ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၊ ခရွဲကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် သံဃာတော် (၂) ပါး နှင့် အရပ်သား (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၂၁) ရက်နေ့ မွန်းလွဲ (၃) နာရီအချိန်ခန့်က သိမ်ဇရပ်အခြေစိုက် အမှတ် – ၃၁၀ အမြောက်တပ်မှ ခရွဲကျေးရွာအတွင်းသို့ လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့ရာ ခရွဲကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်း နှင့် ဘုန်းကြီးကျောင်းဘေးရှိ နေအိမ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်နဲ့ သံဃာတော်တစ်ပါး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့သလို၊ ဘုန်းကြီးကျောင်းဘေးက နေအိမ်က အသက် (၇၅) နှစ်အရွယ် ဦးစံတင် နဲ့ ဒေါ်စန်းမြင့် တို့ ခြေထောက်နဲ့ လက်တွေမှာ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာတွေရသွားပါတယ်” ဟု ၎င်းဒေသခံက ပြောကြားသည်။
ထို့အပြင် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သာသနိကအဆောက်အဦးတချို့ နှင့် နေအိမ် (၁) လုံးလည်း လက်နက်ကြီးကျည်စထိမှန်ကာ ပျက်စီးမှုများရှိခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
ယခု ဇွန်လဆန်းပိုင်းမှစတင်ကာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် KNLA/PDF တပ်များအကြား စစ်ရေးတင်းမာမှုများရှိနေပြီး မကြာခဏ ထိတွေ့တိုက်ပွဲများရှိနေကြောင်းလည်း ဒေသခံများက ဆိုကြသည်။
ပြီးခဲ့သည့် ဇွန်လ (၁၄) ရက်နေ့ကလည်း သိမ်ဇရပ်အခြေစိုက် အမှတ် – ၃၁၀ အမြောက်တပ်မှ အခိုင်ကျေးရွာ နှင့် သုံးခွကျေးရွာကြားရှိ ကျောကဟတ်ကွင်းထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးသေဆုံးကာ၊ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။