ဒါကြောင့် စီးပွားရေးပိတ်ဆို့ဖို့၊ ဒုတိယအချက်မှာ နဝတကို လက်နက်တွေမရောင်းပေးဖို့ တတိယ အချက်က ကုလသမဂ္ဂထိုင်ခုံနေရာမှာ မြန်မာကိုယ်စား နဝတကိုထိုင်ခွင့်မပြုဖို့ အဲဒီကနေ တဆင့် ပြီးတဆင့် အရေးယူသွားဖို့ တင်ပြထားတယ် အချုပ်အားဖြင့် ဒီ ၃ ခုပါပဲ။
အကယ်လို့သာ ကုလသမဂ္ဂထိုင်ခုံနေရာမှာ နဝတထိုင်ဖို့မသင့်ဘူးလို့ ဆုံးဖြတ်ခဲ့ရင်တော့ စစ်တပ် အတွင်းမှာလည်း အချင်းချင်းထိန်းဖို့မလွယ်ဘူး စစ်တပ်ထဲမှာ အမာလိုင်း အပျော့လိုင်းဆိုပြီး ရှိပါ တယ် အမာလိုင်းဘက်ကတော့ အပြတ်ချေမှုန်းမယ် အပျော့လိုင်းကျတော့ အပစ်ရပ်စဲဖို့ ညှိနှိုင်း ချင်တယ် သူတို့မှာ ခင်ညွန့်တို့တစ်အုပ်စု အမာလိုင်းတွေ၊ မောင်အေးတို့အုပ်စုက အပျော့လိုင်း၊ OTS-Officer Training School တစ်အုပ်စု နောက် DSA- Defence Services Academy ဒီအုပ်စု ၂ စု သိပ်မတည့်ကြပါဘူး။ သူ့နေရာနဲ့သူ ရှိနေကြတာပဲ။ တလောက ကျော်ဘတို့ ထွန်းကြည်တို့ ကို နေရာပြောင်းလိုက်တာ တခြားကိစ္စမဟုတ်ပါဘူး သူတို့ကိုမထိန်းနိုင်မှာစိုးလို့ တပ်ကနေ ပြောင်းလိုက်တာ။ သူတို့အတွင်းမှာ အဆင်မပြေတာ ရှိနေကြတယ်၊ ကုလသမဂ္ဂ ထိုင်ခုံပျောက် သွားရင် သူတို့အချင်းချင်း ပြဿနာတက်လာနိုင်တယ်။
ဘာကိုရည်ရွယ်ပြီး ဒီလိုလုပ်နေတာလဲ အတိုက်အခံအားလုံးနဲ့ နဝတ နိုင်ငံရေးအရဆွေးနွေးလာဖို့ အခုလိုစစ်ရေးရပ်စဲနေတာဟာ နည်းပရိယာယ်တွေပဲ ဒါကတစ်ချက်။ အမေရိကန်မှာ ဒေးဗစ်အာ နိုးတို့ Burma Peace Foundation ဖွင့်လှစ်ထားတာရှိတယ် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၄၀ ကျော်ပါဝင်တယ် မိမိတို့အားလုံးကိုယ်စား သူတို့ဆီမှာ တိုက်ပွဲဝင်နေကြတယ် ထိုင်းနိုင်ငံ ချူလာ လင်ကွန်းတက္ကသိုလ် Asia Pacific လူ့အခွင့်ရေးညီလာခံကို သူလာတက်တယ်၊ Preventive Diplomacy ဆိုပြီး သူတင်ပြသွားတယ် တိုင်းပြည်အေးချမ်းဖို့ သံတမန်နည်းအရ တားဆီးခြင်းလို့ အဓိပ္ပါယ်ရတယ် သူဘယ်လိုထောက်ပြသွားသလဲဆိုတော့ လက်ရှိတပ်မတော်က အကြီးအကဲ တွေဟာ ဦးနေဝင်းအပေါ် သစ္စာခံထားပါတယ် ဦးနေဝင်း သက်ရှိထင်ရှားရှိနေသမျှ သူတို့ အချင်း ချင်း စိတ်ဝမ်းမကွဲကြဖို့ သစ္စာခံထားတာရှိတယ် ဦးနေဝင်းရှိနေသမျှကာလပတ်လုံး ဒီနိုင်ငံ ဘာမှ မဖြစ်ပါဘူး ဦးနေဝင်း သေဆုံးပြီးတဲ့နောက်မှာ သူတို့အချင်းချင်း အာဏာလုကြ ကွဲပြဲကြမှာ ဆို တော့ နိုင်ငံမှာလည်း ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပြီးတော့ ပြိုကွဲသွားနိုင်တယ်၊ ဒါကြောင့် ဦးနေဝင်း မကွယ်လွန်ခင်မှာ သူတို့စစ်တပ်အာဏာရှိစဥ်တုန်း နိုင်ငံငြိမ်းချမ်းအောင် လုပ်နိုင်ရင်ကောင်းမယ် အဲလိုလည်း သူသုံးသပ်သွားတာ ရှိတယ်။
အဲဒီအပေါ်မှာ နဝတက ဆွန်ဇူးလို ကစားလာပြီ “ရန်သူကိုမတိုက်ဘဲနဲ့ အနိုင်ရတဲ့နည်း” ဒီလို နည်းပရိယာယ်နဲ့ သူတို့ကစားနေတယ် မိမိတို့ကိုမတိုက်တော့ဘဲ ကမ်းလှမ်းမှုတွေလုပ်လာတယ် အပစ်အခတ်ရပ်စဲရေးလုပ်ဖို့၊ နောက်တစ်ခု စစ်ရေးနိုင်ငံရေးဆရာကြီးတွေဘာပြောထားသလဲ မိမိတို့မှာလည်း မကြာခဏပြောဆိုရေးသားလေ့ရှိပါတယ် “စစ်ဆိုသည်မှာ နိုင်ငံရေး၏ အဆက် ဖြစ်သည်” ပြည်တွင်းမှာ မိမိတို့နိုင်ငံရေးလုပ်မရလို့ လက်နက်ကိုင်ပြီး တိုက်ခိုက်လာတာ ၄၅ နှစ်ရှိပြီ အခုဒါကို ပြောင်းပြန်လှန်လိုက်ပြီ စစ်ရေးကနေ နိုင်ငံရေးဘက်ပြောင်းလဲလိုက်ပြန်ပြီ နိုင်ငံရေးသည် စစ်၏အဆက်၊ အခုအနှစ် ၄၀ ကျော်တိုက်လာခဲ့ကြပြီ ဒါကိုနည်းပရိယာယ်ရှာပြီး ရပ်နားမယ်။
