မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E.Mr. Chen Haiနှင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တို့ ယမန်နေ့ ဇွန်လ (၂၄) ရက်နေ့၊ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ကြကြောင်း သတင်းရရှိသည်။
ထိုသို့တွေ့ဆုံစဉ် မွန်ပြည်နယ်ထွက် အသီးအနှံများဖြစ်သည့် ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်နှင့် စက်မှုကုန်ကြမ်းဖြစ်သည့် ရော်ဘာများ အများအပြားထွက်ရှိသည့်အပြင်၊ ရေထွက်ပစ္စည်းများလည်း ထွက်ရှိသည့်အတွက် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုပိုမိုဆောင်ရွက်နိုင်ရန်၊ မွန်ပြည်နယ်မှထွက်ရှိသည့် ဝဥ၊ ပီလောပီနံအခြောက်များကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိရာ ယင်း ဝဥ နှင့် ပီလောမီနံအခြောက်များ အမှုန့်ပြုလုပ်ရန်အတွက် နည်းပညာအကူအညီရရှိရေး နှင့် မီးလင်းနိုင်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် မော်လမြိုင်တက္ကသိုလ်သည့် ယခင်ကတည်းက တရုတ်နိုင်ငံ နှင့်ပညာရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သည့်အတွက်ယင်းတက္ကသိုလ်မှ ဆရာ၊ ဆရာများ ဖိုရမ်၊ ကွန်ဖရင့်၊ သင်တန်းများနှင့် Scholarship ရရှိရေးအတွက်ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၎င်းအပြင် မွန်ပြည်နယ်သည် တည်နေရာကောင်း၍ ဖွံ့ဖြိုးမှုရှိသည့် ပြည်နယ်တစ်ခုဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံရှိ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်ရေး၊ တရုတ်နိုင်ငံမှ လျှပ်စစ်ကား (EV) များဖြန့်ဖြူးရောင်ချလျက်ရှိသဖြင့် ကားတာယာများ ပြုလုပ်ရာတွင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကုန်ကြမ်းများ အသုံးပြုနိုင်ရေးကိစ္စ နှင့် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းများ အလေးထားဆောင်ရွက်သွားရေးနှင့် စပ်လျဉ်း၍လည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်
ဆွေးနွေးခဲ့ကြသည်။
ထိုတွေ့ဆုံပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး အနေဖြင့် စစ်တပ်မှ နိုင်ငံတော်အာဏာအား သိမ်းယူခဲ့သည့် (၂၀၂၁) ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ် မွန်ပြည်နယ်သို့လာရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။