ကော့ကရိတ်မြို့နယ် စုကလိမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းတစ်ခုအား KNLA/KNDO ဦးဆောင်သည့် ပူးပေါင်းအဖွဲ့များ တိုက်ခိုက်သိမ်းပိုက်စဉ် ဗိုလ်မှူးကြိးတစ်ဦးအပါအဝင် (၂၁) ဦးအား အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုးသးအစည်းအရုံး (KNU) မှ ဇွန်လ (၂၃) ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ စုကလိမြို့အခြေစိုက် အမှတ် – ၅၆၀ ခြေမြန်တပ်ရင်း မှ ဗိုလ်မှူးကြီးဝဏ္ဏတိုး နှင့် ဒုဗိုလ်မှူးကြီး သူရိန်ဦး တို့ထံသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ လက်နက်ချရန် ပြီးခဲ့သည့် မတ်လ (၂၅) ရက်နေ့က (၁) ကြိမ်၊ မတ်လ (၃၀) ရက်နေ့ကတစ်ကြိမ် အသိပေးကြောင်းကြားခဲ့ကြောင်း KNU မှ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
သို့သော်လည်း ၎င်းတို့မှ လက်နက်ချအညံ့ခံခြင်းမရှိသောကြောင့် KNLA/KNDO ဦးဆောင်သည့် ပူးပေါင်းအဖွဲ့များက မတ်လ (၃၀) ရက်နေ့မှ ဇွန်လ (၁၆) ရက်နေ့အထိ စိတ်ဓါတ်ရေးရာနှင့်ခွန်အားများ ပျက်ပြားစေရန် စနိုက်ပါ၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည်။
ထို့အနောက် ဇွန်လ (၁၇) ရက်နေ့တွင် စုကလိတပ်စခန်းအား KNLA/KNDO ဦးဆောင်သည့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ ဇွန်လ (၂၁) ရက်နေ့တွင် တပ်စခန်းတစ်ခုလုံးအား အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကြောင် KNU က ဆိုထားသည်။
ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၆) ဦးသေဆုံးပြီး (၁၄) ဦးထွက်ပြေးလွတ်မြောက်သွားကာ၊ စစ်သုံ့ပန်းအဖြစ် ဗိုလ်မှူးကြီးဝဏ္ဏတိုး အပါအဝင် (၂၁) ဦးအား ဖမ်းဆီးရမိခဲ့သည့်အပြင် လက်နက်ခဲယမ်းအမြောက်အမြားသိမ်းဆည်းနိုင်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။