အခုအမျိုးသားညီလာခံ National Convention ရပ်နားထားတာ ၄ လရှိပြီ သူတို့စောင့်ဆိုင်းနေ တယ် ကချင် ကရင် ကရင်နီ မွန်တို့ ဘယ်လိုလေသံပစ်လာမလဲ၊ မိမိတို့လက်ခံရရှိထားတဲ့ သတင်းအရ စစ်တပ်ဦးဆောင်မှုအခန်း အငြင်းအခုံဖြစ်လို့ ရပ်နားလိုက်ရတာမဟုတ်ဘူး သူတို့ ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံရှိနေပြီးသားပါ ဘယ်လိုပဲဆိုဆို သူတို့ပဲအနိုင်ယူသွား ပါလိမ့်မယ် သူတို့အတည်ပြုသွားမှာပဲ၊ မိမိတို့ အခု DAB မှာ ရေးဆွဲထားတဲ့ဟာ သက်ဆိုင်ရာ ပြည်နယ်အသီး သီးမှာ သူ့ဆိုင်ရာအမျိုးသားတပ်ဖွဲ့တွေရှိမယ် တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော် (ပြည်နယ်ပေါင်းစုတပ်မတော်) မဖွဲ့စည်းနိုင်သေးချိန်မှာ။ သူတို့ဖွဲ့စည်းပုံမှာ ဒီလို ရေးဆွဲထည့်မှာ မဟုတ်ပါဘူး၊ တစ်ခုတည်းသော တပ်မတော်ပဲ ပြည်နယ်ပေါင်းစုတပ်မတော်မဟုတ်ဘူး။
အပစ်အခတ်ရပ်စဲရေး အခုလိုလုပ်နေတာဟာ သူတို့ဖွဲ့စည်းအုပ်ချုပ်ပုံကို အပြီးသတ်ရေးဆွဲသွား မှာမဟုတ်ဘူး အချိန်ဆွဲထားမယ် ဒီ ၄ ဖွဲ့နဲ့ သူတို့အပစ်ရပ်စဲပြီးရင် သူတို့ဖွဲ့စည်းပုံကို အတည်ပြု လိမ့်မယ် အတည်ပြုတဲ့အခါမှာလည် မိမိတို့ပြောပြောနေတဲ့ ဖက်ဒရယ် ပြည်နယ်ပေါင်းစုလိုဟာ မျိုး သူတို့မှာဆန္ဒမရှိပါဘူး ပြည်ထောင်စုအမည်ခံ တစ်ပြည်ထောင်စနစ်ပါပဲ ရန်ကုန်မြို့ကနေ တစ်တိုင်းပြည်လုံးကိုအုပ်ချုပ်သွားမယ့်ပုံစံမျိုး သူတို့ရေးဆွဲနေတာပါ ဝန်ကြီးချုပ်အာဏာမရှိတဲ့ သမ္မတအုပ်ချုပ်မယ့်စနစ်မျိုး၊ အင်ဒိုနီးရှားလို ပုံစံမျိုး အင်ဒိုနီးရှားလွှတ်တော်အမတ်အားလုံးဟာ အရွေးချယ်ခံတွေမဟုတ်ကြပါဘူး လူထုက အမတ် ၁၀၀ ကျော်လောက်ပဲရွေးချယ်ပေးရတာ၊ ကျန်တာ စစ်ဦးချုပ်ကနေ ရွေးချယ်ပေးတဲ့ အမတ်တွေပဲ၊ ကာကွယ်ရေးဝန်ကြီးကလည်း စစ်ဘက်ကလာတယ် အဲလိုမျိုး ဖွဲ့စည်းပုံကိုရေးဆွဲနေတာပါ။
ဒီကနေ့ မိမိတို့ဆွေးနွေးကြမှာက ပါတီထဲမှာ အသံအမျိုးမျိုးထွက်နေတယ်၊ တချို့က အပစ်ရပ် ရင်ကောင်းမယ်ထင်တယ် တချို့ကျပြန်တော့ မကောင်းဘူး ဒါကနည်းပရိယာယ်ပဲ တစ်နေ့ကျရင် မိမိတို့တတွေမှာ ဘေးဒုက္ခလှလှကြီး ကြုံရနိုင်တယ် ဒီလိုအသံမျိုး မိမိတို့ပါတီမှာ တော်တော် လေးကျယ်လောင်နေတယ် ခုနက မိမိပြောခဲ့သလို ဆွန်ဇူးပြောတဲ့ နည်းပရိယာယ်လိုပဲ သူတို့ ကစားနေတာ၊ ရန်သူကိုမတိုက်ဘဲ အနိုင်ရတဲ့နည်း သူတို့နည်းလမ်းရှာဖွေခဲ့တာ အခုတွေ့သွားပြီး ရှမ်း ကိုးကန့် ဝတို့မှာ အထိုက်အလျှောက် သူတို့အပစ်အခတ်ရပ်စဲထားနိုင်ပြီ နောက်တစ်ချက် စစ်ရေးအဆက်ကို နိုင်ငံရေးနဲ့အဆုံးသတ်ဖို့ဆိုတဲ့ဟာ။
ဘုရားသုံးဆူ ဆရာတော်ကနေတဆင့် သူတို့စာရေးကမ်းလှမ်းခဲ့တာရှိတယ် အချက် (၆) ချက် ပေးလာတယ် အစည်းအဝေးမှာတင်ပြပါလိမ့်မယ် သူတို့ပေးလာတဲ့ (၆) ချက်ကို ဖတ်ကြည့်တာ ကချင်ကိုသူတို့ ပေးထားတဲ့အဆင့်ထက် နိမ့်ပါတယ် လက်ရှိအချိန်ထိ ကချင် (KIO) သဘောတူ လက်မှတ် မထိုးဖြစ်သေးပါဘူး။ ပေးလာတဲ့ အချက် (၆) မှာ သူ့နယ်မြေ ကိုယ့်နယ်မြေ မသတ် မှတ်ထားဘူးလို့ ဆိုတယ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အတူလက်တွဲဆောင်ရွက် သွားကြရ အောင်တဲ့ ကျနော်တို့မွန်ကိုကမ်းလှမ်းလာတာ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကမ်းလှမ်းချက်ကို လက်ခံပေးပါလို့ ဆိုလာပါတယ် ဒါက သူတို့ရည်ရွယ်ချက်ပါ။
