လာမည့် ဇွန်လ ၂၉ ရက်ဆိုလျင် ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်တွင် မွန်ပြည်သစ်ပါတီ NMSP အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်မှာ ၂၉ နှစ်တင်းတင်း ပြည့်ပါတော့မည်။ ယင်းသို့ အပစ်ရပ်စဲနိုင်ရန် တစ်နှစ်ခွဲခန့် ဆွေးနွေးပွဲများကျင်းပခဲ့ရပါသည်။ ထို့ကြောင့် မွန်ပြည်သစ်ပါတီအပစ်ရပ်စဲရေး အနှစ် ၃၀ ခရီးကို ပြန်လည်မျှော်ကြည့်လိုက်ပါသည်။
ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဝန်ကြီးအဖွဲ့သည် ၁၉၉၃ ခုနှစ် နိုဝင်ဘာလအတွင်း ကယားနှင့် ကရင်ပြည်နယ်သို့လည်းကောင်း ၁၉၉၄ ခုနှစ် မတ်လ (၉) ရက်နေ့တွင် မွန်ပြည်နယ် ရေးမြို့နှင့် သံဖြူဇရပ်မြို့သို့ ရောက်ရှိလာကာ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ မြို့မိမြိုဖများမှတဆင့် ဒေသအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ရုပ်မြင်သံကြားမှတဆင့် ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပါသည်။
ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ကယားပြည်နယ်အထူးခရီးစဥ် (ရုပ်သံမှတ်တမ်း) မိန့်ခွန်း (ကောက်နုတ်ချက်)
“တောတွင်းရောက်နေပြီးတော့မှ လက်နက်ကိုင်နေတဲ့အဖွဲ့အစည်းတွေရှိနေတယ် ရှိနေတဲ့ အတွက်ကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ နယ်စပ်ဒေသဖွဲ့ဖြိုးရေးအစီအစဥ် လုပ်လို့မရဘူး ၁၉၉၃ ခုနှစ် ခုဆိုရင် နိုဝင်ဘာ နှစ်ကုန်တော့မယ် ဒီ ၉၃ ခုနှစ်ထဲမှာပဲ ကချင်ပြည်နယ်ထဲမှာ ရှိနေ ကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အရှိန်အဟုန်မပျက် ဆွေးနွေးမှုတွေလုပ်ပြီးတော့မှ အခု ကချင်ပြည်နယ်အတွင်းမှာဖြင့် အားလုံးလည်းသိကြပါတယ် KIO လက်နက်ကိုင်အဖွဲ့အစည်းဟာ တရားဥပဒေဘောင်ထဲကို ဝင်ဖို့အတွက်ကို အဆင်သင့်ဖြစ်နေပါပြီ ကချင်ပြည်နယ်ကြီးဟာ မကြာခင် အေးချမ်းသာယာလာတော့မှာ ဖြစ်ပါတယ် အဲဒီတော့ ကချင်ပြည်နယ်ကြီးဖွံ့ဖြိုး တိုးတက်ဖို့အတွက် ကျနော်တို့ဟာ အရှိန်အဟုန်နဲ့ လုပ်ဖို့အတွက်ကို စတင်ပြင်ဆင်ဆောင်ရွက် နေပါပြီ အဲဒီတော့ ကချင်ပြည်နယ်ကြီးတိုးတက်လာပြီ ရှမ်းပြည်နယ်ကြီးတိုးတက်လာပြီ ကယား ပြည်နယ်ကြီးဟာ မဖွံ့ဖြိုးမတိုးတက်ဘဲနဲ့ နောက်ကျပြီး ကျန်ခဲ့ရင်ဖြစ်မလား ကယားပြည်နယ် ထဲမှာ နေတဲ့တိုင်းရင်းသားတွေ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့ပြည်နယ်ထဲမှာ ကျန်ခဲ့မလား နေဖို့ ကောသင့်သလား ဒီလိုပဲနေကြမှာလား မဖြစ်ပါဘူး သူများပြည်နယ်တိုးတက်ရင် ဒီပြည်နယ် လည်းတိုးတက်စေရမယ်လို့ ခံယူချက်ရှိရမယ် တိုးတက်အောင်ဝိုင်းလုပ်ကြ။ တိုးတက်အောင် ဝိုင်းမလုပ်ကြဘူးဆိုရင် နိုင်ငံတော်အစိုးရမှာ တာဝန်ရှိသလို ပြည်သူမှာလည်းတာဝန်ရှိတယ် အဲဒီဒေသကပြည်သူမှာလည်းတာဝန်ရှိတယ် အားလုံးဝိုင်းလုပ်မှ ကိုယ့်ဒေသတိုးတက်မယ် ကိုယ့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မယ် အဲဒီတောတွင်း လက်နက်ကိုင်အားလုံးဟာ ကျနော်တို့ အစိုးရနဲ့တွေ့ဆုံပြီးတော့ အချိန်မဆွဲဘဲနဲ့ တရားဥပဒေ ဘောင်အတွင်းကို အမြန်ဆုံး ဝင်ရောက် ကြပါလို့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကိုယ်စား ဒီနေရာကနေ ဖိတ်ခေါ် လိုက်ပါတယ်။
အခုကြွရောက်လာကြတဲ့ပုဂ္ဂိုလ်တွေကတဆင့် သတင်းစကားပါးလိုက်ပါတယ် အဲဒီတရားဥပဒေ ဘောင်ဝင်ရောက်နိုင်ဖို့ ကျနော်တို့နဲ့ မြန်မြန်တွေ့ပါ ဆွေးနွေးပါ ညှိနှိုင်းပါ ကျနော်တို့နဲ့ဆွေးနွေး ညှိနှိုင်းလို့ သဘောထားချင်းမတိုက်ဆိုင်ဘူး သူတို့လိုချင်တာမရဘူး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ကို ဘာမှအထောက်အကူပြုမှာမဟုတ်ဘူးလို့ အဲဒီပုဂ္ဂိုလ်တွေက ထင်ရင် ပြန်သွားမယ့်နေရာ ကျ နော်တို့လိုက်ပို့ပေးမယ် သွားချင်တဲ့နေရာကို အေးအေးချမ်းချမ်း ရောက်ဖို့ သွားပြီးတော့ လိုက်ပို့ ပေးမယ် အဲဒီပုဂ္ဂိုလ်တွေကို ဘယ်နေရာသွားမလဲ သွားချင်တဲ့နေရာလိုက်ပို့ပေးမယ် ဟိုး နယ်စပ် ကိုသွားမလား လိုက်ပို့ပေးမယ် ရဟတ်ယာဥ်နဲ့ လိုက်ပို့ပေးမယ် အန္တရာယ်မရှိစေရဘူး မှဲ့တစ် ပေါက်မစွန်းစေရဘူး ပြန်ပို့ပေးမယ် ကျနော်တို့သဘောထားနဲ့ ကိုက်ညီတယ် ကယားပြည် နယ်ကြီး ဖွဲ့ဖြိုးတိုးတက်အောင် ဒို့တတွေလက်တွဲပြီးလုပ်မယ် ဆိုလို့ရှိရင် အဲဒီခံယူချက်နဲ့ သဘောတူညီချက်တွေရပြီဆိုရင်တော့ အဲဒီလူတွေနဲ့ ကျနော်တို့လက်တွဲပြီး လုပ်မယ်။
အဲဒီတော့ ကျနော်တို့နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အစိုးရသည် ပြောတဲ့ အတိုင်း လုပ်ပါတယ် ဌာနဆိုင်ရာအကြီးအကဲတွေအားလုံးပါဝင်ပါတယ် ကျေးရွာအကြီးအကဲ တွေ အားလုံးပါဝင်ပါတယ် အဲဒီပုဂ္ဂိုလ်တွေကတဆင့် တောတွင်းရောက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြန်မြန် သူတို့နားကို ရောက်အောင်ပြောပါ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ ညီအစ်ကိုယ်တိုင်းရင်းသားတွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိဖို့အတွက်ကို အမြဲတမ်းလို အပ်နေတယ်။
