ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က ဘုရားသုံးဆူစစ်ရေးဂိတ်ကို ၁၀ ရက်ပိတ်ရန် မြန်မာအာဏာပိုင်ဘက်မှ အမိန့်ပေးကာ ကုန်စည်အ၀င်အထွက်ကို တင်းတင်းကျပ်ကျပ် တားမြစ်ထားကြောင်း စံခလပူရီ အကောက်ခွန်ဌာန အကြီးအကဲ မစ္စတာ Sombat Siriwat က သတင်းထောက်များကို ယနေ့တွင် ပြောကြားလိုက်သည်။
မစ္စတာ Sombat Siriwat က “ဘုရားသုံးဆူစစ်ဆေးရေးဂိတ် ၁၀ ရက်ပိတ်တာကြောင့် ကုန်စည်ယာဉ်တွေ သောင်တင်နေပါတယ်။ တခြားဂိတ်နေရာကနေ တင်ပို့နိုင်ဖို့ စံခလပူရီ အကောက်ခွန်ဌာနကနေ စာရွက်စာတမ်းတွေကို လိုအပ်သလို ပြင်ပေးပါတယ်၊ စစ်ဆေးရေးဂိတ် ပိတ်တာကိုတော့ နားလည်ထားဖို့ လိုပါတယ်။ စစ်ဆေးရေးဂိတ် ဆက်လက်ဖွင့်လှစ်ဖို့ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်သည်အထိ စောင့်ပါ” ဟု ပြောသည်။
စံခလပူရီနယ်စပ်တလျှောက်တွင် ကုန်စည် ပို့ဆောင်ရေး ယာဉ်အမြောက်အမြား သောင်တင်နေသော ပြဿနာကို စံခလပူရီ အကောက်ခွန်ဌာနအကြီးအကဲထံ ယနေ့နံနက် ၁၀ နာရီတွင် သတင်းထောက်များက သွားရောက်မေးမြန်းခဲ့ရာမှ ထိုင်း Daily News သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး စောင့်ကြည့်လေ့လာသူတစ်ဦးက “ ၁၀ ရက်ပိတ်ပြီး ပြန်ဖွင့်မှာ သေချာသလားဆိုတာ ထိုင်းဘက်ကလည်း တာဝန်မခံနိုင်ပါဘူး၊ မွန်ပြည်နယ်ကို ဝင်လာတဲ့ ပစ္စည်းမှန်သမျှ အကောက်ခွန်မဲ့ပစ္စည်းဆိုပြီး မော်လမြိုင်မှာ ဖမ်းနေတော့ နယ်စပ်ကုန်သွယ်ရေးဟာ ကမောက်ကမဆက်ဖြစ်နေဦးမှာဘဲ” ဟု ဆိုသည်။
ထို့အတူ မော်လမြိုင်သို့ ဝင်ရောက်မည့် ထိုင်းကုန်စည်များကို စစ်တပ်မှလိုက်လံဖမ်းဆီးနေသဖြင့် ယခုရက်ပိုင်းအတွင်းမော်လမြိုင်သို ထိုင်းကုန်စည်များအဝင်ရပ်တန့်လျှက်ရှိကြောင်း၊ ယခုကဲ့သို့ စစ်တပ်မှလိုက်လံဖမ်းဆီးခြင်းမှာ နစက ဒုဥက္ကဌ ညွှန်ကြားချက်ကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသအာဏာပိုင်များနှင့် နီးစပ်သူများထံမှ သိရသည်။