သို့သော် မိမိတို့ရည်ရွယ်က ဘာလဲ၊ မိမိတို့အပေါ်မှာပဲ မူတည်နေပါတယ်။ ကချင်ပြောသလို ရှမ်းတို့ဝတို့ ကိုးကန့်တို့သဘောတူထားသလို ကျနော်တို့ သဘောတူနိုင်မှာ မဟုတ်ပါဘူးတဲ့။ ဖေဖော်ဝါရီကတည်းက စတင်ဆွေးနွေးလာတာ အခုအောက်တိုဘာ ရောက်လာပြီ မပြီးနိုင်သေး ပါဘူး၊ ဆွေးနွေးပွဲကလည်း တစ်ဆို့နေဆဲပဲ အပစ်ရပ်ထားတာက ယာယီသဘောသာ ဖြစ်တယ်၊ KIO ဥက္ကဌ ဘရန်ဆိုင်းက ကျနော့ကို မြေပုံချပြတယ် ကချင်တပ်ဖွဲ့နေရာ ကချင်အလံ၊ မြန်မာ တပ်ဖွဲ့နေရာ မြန်မာအလံ မြေပုံမှာ စိုက်ထူပြထားတယ်၊ မိမိတို့ကို ကမ်းလှမ်းလာပုံက သူ့နယ် မြေ ကိုယ့်နယ်မြေ သတ်မှတ်ချက်မရှိဘူး၊ ကချင်က နယ်မြေထိန်းထားနိုင်တယ် ကျောက်မျက် ရတနာတွေလည်း ထွက်နေတော့ သူတို့မှာအင်အားရှိပြီး နယ်မြေကိုလည်း ထိန်းထားနိုင်တယ် ဘယ်မှာလည်း ကျနော်တို့လွတ်မြောက်နယ်မြေ။ မိမိတို့အခြေအနေကို ရန်သူက သိနေတယ်၊ ကျနော်တို့ စစ်သားတွေ တဖြည်းဖြည်းနဲ့ ထွက်ပြေးနေတာ သူတို့သိနေ ပါတယ်။ ကရင်မှာရော မွန်မှာပါ သူတို့နားမျက်စိတွေ ရှိနေတယ် ကျနော်တို့ အခြေအနေကို သိနေလို့ ကချင်ထက် နှိမ့် ချပြီးတော့ ကျနော်တို့ကို ဒီလိုကမ်းလှမ်လာတာ ဖြစ်တယ်။ ကရင် (KNU) ကိုလည်း နဝတ ကမ်းလှမ်းလာတယ်၊ မွန်တွေ ကချင်လိုအပစ်ရပ်စဲလိုက်မှာကို စိုးရိမ်နေတယ်။
ဒါကြောင့်မို့ ကျနော်တို့ဆွေးနွေးကြရမယ် ရန်သူနဲ့ အပစ်ရပ်စဲရေး ဆွေးနွေးမှာလား မဆွေးနွေး ဘူးလား ၂ ချက်ရှိတယ် ကျနော်တို့ တင်းခံမှာလား သူတို့ဖိတ်ခေါ်ကမ်းလှမ်းတာကို ဆွေးနွေးမှာ လား ၂ ချက်ပေါ့။ နောက်ဆုံး ကမ်းလှမ်းချက်ကို ဆွေးနွေးတာဖြစ်ဖြစ် တင်းခံတာပဲဖြစ်ဖြစ် ဘာတွေဖြစ်လာနိုင်လဲ အကျယ်တဝင့်ဆွေးနွေးဖို့လိုတယ်။ ကျနော်တို့ပါတီရဲ့ သိက္ခာ၊ လက်ရှိ အနေအထား ဘယ်လိုရှိနေပါသလဲ ပြန်လည်ဆွေးနွေး သုံးသပ်ကြရမှာဖြစ်တယ်၊ မိမိတို့ပါတီ အခြေအနေပေါ် မူတည်ပြီးတော့မှ အဲဒီ ၆ ချက်နဲ့ သူတို့ကမ်းလှမ်းလာတာ ဖြစ်တယ် ဆိုလို တာက ဆွေးနွေးတာဖြစ်ဖြစ် မဆွေးနွေးတာဖြစ်ဖြစ် မိမိတို့ပါတီကို ပြုပြင်ပြီးတော့မှ လုပ်ဆောင် ကြပါ ကျနော့အမြင်က အဲလိုပါ။
အရင်ကလည်း ကျနော်ခဏခဏပြောဆိုခဲ့ပါတယ် ကိုယ့်မွန်တွေကို အားကိုးပြီးတော့ပဲ နိုင်ငံရေး လုပ်ပါတယ် ၁၉၄၈ ခုနှစ်မှာ လူထုတွေက သေရင်မြေကြီးဆိုပြီး အားပေးကြတာပဲ။ အလံနီတွေ ပြောတာ တော်တော်လေးလည်း နာစရာကောင်းပါတယ် ရှက်လည်းရှက်မိပါတယ် မွန်တွေက မျောက်အုန်းသီးရထားသလို မစားတတ်ဘူးတဲ့။ မွန်တော်လှန်ရေးဟာ မြေကြီးက ပဒေသာပင် ပေါက်သလိုပါပဲ တရားဟောတဲ့အခါ အောင်ဆန်း ဖဆပလတို့ ဟောသလိုပါပဲ ဘာလိုသလဲပြော လက်စွပ်ယူမလား ရွှေဘီးယူမလား ရွှေကြယ်သီးပဲယူမလား နာရီပဲယူမလား လူထုက တခါထဲ ထည့်ပေးလိုက်တာပဲ မွန်အရေးကို ထောက်ပံ့ကြတာ။ စပါးကျီမှာ တင်း ၃-၄ ထောင်လှောင်ထည့် ထားတဲ့ လယ်မြေရှင်တွေ၊ စပါးကျီမီးလောင်ချင် လောင်ပလေ့စေ ဗမာစစ်တပ်ကို တစ်ချက်လေး ပစ်ရရင် ကျေနပ်တယ်ဆိုပဲ။ ဆင်းရဲသားတွေ ရာဘာစေးခြစ် သမားတွေ လယ်ယာလုပ်သား တွေလည်းပဲ လှည်းဆိုရင်လှည်း လှေဆိုရင်လှေ နေ့ညမဆို သွားချင်တဲ့နေရာ လိုက်ပို့ပေးကြ တယ် သေမှာမမှုကြဘူး။ အဲဒီကာလမှာ မွန်တော်လှန်ရေးဟာ မြေကြီးမှာ ပဒေသာပင်ပေါက် သလို စတင်ခဲ့တာပါ။