ဘာလို့အချင်းချင်း တိုက်ခိုက်ပြီးတော့ သတ်ဖြတ်နေမှာလဲ နှစ်ပေါင်းများစွာ တိုက်လာတာပဲ အောင်မြင်သလား ရည်ရွယ်ချက်တွေ ရောက်သလား မရောက်ပါဘူး၊ အဲဒီတော့ ဒီကနေ့ ကျနော် ပြောသလိုပဲ ကျနော်တို့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် နိုင်ငံရေးအကျပ် အတည်းဖြစ်လို့ပြောခြင်း မဟုတ်ပါ စစ်ရေးအကျပ်အတည်းဖြစ်လို့လည်း ပြောခြင်းမဟုတ်ပါဘူး စီးပွားရေးအကျပ်အတည်းဖြစ်လို့ ပြောခြင်းလည်း မဟုတ်ပါဘူး ကျနော်တို့မှာအကျပ်အတည်း မျိုးစုံဖြစ်တော့မှ ကျနော်တို့ လုပ်နိုင်တဲ့စွမ်းအားမရှိတော့လို့ အကြံကုန်လို့ဂဠုန်ဆားချက်သဘော မျိုးနဲ့ ဒီကနေ့ လာပြောခြင်းလည်း မဟုတ်ပါဘူး။ ကျနော်တို့မှာ စီးပွားရေးအားဖြင့် ဆိုရင်လည်း အားလုံးသိတဲ့အတိုင်းပါပဲ ၅ နှစ်ကျော် တာဝန်ယူတဲ့ကာလအတောအတွင်းမှာ စီးပွားရေးတရှိန် ထိုးတက်နေလို့ ကမ္ဘာကတောင် အသိအမှတ်ပြုတာ။
ကိုယ့်လူမျိုးအတွက် ဘာမှအကျိုးမပြုနိုင်ဘူး ကိုယ့်မိတ်ဆွေအသိုင်းအဝိုင်းကိုလည်း ဘာမှအကျိုး မပြုတဲ့ကိစ္စကို နှစ်ပေါင်း ၄၀ ကျော်လျှောက်ပြီး လမ်းမှားကြီးကို ဆက်ပြီးလျှောက်အုံးမလား အဲဒီ လမ်းမှားကြီးကနေ လမ်းမှန်ပေါ်ရောက်အောင် လှမ်းတင်ပေးနေတာကျနော်တို့။ လမ်းမှန် ရောက်အောင်ခေါ်နေတာ ကျနော်တို့၊ လမ်းမှန်ကို မြန်မြန်ရောက်အောင် လာခဲ့ကြပါ ကျနော်တို့ ကိုတွေ့ပါ တွေ့ဖြစ်ပါ တွေ့နိုင်မှ ကိုယ့်ပြည်နယ် ကိုယ့်လူမျိုးအတွက်ကို တကယ်လုပ်နိုင်မယ် ခံယူချက်အပြည့်ရှိတဲ့ပုဂ္ဂိုလ်တွေ လာကြပါ၊ အဲဒီလိုဝင်လာကြမှ ပြည်နယ်ကြီးအေးချမ်းသာယာ လာသလို လုံခြုံမှုအပြည့်အဝရှိလာမယ် ပြည်နယ်ကြီးရဲ့ဖွံ့ဖြိုးတိုးတက်ရေးဟာ ကျနော်ပြောရဲ ပါတယ် ၂ နှစ် ၃ နှစ်အတွင်းမှာ ထူးထူးခြားခြားပြောင်းလဲလာပါလိမ့်မယ်။ ပြည်ထောင်စု မပြို ကွဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန်အရေး ၃ ပါး ဦးထိပ်ထားပြီး ကိုယ့်ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးနဲ့ နိုင်ငံ တော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို အားလုံးတာဝန်သိသိနဲ့ အားလုံးဝိုင်းဝန်းကြိုးပမ်းပြီး ဆောင်ရွက်ပေးကြပါ။
တောတွင်းကိုရောက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေသည် ခံယူချက်အမျိုးမျိုး ဘယ်လို ပဲခံယူချက်တွေရှိကြပါစေ အခုအချိန်မှာတော့ လမ်းမှန်ကိုဝင်ရောက်ပြီးတော့ နိုင်ငံတော် အစိုးရနဲ့ တွေ့ဆုံညှိနှိုင်းပြီးတော့မှ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု မြန်မာနိုင်ငံတော် ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဥပဒေဘောင်အထဲကို