တနသႅာရီတိုင်းဒေသကြီး ကလိန်အောင်မြို့နယ် ရာဖူးကျေးရွာ အရှေ့ဘက်ခြမ်းတွင် မြန်မာစစ်ကြောင်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အကြား ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တောထဲရောက်နေသည့် ရာဂဏန်းနှင့်ချီသော မွန်စစ်ဘေးရှောင်များနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း ထိုင်းနိုင်ငံမှ မိသားစုဝင်များက ဆက်သွယ်ပြောကြားလာကြသည်။
ရာဖူးကျေးရွာ အရှေ့ဘက်ခြမ်းရှိ မျောက်ချောနှင့် မရော့ချိုင်းရွာမှ ရာဂဏန်းနှင့်ချီသော စစ်ဘေးရှောင်များသည် ထိုင်းနယ်စပ်ဘက်သို့ ဦးတည်၍ ထွက်ပြေးနေကြပြီး အစပိုင်းတွင် မိသားစုဝင်များနှင့် ဖုန်းဖြင့်အဆက်အသွယ်ရခဲ့ပြီး နောက်ပိုင်းတွင် အဆက်အသွယ်များ ပြတ်တောက်သွားကြောင်း မျောက်ချောရွာသားတစ်ဦးက ပြောသည်။
“အဖေက ကျနော်တို့မိသားစုကို ဦးစီးပြီး ထိုင်းနယ်စပ်ဘက်ကို ထွက်လာခဲ့တယ်လို့ ပထမပိုင်းမှာ ဖုန်းနဲ့ အဆက်အသွယ်ရခဲ့တယ်၊ ခုဆိုရင် ပြင်ပဧရိယာရောက်သွားပြီ အဆက်အသွယ်ပြတ်သွားပြီ ဘယ်ရောက်နေမှန်း မသိတော့ဘူး၊ သူတို့ဖုန်းတွေလည်း ဘက္ထရီလည်း ရှိတော့မှာမဟုတ်ပါဘူး၊ ခုလိုမိုးတွင်းလမ်းနဲ့ဆိုရင် မတွေးရဲစရာဘဲ” ဟု ၄င်းကဆိုသည်။
ထို့အတူ ကယ်ဆယ်ရေးအဖွဲ့များမှာလည်း စစ်ဘေးရှောင်များ အဆက်အသွယ်ပြတ်တောက်နေကြောင်း Online လူမှုကွန်ရက်ပေါ်တွင် မွန်ဘာသာဖြင့် ရေးသားပြောဆိုနေကြသည်ကို တွေ့ရသည်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ မျောက်ချောနှင့် မရော့ချိုင်းရွာတို့တွင် မြန်မာစစ်ကြောင်းများ ဝင်ရောက်လာသည့်အတွက် တိုက်ပွဲများ ထပ်မံဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ရွာသားများအားလုံး မိမိတို့နေအိမ်ကို စွန်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးလာခြင်းဖြစ်သည်။
ရာဖူးကျေးရွာ အရှေ့ဘက်ခြမ်းတွင် မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ MSRF မဟာမိတ်ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်အကြား ဇွန်လ ၁၉ ရက်နေ့က ရင်ဆိုင်တိုက်ပွဲတစ်ရက်လုံး ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲနှင့်မဆိုင်သော မျောက်ချောရွာကို မြန်မာစစ်တပ်မှ လက်နက်ကြီးများပစ်ခတ်သည့်အပြင် စစ်လေယာဥ်ပါ ဗုံးကြဲခဲ့ကြောင်း၊ ထိုနောက် ရွာထဲသို့ စစ်တပ်ဝင်ရောက်လာပြီး နေအိမ်အချို့ကို မီးရှို့ပြန်သဖြင့် ရွာသားအားလုံး အသက်ဘေးလွတ်မြောက်ရာသို့ ထွက်ပြေးနေရကြောင်း၊ ထိုနောက် မြန်မာစစ်တပ်က အင်အားအလုံးအရင်းဖြင့် ရွာများသို့ ထပ်မံဝင်ရောက်လာကြောင်း သတင်းများက ဖော်ပြနေသည်။
Photo-CJ