ဒါပေမယ့် နောက်ပိုင်းမှာ ဘယ်လိုဖြစ်လာသလဲဆိုတော့ နောက်ပိုင်း ၁၀ နှစ်ကျော်အကြာမှာပေါ့ မွန်တွေ ဘယ်လိုအသံထွက်လာသလဲဆိုတော့ “အာပါ့ မွန်တွေအမျိုးချစ်တာ ကြောက်ပါပြီတဲ့” ဆိုလာတော့တယ် မွန်လူထုတွေအလယ်မှာ ထိုင်လာကြတယ်၊ လူထုတွေအလယ်မှာ ထိုင်လာ တာနဲ့ပတ်သက်ပြီး မန်းဘဇံ (KNU ဥက္ကဌဟောင်း) မြစ်ဝကျွန်းပေါ်ကအကြောင်းလေး ပြောပြ ခဲ့ဖူးတာ အခုထိ ကျနော့နားထဲစွဲနေမိတယ်။ သူတို့မှာ လှည်းတွေနဲ့သွားတဲ့ခရီးထက် လှေနဲ့သွား ရတာ များတယ်။ ဒါနဲ့ တော်လှန်ရေးသမားတွေ ရွာတစ်ရွာရောက်သွားပါတယ် “ဗျို့ရွာသူကြီး” “ဘာလဲ” “လှေလိုတယ်” “ဟောဒီမှာလှေရှိတယ် သော့ခတ်ထားတယ် ဟောဒီမှာသော့ ဒီမှာ လှော်တက် ဒါကခပ်ခွက်ယူထား ဒါနဲ့ဘယ်သွားမလို့လဲ” “ဟိုဘက်ရွာသွားဖို့” “ဟိုရွာရောက်ရင် ဟိုလူ့ကိုပေးလိုက်ပါ ကျနော်တို့လိုက်မပို့ရဲဘူး ရန်သူကို ကျနော်တို့ကြောက်တယ်” လူထုက အလယ်မှာထိုင်ပြီဆိုရင် သတိထားပေတော့။ ကြောက်လို့လှေကိုပေးသွားတာဖြစ်တယ် ပေးလို တဲ့စိတ်ဆန္ဒ ရှိလို့မဟုတ်ပါဘူး။ ဟိုဘက်ရွာရောက်တော့ ရွာသူကြီးကို ခေါ်ပြောတယ်။ “ရွာသူ ကြီး” “ဘာလဲ” “လှည်းယူဖို့” “ယူသွားပါ ဒီမှာလည်း ဒီမှာနွား၊ ဘယ်သွားမလို့လဲ” “ဟိုဘက်ရွာ” “ဟိုဘက်ရွာမှာ ဟိုအိမ်မှာအပ်ထားပါ လိုက်ယူပါမယ်”
မွန်တွေမှာလည်း ဘယ်လိုဖြစ်လာလဲဆိုရင် “မွန်တွေ မွန်ကိုချစ်တာ ကျနော်တို့ကြောက်ပါပြီ” လို့ တချိန်က လူထုတွေမှာ အသံထွက်လာတာရှိတယ်။ ဒါဆိုရင် လက်ရှိ မွန်တွေရဲ့ အဆင့်အတန်း က ဘယ်လိုလဲ။ ကျနော်တို့ရဲ့အနီးအနား ရေးတောင်ပိုင်းရော မြောက်ပိုင်းမှာပါ အရင်ကဆို နိုင်ကျော်အိန်း(ဗိုလ်မှူးကြီးဟောင်း)တို့ သွားရောက်တဲ့အခါမှာ “တပ်မင်း” ဆိုပြီး ကြိုဆိုလိုက် ကြတာ ပြောစရာမလိုပါဘူး ဘယ်သူ့ကိုမှလည်း ကြောက်ရွံ့စရာမရှိပါဘူး အခုဆိုရင် ခြံထဲသွား ပြီးပုန်းအိပ်နေရတဲ့အဖြစ်မျိုး ကြုံနေရပါပြီ သွားရေးလာရေးမှာလည်း အရင်လို စိတ်ချရလောက် တဲ့ အနေအထားမရှိတော့ပါဘူး။ ဘာဖြစ်လို့လဲ လူထုတွေက အလယ်မှာထိုင်နေတာ မဟုတ် တော့ဘူး လူထုတွေက ရန်သူသတင်းပေးတွေ ဖြစ်သွားကုန်ပြီ။ ကျနော်တို့ပါတီကလည်း ဒီအခြေကိုဆိုက်ရောက်လာနေပြီ။ ကျနော်တို့ သိက္ခာ အဲဒီလောက် တောင် ကျဆင်းနေပါပြီ၊ ဒါကြောင့်ပဲ ရန်သူက ဒီ (၆) ချက်ကို ကမ်းလှမ်းလာတာပေါ့။ KIO အနေအထားထက် ဆိုးပါ တယ်။ ဒါကြောင့်မို့လို့ ရန်သူနဲ့ဆွေးနွေးမှာလား မဆွေးနွေးဘူးလား မဆွေးနွေးပြန်ရင်လည်း ဒီလူတွေဟာ ငြိမ်းချမ်းရေးကို မလိုလားသူတွေ၊ ဒါပေမယ့် ဆွေးနွေးတဲ့အခါမှာလည်း ကျနော်တို့ လိုအပ်ချက်အပေါ် တင်းခံထားနိုင်ဖို့ဆိုတာ ကျနော်တို့ပါတီ ဘယ်လောက်ကြံ့ကြံ့ ခံနိုင်မှာလဲ။
လူထုကိုယုံကြည်လို့ ကျနော်တို့ လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်လာတာပါ။ တစ်နေ့က ဘန်ကောက်မှာ ကျနော်အပြောခံ လိုက်ရသေးတယ်၊ ပါတီအနေနဲ့ မဒတတပ်ပေါင်းစုမှာ ပါဝင် နေတာက ဘယ်လိုရည်ရွယ်ချက်နဲ့လဲတဲ့။ မဒတလုပ်ငန်းဟာ မွန်အလုပ်မဟုတ်ဘူးလို့ သူတို့ မြင်နေတာ ထိုင်းမွန်တွေပါ။ ကျနော်ပြန်ပြောလိုက်တာက ကျနော်တို့တွေဟာ ထိုင်းမွန် (အရှေ့ မွန်) အပေါ် ယုံကြည်အားထားလို့ပဲ လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်ခဲ့တာ၊ ကျနော်တို့ ငယ်ငယ် အသက် ၅-၆ နှစ် ကျောင်းနေစအရွယ်မှာ ဘိုးဘွားတွေက မေးကြပါတယ် ဘာကိုသင် ကြသလဲပေါ့။ “အဂႅလိပ်စာ မြန်မာစာ” “မွန်စာမသင်ဘူးလား” “မသင်ဘူး” “မင်းတို့ သတိနဲ့ နေကြ မကြာခင် ထိုင်းမွန်တွေထွက်လာတဲ့အခါ “မြပံင်စာင်ပံက်” ပီပီသသ ပြောမတတ်ရင် မင်းတို့လည်ပင်းပြတ်ကုန်လိမ့်မယ်” ထိုင်းမွန်တွေက အဲလို ကျနော်တို့ကို သတိပေးခဲ့တာ ရှိခဲ့ ဖူးတယ် မွန်တွေအမျိုးမေ့သွားမှာစိုးလို့ သတိပေးထားတဲ့ဟာ။ အရှေ့နိုင်ငံ ထိုင်းမှာလည်း မွန် တွေကျန်နေပါသေးတယ် ကျနော်တို့အနေနဲ့ ပြည်တွင်း ဒီမိုကရေစီအဝန်းအဝိုင်းမှာ လှုပ်ရှား တော့ ဖိနှိပ်တယ် လက်နက်ကိုင်တော်လှန်တယ် အရှေ့နိုင်ငံက ထိုင်းမွန်တွေအပေါ် အားကိုးလို စိတ်ရှိခဲ့ပါတယ် ဒါပေမယ့် အခု ၄၅ နှစ်ပြည့်ခဲ့ပါပြီ အရှေ့နိုင်ငံမွန်တွေ တစ်ဦးတစ်လေမှ အချိန် ပြည့် ပါဝင်လှုပ်ရှားတာ မရှိပါဘူး။