အမြန်ဝင်ရောက်လာပါ အမြန်လာ နိုင်ဖို့အတွက် ဖိတ်ခေါ်ပါတယ် ဒီနေရာကနေ ဖိတ်ခေါ်ပါတယ် ကျနော်တို့နဲ့ အမြန်ဆုံး တွေ့ဆုံ ညှိနှိုင်းပြီးတော့မှ ပြည်ထောင်စုကြီးအတွက် ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီးအတွက် ကယား ပြည်နယ်အတွက် အခြားသောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းဆိုရင်လည်း ကိုယ့်ပြည်နယ်ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို လက်တွဲပြီးတော့ ဆောင်ရွက်ကြ ပါလို ကျနော့အနေနဲ့ ဖိတ်ခေါ်လျက် နိဂုံးချုပ်ပါတယ်။
၁၉၉၀ အလွန် မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့အခြေအနေအပေါ် ISP Myanmar ဒါရိုက်တာ ဦးအောင်သူငြိမ်း၏ သုံးသပ်ချက်
၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ရန်သူပတ်လည်ဝိုင်းနေတဲ့ စစ်အစိုးရဟာ စစ်မျက်နှာ နှစ်ခုဖွင့်ချင်တယ်လို့ မထင်ဘူး။ သိပ်မကြာခင်မှာပဲ မြောက်ပိုင်းဒေသက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ပြိုကွဲတာ အခွင့်ကောင်းယူခဲ့တယ်။ ‘ဝ’ အပါအဝင် အရင် ကွန်မြူနစ်တပ်ဖွဲ့ဟောင်း တိုင်းရင်းသားအင်အားစုတွေနဲ့ ၁၉၈၉ ခုနှစ်ထဲမှာ အပစ်ရပ်စဲရေး လုပ်ခဲ့တယ်။ သိပ်ပြီးများများစားစား တောင်းဆိုတာ မရှိဘူး။ ကိုယ့်သေနတ် ကိုယ်ကိုင်ထား၊ အပစ်ရပ်စဲရေးလုပ်၊ ကြိုက်တဲ့ စီးပွားရေးလုပ် ဒါပဲ။ စစ်အာဏာသိမ်း စဉ်က နိုင်ငံခြားငွေဘဏ္ဍာ အကျပ်အတည်းတွေ ဖြေရှင်းနိုင်ရေး၊ တဖက်မှာ ဒေသတွင်း နိုင်ငံတွေနဲ့ စီးပွားရေးသဘောတူ ညီချက်တွေ အမြန်လုပ်ခဲ့တယ်။ သစ်ခုတ်ခွင့်တွေ ချပေးတယ်။ ပင်လယ်ငါးဖမ်းခွင့်တွေပေးတယ်။ ပင်လယ်ထဲ သဘာဝ ဓာတ်ငွေ့ တူးဖော်ခွင့်တွေပေးတယ်။
အဲဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသမှာ ထိုးစစ်ကြီးတွေလာတော့တယ်။ ၁၉၈၉-၁၉၉၀ လောက်မှာ ထိုင်း-မြန်မာနယ်စပ်က ကေအဲန်ယူ- မွန်ပြည်သစ်ပါတီ စခန်းအထိုင်တွေ တခုပြီးတခုကျတယ်။ ၁၉၉၂ ခုနှစ်မှာ မာနယ်ပလောကို အင်အားအမြောက်အများနဲ့ ထိုးစစ်ကြီးဆင်တယ်။ ဒါပေမယ့် အဲဒီအချိန်က အတိုက်အခံတွေရဲ့ ဌာနချုပ် မာနယ်ပလောကို မသိမ်းပိုက်နိုင်ခဲ့ဘူး။ ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလကနေပြီး ၁၉၉၂ ခုနှစ်၊ ဧပြီလအထိ အစိုးရစစ်တပ်ဖက်က ဒဏ်ရာရ ကျဆုံးသူ ပေါင်း သုံးထောင်ခန့် ရှိတယ်လို့ ဆိုတယ်။ ၁၉၉၂ ခုနှစ်၊ မတ်လမှာတော့ ဗိုလ်ချုပ်မောင်လှက မာနယ်ပလောထိုးစစ် ရပ်စဲ ကြောင်း ကြေညာခဲ့ရပါတယ်။
