ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) အား ထောက်ပံ့မှုများပြုလုပ်ထားသည်ဟုဆိုကာ ကျိုက်ထိုမြို့ခံပြည်သူ (၈) ဦးအား စစ်ကောင်စီမှ ဖမ်းဆီးထားကြောင်း မြို့ခံများထံမှ သိရသည်။
အဆိုပါ ဖမ်းဆီးခံထားရသူ ကျိုက်ထိုမြို့ခံ (၈) ဦးမှာ ယနေ့ (ဇွန်လ (၂၀) ရက်) အထိ မိသားစုဝင်များနှင့်အဆက်အသွယ်မရသေးကြောင်း၊ မည်သည့်နေရာတွင် ဖမ်းချုပ်ထားသည်ကိုလည်း သတင်းမကြားသိရသေးကြောင်း ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
PDF များအားထောက်ပံ့ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူများမှာ ကျိုက်ထိုမြို့၊ ကော့စနိုင် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များ ဖြစ်ကြသော ဦးမြအောင်၊ ဦးချမ်းသာအောင်၊ ဦးစိုးလှိုင်၊ မချောစုရတနာ နှင့် အခြားအမျိုးသား (၄) ဦးတို့ဖြစ်ကြကြောင်း ကျိုက်ထိုမြို့ခံတစ်ဦးက ပြောကြားသည်။
“ကော့စနိုင်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က (၄) ဦးကို ပြီးခဲ့တဲ့ ဇွန်လ (၁၃) ရက်နေ့ညပိုင်း ကတည်းက ဖမ်းဆီးသွားတာလို့ သိရတယ်။ ကျန်တဲ့အမျိုးသား (၄) ဦးကတော့ ဇွန်လ (၁၄) ရက်နေ့မှာ အဖမ်းခံခဲ့ရတာပါ။ သူတို့က PDF အဖွဲ့တွေကို ထောက်/ပို့လုပ်လို့ ဖမ်းသွားတာလို့တော့ ဆိုတယ်” ဟု ၎င်းမြို့ခံက ပြောသည်။
ဖမ်းဆီးခံထားရသည့် ကော့စနိုင်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင် (၄) ဦးမှာ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအရသာ ဖမ်းဆီးခံထားရခြင်းဖြစ်ပြီး အဖွဲ့နှင့် သက်ဆိုင်မှုမရှိကြောင်း ကော့စနိုင်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“သူတို့က ကျွန်တော်တို့နဲ့အတူ အသင်းဝင်တွေဖြစ်ပေမယ့် သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအရ ဖမ်းဆီးခံထားရတာပါ။ ကျွန်တော်တို့အနေနဲ့လည်း သူတို့ကို ဘယ်မှာဖမ်းဆီးထားလဲဆိုတာကို စုံစမ်းနေကြဆဲဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ကျိုက်ထိုမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများအပြင် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များအား စစ်ကောင်စီမှ မကြာခဏ ခေါ်ယူကာ စစ်ဆေးမှုများပြုလုပ်လေ့ရှိကြောင်း၊ သို့ရာတွင် ပြန်လည်လွတ်မြောက်လာကြသူများရှိသလို၊ အကျဉ်းထောင်များတွင် ဖမ်းဆီးချုပ်နှောင်ခံနေကြရသူများလည်း ရှိကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ (၁၆) ရက်နေ့ကလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ၊ ရွာလယ်ပိုင်းနေ မိသားစုဝင် (၃) ဦးဖြစ်သည့် ဦးလှမိုး၊ ဇနီးဖြစ်သူ ဒေါ်နီလာခိုင် နှင့်သားဖြစ်သူ မောင်ထွန်းလှမိုး တို့ကိုလည်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) အား သတင်းပေးခြင်း၊ ငွေကြေးနှင့် ရိက္ခာများထောက်ပံ့ပေးနေသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တပ်မှ အာဏာစတင်သိမ်းယူပြီးနောက် (၂၀၂၄) ခုနှစ် ဇွန်လ (၁၇) ရက့်အထိ တစ်နိုင်ငံလုံးတွင် အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုများကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူ နှင့် ပြည်သူ (၂၆၈၇၇) ဦးကျော်ရှိခဲ့ပြီး (၂၀၆၀၇) ဦးမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဇွန်လ (၁၇) ရက်နေ့ အစီရင်ခံစားအရ သိရသည်။