ကျနော်တို့ မွန်လွတ်လပ်ရေးအဖွဲ့ ၇ ချက်တောင်းခံခဲ့တယ် (၁၉၄၇)။ ဖဆပလ မပေးခဲ့ဘူး။ မွန်ရဲ့ ရပိုင်ခွင့်ကနေ တစ်မူးတစ်ပဲသာသာလေးကိုပဲ တောင်းခံနေတာ သူတို့လိုက်လျောမပေးရင် အောက်မြန်မာနိုင်ငံတစ်ဝက်ကိုပါ မွန်နိုင်ငံအပြည့်အဝပေးပါဆိုပြီး သံဃာတော်တွေနဲ့ လူထုတွေ က တောင်းဆိုခိုင်းတာ။ ဒါပေမယ့် ဆက်လှုပ်ရှားရင်း ဘာတွေဖြစ်လာသလဲ နောက်ပိုင်းမှာ ကရင် နဲ့မဟာမိတ်ဖြစ်လာတယ် မွန်နဲ့ကရင်လည်း ဒီနိုင်ငံတစ်ဝက်တောင်းဆိုတယ် ဘာဖြစ်လို့လည်း ဆိုရင် မွန်နဲ့ကရင် အတူတူနေလာကြတာကိုး။ နိုင်ငံထက်ဝက်လောက် တောင်းဆိုပေမယ့်လည်း အင်အားလုံလောက်မှုမရှိ အခြေအနေက မပေး။ ရာဇာဓိရာဇ်လက်ထက်လို သိန်းနဲ့ချီတဲ့ စစ်သား တွေ အင်းဝနေပြည်တော်ဘက်ကို ချီတက်သွားသလိုမျိုး ဖြစ်ချင်ပေမယ့်လည်း ဖြစ်မလာ။ အား ပေးသူမရှိ။ အားပေးသူမရှိတော့ ကျနော်တို့မှာလည်း အင်အားလျော့ကျလာ။
ဒါကြောင့်မို့လို့ ကျနော်တို့မွန်ပြည်သစ်ပါတီအနေနဲ့ ခရိုင် (၅) ခု ရည်ရွယ်ထားပါတယ်။ ပြီးတော့ မွန်အင်အားလောက်နဲ့ တိုက်ပွဲဝင်မနိုင်လို့ဘဲ ဘဝတူတော်လှန်ရေးအင်အားစုတွေကို ရှာဖွေပြီး တော့ မဒတကိုဖွဲ့စည်းရတာ လက်ရှိ မဒတမှာ တိုင်းရင်းသား ၁၁ ဖွဲ့ မဟာမိတ်ဖွဲ့ပြီး ပူးပေါင်းဖွဲ့ စည်းထားတာ။ အဲဒီအထဲမှာ အားလုံးအနေနဲ့ အလေးအမြတ်ထားသောအားဖြင့် ကျနော့ကို ဥက္ကဌနေရာ ပေးထားပါတယ်။ မဒတမှာလှုပ်ရှားနေတာဟာ မွန်လှုပ်ရှားမှုတွေကို ပစ်ပယ်လိုက် တာမဟုတ်ဘူး ကျန်တဲ့တိုင်းရင်းသား ၁၀ မျိုးကလည်း မွန်တွေအတွက် အကူအညီပေးနိုင် အောင် လုပ်ဆောင်ကြပါတယ်။ အဲလိုရှင်းပြတော့ သူတို့မှာဘာမှပြန်ပြောစရာမရှိပြန်ဘူး။
ဒီကနေ့ မွန်တွေရဲ့ရပိုင်ခွင့်အနေနဲ့ နိုင်ငံထက်ဝက်တိုင် ရှိနေပေမယ့်လည်း ကျနော်တို့လုပ်ဆောင် နိုင်မှာ မဟုတ်ပါဘူး အရှေ့မွန်တွေလည်း အကူအညီပေးနိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ အခုဆိုရင် ဟိုမှာဒီမှာ လှုပ်လှုပ်ရှားရှားတော့ ရှိလာကြပါပြီ။
ဒါဆိုရင် တစ်ခုဖြစ်နိုင်တာက ဘာဖြစ်နိုင်လဲ၊ ကုလသမဂ္ဂအခန်း ကုလသမဂ္ဂအရေးယူဖို့ဆိုတာ အဖွဲ့ဝင် ၁၈၇ နိုင်ငံကကိုယ်စားလှယ်တွေ ချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက် ၂ နှစ်ရှိပါပြီ နဝတအရေး မလုပ်ပါဘူး ကုလလုံခြုံရေးကောင်စီ Security Council ကနေ ဆုံးဖြတ်ချက်ချမှသာ ကမ္ဘော ဒီးယားလို ယူဂိုဆလပ်၊ ဆိုမာလီ၊ ဟေတီ၊ အင်ဂိုလာတို့လို ဝင်လို့ရပါမယ်၊ ဒါပေမယ့် အခု အခြေအနေအောက်မှာ နဝတပြုတ်ကျအောင် ကျနော်တို့ချည်းဘဲ မလုပ်နိုင်ဘူးလို့ မြင်တယ်၊ ဆိုဗီယက်ယူနီယံပြိုကွဲသွားပြီးနောက်ပိုင်း ဒီကနေ့ကမ္ဘာ့အခင်းအကျင်းမှာလည်း မဟာအင်အား ကြီးနိုင်ငံဆိုရင် အမေရိကန်ပဲရှိတော့တယ်၊ စစ်ဖြစ်တာကို အမေရိကန်မလိုလားဘူး တစ်ကမ္ဘာ လုံးကို သူကငြိမ်းချမ်းစေချင်တာ၊ နိုင်ငံတစ်နိုင်ကနေ တခြားနိုင်ငံကို လက်နက်ထောက်ပံ့ပေးဖို့ ဆိုတာကလည်း လွယ်တဲ့ကိစ္စမဟုတ်ပြန်ဘူး ဒီကနေ့မှာ။ ငြိမ်းချမ်းရေးအကြောင်းကိုပဲ သူတို့ ပြောနေတာ၊ တစ်ခု ဖြစ်လာဖို့ရှိလာနိုင်တာက ကုလသမဂ္ဂတပ်ဖွဲ့အနေနဲ့ ကျနော်တို့နိုင်ငံကို ဝင်ရောက်ပြီးကိုင်တွယ်ပေးဖို့ပဲ။ တဖက်မှာလည်း သုံးသပ်ကြတယ် ကုလသမဂ္ဂအနေနဲ့ ကိုင် တွယ်ဖို့၊ နိုင်ငံတကာအနေနဲ့လည်း တစ်နေ့ထက်တစ်နေ့ ကုလသမဂ္ဂကို ဝိုင်းပြီးတွန်းအားပေး နေတာရှိတယ် ဆန္ဒပြုနေတာတွေရှိတယ် ဒါပေမယ့် နောက်ကျသွားပါပြီ International Institute of Strategy ဆိုတဲ့ နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအဖွဲ့က ဘာလို့ ဘော့စနီး ယားကို ကုလတပ်တွေသွားဝင်ရတာလဲ မြန်မာနိုင်ငံကို ဝင်ဖို့ကောင်းတယ်လို့ ဆိုပြီး ဝေဖန် နေတာလည်းရှိတယ်။
ကျနော့အမြင်အနေနဲ့ လတ်တလော တပ်ပေါင်းစုမှာက ကချင်ကိုထားလိုက်ပါ ကရင် ကရင်နီ မွန်ပဲကျန်တော့တယ် စစ်တပ်အနေနဲ့ စစ်အင်အားပြနေတာက ခြိမ်းခြောက်တာပါပဲ စစ်မတိုက် ရဘဲနဲ့ အလိုလိုသူတို့ဆီကို အောက်ကျို့ဝင်လာစေဖို့ပဲ လက်နက်တွေဝယ်နေတာ အင်အားစု နေတာတွေဆိုတာက။ ကျနော်တို့အဖို့ နိုင်ငံတကာ အင်အားလိုအပ်နေပါတယ် နိုင်ငံတကာကနေ ကယ်တင်ပေးနိုင်ဖို့ ကျနော်တို့ကြိုးပမ်းကြရမှာ။ နိုင်ငံတကာအနေနဲ့ အထိုက်အလျှောက် ကြိုပမ်း ပေးနေပါတယ်။
လက်ရှိအခြေအနေမှာ ကျနော်တို့ပါတီဟာ အင်အားချိနဲ့နေပြီ လူထုထောက်ခံမှုကျဆင်းနေတယ် သိက္ခာကျဆင်းနေတယ် ဆိုသော်လည်းပဲ မဖြစ်တော့ဘူးဆိုပြီး အားငယ်နေဖို့မလိုပါဘူး ကျနော် တို့နိုင်ငံကို နိုင်ငံတကာကစောင့်ကြည့်နေတယ် အမေရိကန်သမ္မတကလင်တန်က မြန်မာနိုင်ငံ အရေး ဘယ်လိုသဘောထားမျိုး ချမှတ်သင့်လဲဆိုတာ သူတို့ဆီမှာ သုံးသပ်နေကြပြီ ဒီရက်ပိုင်း သတင်းစာမှာတွေ့ရတယ်၊ ကျနော်တို့လူတွေ ဝေဖန်စဥ်းစားနိုင်ဖို့ ပြောနေတာဖြစ်ပါတယ်။
ကျနော်တို့ မလျှောက်လှမ်းခင်မှာ ရန်သူက အချက် (၆) ချက်နဲ့ ကမ်းလှမ်းလာပါပြီ ဒီအပေါ်မှာ ကျနော်တို့ ဘယ်လိုသဘောထားမလဲ သူတို့ကို ဘယ်လိုဖြေရှင်းရမလဲ၊ အခုပေးလာတဲ့အချက်မှာ နိုင်ငံကိစ္စ ပြောမထားဘူး မွန်ပြည်လို့လည်း သူတို့မခေါ်ပါဘူး ဖက်ဒရယ်ပြည်ထောင်စုလို့လည်း သူတို့မပြောပါဘူး စစ်ရေးစကားလောက်ပဲ ပြောလာပါတယ် ကဲအပစ်အခတ်ရပ်စဲရေး လုပ်ကြရ အောင်။ နောက်မှတဆင့် တက်မယ်၊ သူတို့နည်းနာက ဒီလိုလာတယ် စစ်ရေးအရအပစ်ရပ်စဲမယ် နိုင်ငံရေးကို အမျိုးသားညီလာခံပြီးတော့မှပြောပါ။ အဲဒီအချိန်ကျရင် မွန်ပြည်သစ်ပါတီ ဥပဒေ ဘောင်အတွင်း ဝင်ရောက်လိုပါက ကျနော်တို့အပစ်ကို ခွင့်လွှတ်ပေးပါ ရပ်တည်ခွင့်ပြုပါ အဲလို မျိုးတွေပေါ့လေ မိမိတို့တပ်ဖွဲ့ကိုအသိအမှတ်ပြုပေးပါ အခုအချိန်မှာ ပြည်နယ်တပ်ဖွဲ့မရှိသေးဘူး တပ်မတော်တစ်ခုပဲရှိတယ်၊ အပစ်ရပ်တပ်ဖွဲ့တွေ ဘယ်လောက်အခြေအနေမျိုး ဆိုက်ရောက် သွားနိုင်မလဲ ဖြစ်လည်းဖြစ်ခဲ့ပြီးပြီ ကျနော်တို့ မွန်တော်လှန်ရေး အနှစ် ၄၀ ကျော်အတွင်းမှာ။ ကမာဝက်မှာ အောက်နယ်ဘက်(ရေး) မှာ ကော့ဘိန်းနယ်ဘက်မှာ ဖြစ်ခဲ့ပြီးပြီ ကာကွယ်ရေး အဆင့် သတ်မှတ်ပေးခဲ့တယ်။ ဒီအနှစ် ၄၀ ကျော်ကာလမှာ ကျနော်တို့ ဒီအတွေ့အကြုံ ရခဲ့ပြီး သား ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့တတွေဟာ ဒီပွဲမှာ လေးလေးနက်နက်စဥ်းစားပြီးတော့ ဝေဖန်သုံးသပ်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ် ဒါလောက်ပဲ ကျနော်တိုက်တွန်းလိုပါတယ်။
ဗဟိုကော်မတီဝင်တို့၏ ဆွေးနွေးသုံးသပ်ချက်များ
-နဝတမှ မွန်ပြည်သစ်ပါတီသို့ ကမ်းလှမ်းလာသည့် အချက်(၆) ချက်။
-ဆိုဗီယက်ယူနီယံပြိုကွဲခြင်းနှင့် ဗမာပြည်ကွန်မျူနစ်ပါတီ-ဗကပ BCP ပြိုကွဲခြင်း။
-ဗကပပြိုကွဲပြီးနောက် ပေါ်ပေါက်လာသည့် UWSA၊ MNDAA၊ NDAA ၊ SSA လက်နက်ကိုင်အဖွဲ့များနှင့် နဝတစစ်အစိုးရတို့၏ အပစ်အခတ်ရပ်စဲရေး။
