တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်ရေနက်ဆိပ်ကမ်းသို့ မြန်မာအစိုးရထိပ်တန်းတာဝန်ရှိသူများနှင့် ရုရှားအဖွဲ့ လာရောက်မည့်အစီအစဥ်ရှိသဖြင့် ရေဖြူမြို့နယ်ရှိ အမှတ် (၈) အဝေးပြေးကားလမ်းမကြီးနှင့် အရှေ့ဘက် နေရာများကို စစ်ကောင်စီတပ်ဖွဲ့ အင်အားအလုံးအရင်းဖြင့် နယ်မြေရှင်းလင်းရေးလုပ်နေသည်ဟု မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ MSRF ပြောခွင့်ရ နိုင်နဂါးက ကောင်းဝါသို့ ယူဆပြောဆိုခဲ့သည်။
“ရန်သူဘက်က အခုလို စစ်ကြောင်းတွေ အလုံးအရင်းနဲ့ ချီလာရတဲ့အကြောင်းရင်းက ရေး-ထားဝယ် အမှတ် ၈ ကားလမ်းမကြီးကို ထိန်းချုပ်ဖို့လို့ ကျနော်တို့က ပထမအစမှာ ထင်ခဲ့တာပေါ့နော်၊ နောက်မှစုံစမ်းသိရှိရတာက ထားဝယ် ရေနက်ဆိပ်ကမ်းကို စကစထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ ရုရှားကိုယ်စားလှယ်တွေ လာရောက်ဖို့ အစီအစဥ်ရှိတယ်၊ ဒါကြောင့် နယ်မြေရှင်းလင်းရေးကို အကြီးအကျယ်လုပ်နေတာလို့ ကျနော်တို့ရှေ့တန်းက ပြောလာပါတယ်”ဟု နိုင်နဂါးက ပြောသည်။
ထားဝယ်ရေနက်စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း မြန်မာနိုင်ငံရှိ ရုရှားသံတမန်များနှင့် ရုရှားနိုင်ငံ ပုဂ္ဂလိကုမ္ပဏီများက ဆက်သွယ်လာပြီးနောက် နှစ်ဖက်ဆွေးနွေးမှုများပြုလုပ်နေသည်ဟု ပြီးခဲ့သည့်ဇွန်လအတွင်း၌ စစ်ကောင်စီ၏ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးက သတင်းဌာနများအား ပြောကြားခဲ့ကြောင်း။ သို့ရာတွင် မိမိတို့သတင်းဌာနအနေဖြင့် ရုရှားကိုယ်စားလှယ်များ လာရောက်မည့်အစီအစဥ်အား အတည်မပြုနိုင်သေးပေ။
တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ကလိန်အောင်မြို့နယ် ရာဖူးကျေးရွာအရှေ့ဘက်ရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်မှုအောက်ရှိ မျောက်ချောရွာအပါအဝင် ရွာ ၉ ရွာမှ ရွာသားအများစုတို့သည် ဘေးလွတ်ရာ ထိုင်းနယ်စပ်ဘက်သို့လည်းကောင်း၊ အချို့မှာ အလယ်စခန်းကျေးရွာဘက်သို့လည်းကောင်း ထွက်ပြေးခဲ့ကြောင်း ကာယကံရှင်မိသားစုဝင်များနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရသည်။
တနသႅာရီတိုင်း KNU တပ်မဟာ (၄) နယ်မြေ စစ်ရေးစောင့်ကြည့်လေ့လာနေသူ ကိုဝင်းလှိုင်က “ စကခ (၈) လက်အောက်ခံ တပ်ရင်း ၃ ရင်းက ကလိန်အောင်မြို့နယ်ထဲမှာ လှုပ်ရှားနေတယ်၊ ကလိန်အောင်၊ ကံပေါက် မြို့ရဲ့အတွင်းစည်းအပြင်စည်းတွေနဲ့ နယ်မြေစိုးမိုးရေးကို မောရဝတီရေတပ်က တာဝန်ယူထားတယ်၊ ဒေသခံပြည်သူ့စစ်တွေကို အရန်အင်အားအနေနဲ့ စစ်ကြောင်းတွေမှာ ပူးပေါင်းတာဝန်ယူစေတယ်” ဟု ဆိုသည်။
ထို့အတူ ယနေ့ (ဇွန်လ ၂၄ ရက်နေ့) အထိ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်း အင်အား ၇၀၀ ကျော်ခန့်သည် မျောက်ချော၊ ရာဖူး၊ ကံပေါက်၊ ဖောင်းတော၊ မော်ကြီး၊ သင်္ကန်းညီနောင်၊ ဇာဒီရွာတို့တွင် လှုပ်ရှားနေကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ သိရသည်။
လက်ရှိတွင် ကံပေါက်မြို့၊ ဖောင်းတောနှင့် မော်ကြီးရွာအကြားတွင်လည်းကောင်း အိန္ဒရာဇာ၊ ဆင်ကူး၊ လယ်ကြီး၊ မင်းသား၊ ဆင်စွယ်၊ ရေငံကြီး၊ စိန်ဘုံ၊ ပြင်ကြီးနှင့် ရှင်ပျံရွာ အဝင်အထွက်နေရာများတွင် စစ်တပ်မှ လုံခြုံရေးတင်းကြပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ထိန်းချုပ်နယ်မြေ မျောက်ချောရွာကို လက်နက်ကြီးနှင့်ပစ်သည့်အပြင် လေယာဥ်ဖြင့် ဗုံးကြဲခဲ့ကြောင်း၊ နေအိမ်များကိုလည်းမီးရှို့ခဲ့ပြီး ရွာထဲ၌ အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းက ဆက်လက်၍ အခြေပြုလှုပ်ရှားနေကြောင်း၊ ထို့အပြင် ရေးမြို့ဘက်မှ အင်အား ၁၀၀ ခန့် စစ်ကောင်စီစစ်ကြောင်းကလည်း ယမန်နေ့ နံနက်ပိုင်းတွင် ထပ်မံရောက်ရှိလာကြောင်း နိုင်နဂါးက ပြောသည်။