မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ ဇွန် (၂၀) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ဆိုင်ကယ်စီးလာသူတစ်ဦးထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများထံမှ သိရသည်။
အဆိုပါ အဘစ်ကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီပူးပေါင်းအဖွဲ့များ လုံခြုံရေးစစ်ဆေးနေကြစဉ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာဘက်မှ ကမာဝက်မြို့ဘက်သို့ အဘစ် – ခလယ်တံခွန်တိုင်လမ်းအတိုင်း စိန်အေးကျော် ဆိုသူ မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၄င်းက “စိန်အေးကျော် စီးလာတဲ့ ဆိုင်ကယ်က HONDA WAVE – 125 အမျိုးအစား ဆိုင်ကယ်တူးဘောက်ထဲမှာ ပစ္စတို (၅) လက်၊ ကျည်အိမ်က (၁၀) ခု နဲ့ ၉ – မမ ကျည် (၄) တောင့်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ” ဟု ပြောသည်။
လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ စိန်အေးကျော် အား ကမာဝက်နယ်မြေရဲစခန်းသို့ ပို့ဆောင်က စစ်ဆေးမှုများလုပ်ဆောင်နေကြောင်းလည်း ၎င်းကဆိုသည်။
ထိုကဲ့သို့ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ပြီးနောက် မုဒုံ – ကြာအင်းဆိပ်ကြီး ကားလမ်းပေါ် စစ်ကောင်စီဘက်မှ လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာကြောင်းလည်း ခရီးသွားပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။