-၁၉၅၈ ခုနှစ် မွန်ပြည်သူ့တပ်ဦး ဝန်ကြီးချုပ်ဦးနုအစိုးရထံ လက်နက်အပ်နှံလိုက်ရသည့် သင်ခန်းစာများကို ပြည်လည်သုံးသပ်ခြင်း။
-မွန်ပြည်သူ့တပ်ဦးခေါင်းဆောင်များအနေဖြင့် လက်နက်ချပြီး ရွေးကောက်ပွဲဝင်ခဲ့သည်ကို နည်းဗျူဟာပြောင်းလဲခြင်းဖြစ်၊ မဟာဗျူဟာပြောင်းလဲခြင်းမဟုတ်ဟု ပြောဆိုနေသည့်အပေါ် ဆွေးနွေးသုံးသပ်ခြင်း။
-စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးခြင်းသည် နည်းပရိယာယ်တစ်ရပ်မျှသာ ဖြစ်သည်။
-ငြိမ်းချမ်းရေးသဘောထားသိရှိနိုင်ဖို့ တီးခေါက်သည့်သဘောဖြင့် ပဏာမသွားရောက် ဆွေးနွေးသင့်သည်။
-ကချင် နဝတစစ်အစိုးရနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဖွဲ့ PSLA တို့ အပစ်အခတ်ရပ်စဲရေး။
-ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေး အမျိုးသားညီလာခံအကြောင်း။
-စစ်အစိုးရ၊ ဒီမိုရေစီအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိစ္စ။
-နဝတသည် စစ်အစိုးရဖြစ်နေသည့်အတွက် ငြိမ်းချမ်းရေးတရားဝင်မှု ဖြစ်နိုင်/မဖြစ်နိုင်။
-အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF, DAB, NCUB, တပ်ပေါင်းစုများကိုချန်လှပ်၍ မိမိတစ်ပါတီအကျိုးအတွက် အပစ်အခတ်ရပ်စဲရေး လုပ်သင့်/မသင့်။
-“နိုင်ငံရေးတွင် ထာဝရန်သူ ထာဝရမိတ်ဆွေဟူ၍မရှိ” ဆိုသည့်အယူအဆ။
-နဝတနှင့်သွားရောက်တွေ့ဆုံ ဆွေးနွေးသည့်ကာလများတွင် မွန်ပြည်သူလူထုများ၊ မွန်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရှိရန်။
-မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး အကြံဥာဏ်များရယူရန်။ အထူးသဖြင့် KIO နှင့် တွေ့ဆုံဆွေးနွေးရန်။
အထက်ပါအချက်များအပေါ် အခြေခံ၍ အစည်းအဝေး ၃ ပတ်ကြာခန့် အကြိတ်အနယ် ဆွေးနွေး ခဲ့ကြပြီးနောက် ဗဟိုကော်မတီဝင်အများစု၏ သဘောတူညီမှုအရ မွန်ပြည်သစ်ပါတီ အနေဖြင့် နဝတစစ်အစိုးရထံ အပစ်အခတ်ရပ်စဲရေးကိစ္စ ပဏာမ သွားရောက်ဆွေးနွေးရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
သို့ရာတွင် အဆိုပါ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို လက်မခံလိုသူ အများအပြားရှိခဲ့သော်လည်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထောမွန်နှင့် တွဲဖက်အတွင်းရေးမှူး နိုင်ဟံသာတို့ (၂) ဦးသာလျင် လုံးဝလက်မခံနိုင်ကြောင်း အထက်ပါ ဗဟို ကော်မတီအရေးပေါ်အစည်းအဝေးတွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးခဲ့ကြသည်။
အပစ်အခတ်ရပ်စဲမှုဆွေးနွေးရေး လုပ်ငန်းဖော်ဆောင်မှုအဖွဲ့
ဂကောံရေင်တၠုင်ပရေင်တက်ကျာဒေါအ်
ဗဟိုကော်မတီအရေးပေါ်အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ မွန်ပြည်သစ်ပါတီ၏ အပစ်အခတ်ရပ်စဲမှုဆွေးနွေးရေးလုပ်ငန်းဖော်ဆောင်မှုအဖွဲ့ မွန်ဘာသာဖြင့် “ဂကောံရေင်တၠုင် ပရေင်တက်ကျာဒေါအ်ပှော်” (ကရဒ) ကို ဗဟိုအလုပ်အမှုဆောင် (၄ ) ဦးနှင့် ဗဟိုကော်မတီ (၅) ဦးတို့ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။
၁။ နိုင်ရော့စ
၂။ နိုင်ဟံသာ
၃။ ဗိုလ်ချုပ် နိုင်ထောမွန်
၄။ နိုင်တင်အောင်
၅။ ဒုတိယဗိုလ်မှူးကြီး ကောင်းရွတ်
၆။ နိုင်အောင်မင်း
၇။ နိုင်လဝီမွန်
၈။ နိုင်စိုးမြင့်
၉။ ဗိုလ်မှူး လယီကောင်း