တချိန်တည်းမှာ ၁၉၉၃ ခုနှစ်လောက်ကျတော့ ဒီဖက်အဖွဲ့တွေကိုလည်း အပစ်ရပ်ကမ်းလှမ်းခဲ့တယ်။ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) က ၁၉၉၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ အပစ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ထူးခြားတာကတော့ အရင်သဘောတူညီချက်တွေတုန်းက လူကြီးလူကောင်း သဘောတူညီချက် (Gentlemen agreement) လို့ ဆိုကြပေမယ့် KIO အဖွဲ့နဲ့ သဘောတူညီချက်က စာချုပ်စာတမ်းနဲ့ နှစ်ဖွဲ့အကြား ပထမဦးဆုံး သဘောတူညီတာ ဖြစ်ပါ တယ်။ ဒီအချက်တွေက မွန်ပြည်သစ်ပါတီ အတွက် အပစ်ရပ်စဲဖို့ ဆွေးနွေးရေး ဖိအားတွေ ဖြစ်လာခဲ့ရပါတယ်။
၁၉၉၃ ခုနှစ် နိုဝင်ဘာလမှာ စစ်အစိုးရရဲ့ အတွင်းရေးမှူး (၁) ဖြစ်သလို၊ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်က မွန်၊ ကရင်၊ ကရင်နီတိုင်းရင်းသား အဖွဲ့အစည်းတွေကို အပစ်ရပ်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ တိုင်းရင်းသားတွေဖက်ကလည်း တွေ့ဆုံဆွေးနွေးရေး ကို တောင်းဆိုပါတယ်။ ဒါပေမယ့် အပစ်ရပ် စဲပြီးရင် နိုင်ငံရေး ဆက်ဆွေးနွေးရမယ်လို့ တောင်းဆိုကြတယ်။ စစ်အစိုးရ ကတော့ ဒါတွေမပြောဘူး။ “လက်နက်ကိုင် တောတွင်းကနေ ဥပဒေဘောင်အတွင်းကို ပြန်ဝင်လာ၊ (နဝတ) စစ်အစိုးရနဲ့ ဒေသဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ဖို့” ပဲ ပြောတယ်။
မြန်မာ့နိုင်ငံရေး တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုး၏ မှတ်ချက်
၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံဖြစ်ပွါးပြီးနောက် နဝတ က အာဏာသိမ်းလိုက်ရာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တခန်းရပ်သွားသည်။ သို့သော်လည်း နဝတ၏ အာဏာသိမ်းမှုနှင့် အတူ ABSDF ဆိုသည့် ကျောင်းသားလက်နက်ကိုင် တပ်ဖွဲ့တခု ထပ်မံပေါ်ပေါက်လာရာ ပြည်တွင်းစစ် ကား ပိုမိုကျယ်ပြန့် ကြီးမားလာဘွယ်ရာရှိသည်ဟု ယူဆရသည့်အချိန် ကာလ ဖြစ်သည်။ သို့သော်လည်း မမျှော်လင့်သည့် ဖြစ်ရပ်နှင့် အပြောင်းအလဲ ပေါ်ပေါက်လာသည်ကို တွေ့ရသည်။ ထိုဖြစ်ရပ်မှာ ၁၉၈၉ ခုနှစ် မတ်လလယ်ခန့်တွင် အရှေ့မြောက်ရှိ အစိုးရလက်နက်ကိုင် ပုန်ကန်သည့် အဖွဲ့များထဲမှ အင်အား အကြီးဆုံး ဖြစ်သည့် ဗကပ ခေါ် ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲသွားခြင်းဖြစ်သည်။
