မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၊ ခရွဲကျေးရွာအတွင်းသို့ စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် အမျိုးသမီး (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံးပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၂၁) ရက်နေ့ နံနက် (၁၁) နာရီအချိန်ခန့်က စစ်ကောင်စီလက်အောက်ခံ သိမ်ဇရပ်မြို့အခြေစိုက် အမတ – ၃၀၁ မှ စက်ကွင်း၊ ခရွဲ နှင့် သုံးခွကျေးရွာများအတွင်းသို့ လက်နက်ကြီး (၁၀) လုံးထက်မနည်းပစ်ခတ်ခဲ့ကြောင်း နှင့် ခရွဲကျေးရွာအတွင်းသို့ လက်နက်ကြီး (၂) လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိသွားသူတွေက အသက် (၆၀) နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးနဲ့ အသက် (၃၀) နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြပါတယ်။ နေအိမ် (၂) လုံးလဲ ထိခိုက်ပျက်ဆီးခဲ့ပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ယင်းနေ့မွန်းလွဲ (၃) နာရီအချိန်ခန့်ကလည်း သိမ်ဇရပ် အခြေစိုက် အမတ – ၃၁၀ အမြောက်တပ်မှ ခရွဲကျေးရွာအတွင်းသို့ လက်နက်ကြီး (၂) လုံး ထပ်မံပစ်ခတ်ခဲ့ရာ၊ ခရွဲကျေးရွာရှိ ဘုန်းကြီးကျောင်း ဝင်း နှင့် ဘုန်းကြီးကျောင်းဘေးရှိ နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက်ကြောင့် သံဃာတော် (၂) ပါးနှင့် အသက် (၇၅) နှစ်အရွယ် အမျိုးသား (၁) ဦး၊ အမျိုးသမီး (၁) ဦးထိခိုက်ခဏ်ရာများရရှိခဲ့သေးကြောင်း ၎င်းဒေသခံက ဆိုသည်။
ထို့အပြင် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သာသနိကအဆောက်အဦးတချို့ နှင့် နေအိမ် (၁) လုံးလည်း လက်နက်ကြီးကျည်စထိမှန်ကာ ပျက်ဆီးမှုများရှိခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက်နေ့ကလည်း သိမ်ဇရပ်အခြေစိုက် အမှတ် – ၃၁၀ အမြောက်တပ်မှ အခိုင် နှင့် သုံးခွကျေးရွာကြားရှိ ကျောက်ဟတ်ကွင်းထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကလေးတစ်ဦးသေဆုံးခဲ့ကာ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း သိရသည်။