အထက်ပါ (ကရဒ) အဖွဲ့တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို လက်မခံသည့် နိုင်ဟံသာနှင့် ဗိုလ်ချုပ်ထောမွန်တို့အား ထည့်သွင်းထားခဲ့ရသည်မှာ အထူးသဖြင့် စစ်အစိုးရနှင့်သွားရောက် ဆွေးနွေးမည့်ကိုယ်စားလှယ်အဖွဲ့မှ ခြေလှမ်းများ မကျွံမိစေရန် အစစအရာရာ သတိထားကြီးစွာ ထားခဲ့ကြောင်း သတိပြုမိပါသည်။
၁၉၉၀ အလွန် မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့အခြေအနေအပေါ် ISP Myanmar ဒါရိုက်တာ ဦးအောင်သူငြိမ်း၏ သုံးသပ်ချက်
အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ မြန်မာနိုင်ငံရေးရာ မူဝါဒတွေနဲ့ ပတ်သက်လို့ အမျိုးသားလုံခြုံရေးကောင်စီ (National Security Council) က အပေါ်စီးရလာတယ်။ သူတို့မူက တချိန်က ထိုင်းနဲ့ မြန်မာအကြား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေကို “ကြားခံဇုန်” (Buffer zone) ထားတာမျိုး မလိုချင်တော့ဘူး။ အဲဒီမတိုင်ခင်ကတည်းကလည်း နယ်စပ်တွေမှာ ကြားခံ ဇုန်တွေကို “စီးပွားရေးဇုန်” ပြောင်းရမယ်ဆိုတဲ့ မူဝါဒက ဖြစ်ပေါ်နေပြီ။ မြန်မာနဲ့ ထိုင်းက ရွှေလမ်းငွေလမ်း ဖောက်ချင်တယ်။
ဒါကြောင့် မြန်မာနိုင်ငံက ပြည်တွင်းစစ် ပြီးကိုပြီးရမယ်လို့ မြင်လာကြတယ်။ မြန်မာအစိုးရနဲ့ဆက်ဆံဖို့လည်း အပြုသဘော ဆက်ဆံရေးမူဝါဒ (constructive engegement) ဆိုပြီး စတင်ချမှတ်လာကြတယ်။ သေချာတာကတော့ ဒီနောက်ကွယ်မှာ စီးပွားရေးအကျိုးစီးပွားတွေ ရှိနေကြတယ်။ ထိုင်း-မြန်မာ နယ်စပ် သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ်နဲ့ ဆည်တည်ဆောက် ရေးတွေ လျာထားတယ်။ မြန်မာ့ပင်လယ် ရဲတံခွန်နဲ့ မုတ္တမ ပင်လယ်ကွေ့ လုပ်ကွက်တွေကနေ ထိုင်းနိုင်ငံကို ဓာတ်ငွေ့ပိုက် လိုင်း သွယ်တန်းဖောက်လုပ်ချင်တယ်။ ဒါတွေအတွက် ပြည်တွင်းစစ်သာ ဆက်ရှိနေသေးရင် တန်ဖိုးကြီးတယ်၊ စွန့်စားရမှု များမယ်။
၁၉၉၃ ခုနှစ်မှာ အမေရိကန်ရေနံ ကုမ္ပဏီ တက်ဆာကို (Texaco) နဲ့ ပြင်သစ်ရေနံ ကုမ္ပဏီ တိုတယ် (Total) တို့က မြန်မာနိုင်ငံ မုတ္တမကမ်းလွန် ပင်လယ်ကွေ့က ထိုင်းနိုင်ငံကို တင်ပို့ဖို့ ဓာတ်ငွေ့ပိုက်လိုင်းကို စတင်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်က မွန်ပြည်သစ် ပါတီ အပစ်ရပ်စဲရေး ဆွေးနွေးပွဲ မတိုင်မီမှာ ဖြစ်ပျက်ခဲ့သလို၊ မွန်ပြည်သစ်ပါတီကို အပစ်ရပ်စဲရေး ဖိအားပေးကြဖို့ အဓိက အကြောင်းတခုလည်း ဖြစ်နိုင်ပါတယ်။
အဲဒီနောက်ပိုင်း သတင်းတွေမှာတော့ မွန်သူပုန်တွေက မြန်မာနိုင်ငံတောင်ပိုင်းမှာ ၁၉၉၃ ခုနှစ် အောက်တိုဘာလကနေ ၁၉၉၃ ဒီဇင်ဘာလအတွင်း တံတား ၆ ခုကို ချိုးဖျက်ခဲ့တယ်ဆိုတဲ့ သတင်းလည်း တွေ့ရပါတယ်။ မွန်ပြည်နယ်တောင်ပိုင်း ရေးကနေ ထားဝယ်ကို ဖောက်လုပ်တဲ့ ရထားလမ်းမှာ မွန်လူထု ၂၀,၀၀၀ ကျော်ကို အဓမ္မလုပ်အား ခိုင်းစေမှုတွေ ပြုခဲ့တယ်ဆိုတာလည်း တွေ့ရပါတယ်။
လမ်းဖောက်လုပ်ရေး အဓမ္မလုပ်အားခိုင်းစေမှုတွေ ကြောင့် မွန်လူထုတွေ ဒုက္ခသည်အဖြစ် ထွက်ပြေးရ၊ ထိုင်းနိုင်ငံကို အိုးအိမ်စွန့်ပစ် ရွှေ့ပြောင်းလာခဲ့ကြရတာလည်း ရှိပါတယ်။ ၁၉၉၄ ခုနှစ် ဩဂုတ်လအတွင်းမှာ ထိုင်းအာဏာပိုင်တွေက မွန်ပြည်သစ်ပါတီက ခေါင်းဆောင်အချို့ (အထွေထွေအတွင်းရေးမှူး နိုင်ရော့စ၊ တွဲဖက်အတွင်းရေးမှူး နိုင်ဟံသာ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထောမွန်) ကို ဖမ်းဆီးထိန်းသိမ်းတာ၊ နယ်စပ်က ဒုက္ခသည်စခန်းတွေကို ပိတ်ဆို့ဖိအားပေးတာတွေ ရှိခဲ့ပါတယ်။
*ဖတ်ရှုပေးသည့်အတွက် အထူးကျေးဇူးတင်ပါသည်၊ ဆက်လက်ဖော်ပြသွားပါမည်။