အရှေ့မြောက် ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲသွားခြင်းနှင့်အတူ ဗမာပြည် ပြည်တွင်း စစ်တွင် သိသာထင်ရှားသော ပြောင်းလဲမှုများပေါ်ပေါက်လာခဲ့သည်။ ထိုပြောင်းလဲမှုမှာ ဗမာပြည်ကွန်မြူ နစ်ပါတီမှ ခွဲထွက်သည့်အဖွဲ့များ ၊ ဆက်စပ်လှုပ် ရှားနေသောအဖွဲ့များ နဝတနှင့် အပစ်အခတ် ရပ် စဲရေးပြုလုပ်ခြင်းဖြစ်သည်။ ဤသို့ ဖြစ်ပေါ်လာခြင်းသည် ဗမာပြည်ကွန်မြူနစ် ပါတီပြိုကွဲခြင်း ကြောင့်ဖြစ်သကဲ့သို့ ထိုအဖွဲ့များနှင့်ပတ်သက်၍ နဝတ သဘောထား ပြောင်းလဲခြင်း ကြောင့် လည်းဖြစ်သည်။ ယခင်အစိုးရအ ဆက်ဆက်သည် လက်နက်ကိုင်ပုန်ကန်တော်လှန်နေသည့် တပ်ဖွဲ့များနှင့် ပတ်သက်လျင် အကြွင်းမဲ့လက်နက်ချရေး၊ လက်နက်အပ်ရေးဖြစ်သည်။ စကားလှ နှင့်ဆိုလျင် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခြင်းဟု ဆိုကြသည်။
၁၉၈၉ ခုနှစ်တွင် နဝတအစိုးရ က သဘောထားပြောင်းလဲလိုက်သည်။ ထိုအဖွဲ့အစည်းများ နှင့် ပတ်သက်၍ ပါတီ အဖွဲ့အစည်း တည်ရှိခွင့်၊ လက်နက်ကိုင်တပ်ဖွဲ့တည်ရှိခွင့်၊ အခြေခံဒေသ တည်ရှိခွင့် စသည့်အချက်သုံးချက်ကို အသိမှတ်ပြုပြီး အပစ်အခတ်ရပ်စဲခြင်းဖြစ်သည်။ ချုပ်၍ဆိုရလျင် အပစ်ရပ်သောအဖွဲ့များသည် မိမိအဖွဲ့အစည်း၊ မိမိလက်နက်ကိုင်တပ်၊ မိမိထိမ်း ချုပ်နယ်မြေကို ဆက်လက်စွဲကိုင်ထားပြီး အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ယူခြင်းဖြစ်သည်။ နိုင်ငံရေးပြသနာကို ရွေးကောက်ပွဲက တက်လာသည့် အစိုးရနှင့် ဆွေးနွေးဖြေရှင်းရန်ဟု နဝတ အတွင်းရေးမှူး (၁) က ပြောဆို ဂတိပေးသည်ဟု ထိုစဉ်ဆွေးနွေးပွဲတက်သည့် ခေါင်းဆောင်များ က ဆိုကြသည်။
သို့နှင့် အပစ်ရပ်ကြပြီးနောက် အစိုးရ၏ တရားဝင်အသုံးအနှုံးအရ ၎င်းအဖွဲ့များကို လက်နက် ကိုင်လမ်းစဉ်စွန့်လွှတ်ပြီး တရားဥပဒေဘောင်တွင်း ဝင်ရောက်သည်ဟု သုံးစွဲပြီး ၎င်းတို့ထိမ်းချုပ် နယ်မြေများကို အထူးဒေသများအဖြစ်သတ်မှတ်ပေးခဲ့သည်။ သို့နှင့် ၁၉၈၉ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစ၍ ကိုးကန့်အဖွဲ့ စတင်အပစ်ရပ်ခဲ့ပြီး ၁၉၉၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ထိ အဖွဲ့ပေါင်း ၁၇ ဖွဲ့ တရားဥပဒေဘောင်တွင် ဝင်ရောက်ခဲ့သည်ဟု နဝတ အစိုးရ မှတ်တမ်းများက ဖေါ်ပြခဲ့ပြီး မွန်ပြည်ပါတီက ၁၉၉၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် အပစ်ရပ်ခဲ့သည့် ၁၇ အဖွဲ့မြောက် ဖြစ်ခဲ့ သည်။ ၁၉၈၉ ခုနှစ်မတ်လမှစ၍ ၆ နှစ်ကျော်ကာလအတွင်း အဖွဲ့ပေါင်း ၁၇ ဖွဲ့အပစ်ရပ်ခဲ့ပြီး မြန်မာပြည်ပြည်တွင်းစစ်တွင် အပြောင်းအလဲတခုဖြစ်ခဲ့သည်။
- ဖတ်ရှုပေးသည့်အတွက် အထူးကျေးဇူးတင်ပါ၏
*
*မွန်ပြည်ပါတီ၏ အပစ်ရပ်စဲရေး အနှစ် ၃၀ ခရီးကို ပြန်လည်မျှော်ကြည့်လိုက်သော် (၂) ကို
ဆက်လက်ဖော်ပြသွားပါမည်။