အာရှလမ်းမကြီးပိတ်ထားသဖြင့် မြဝတီ-မော်လမြိုင်ကားခ လူတစ်ယောက် ကျပ်တစ်သိန်းခွဲအထိ စျေးအဆမတန်ခုန်တက်သွားကြောင်း ဆက်သွယ်မေးမြန်းမှုများအရ သိရသည်။
ယခုရက်ပိုင်းတွင် မြဝတီမှ မော်လမြိုင်သွားမည့် လူတစ်ယောက် ကားခတစ်သိန်းခွဲဖြစ်ပြီး လမ်းတွင်တညအိပ်ရသလို နောက်တစ်နေ့မှ မော်လမြိုင်မြို့ကို ရောက်နိုင်မည်ဖြစ်ကြောင်း မြဝတီမှ ကားသမား ဝမ်ချိုင် ဆိုသူက ပြောသည်။
“ကားခတစ်သိန်းခွဲပါ မြဝတီကနေ မော်လမြိုင်ကို တစ်ရက်အတွင်း မရောက်နိုင်ပါဘူး၊ တောင်ပေါ်မှာ အိပ်ရမယ်၊ တခါတလေ မိုးရွာများရင် တောင်ပြိုတယ်၊ လမ်းပိတ်တတ်တယ် တနေ့ထဲ ရောက်ချင်မှ ရောက်မယ်၊ အများအားဖြင့် လမ်းမှာ တညအိပ်ပြီးတော့ နောက်နေ့မနက်ကျမှ မော်လမြိုင် ရောက်နိုင် မယ်”
အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသောကြောင့် အသစ်ဖောက်လုပ်ထားသည့် ကြက်ဥတောင်လမ်း၊ ထို့ကော်ကိုးလမ်း၊ 1018 လမ်း စသည့် တောလမ်း၊ တောင်တက်လမ်းများဘက်မှ သွားလာ၍ အဆင်မပြေသဖြင့် ယခင်တောင်ပေါ်လမ်းဟောင်းကို ပြန်လည်အသုံးပြုနေရသည်ဟု မော်လမြိုင်မှ ကားသမား ကိုချိုက ပြောသည်။
“ဟိုးတုန်း အာရှလမ်းမကြီး အခြေအနေကောင်းတုန်းက မော်လမြိုင်နဲ့မြဝတီကို လူတစ်ယောက် တစ်သောင်း၊ တစ်သောင်းခွဲလောက် ကားခအဲလောက်ပဲ ယူကြတယ်၊ ထို့ကော်ကိုးလမ်းတို့ စဖွင့်အခါက ၄ သောင်း ၄ သောင်းခွဲ နောက် ၇ သောင်း၊ အခုတစ်သိန်းကျော်သွားပါပြီ၊ လောလောဆယ်ကတော့ ဒီမိုးတွင်းက ဒီအတိုင်းပဲသွားနေမှာပဲ၊ လမ်းဟောင်းကျတော့ မြဝတီဘက်က လာရင် အဆင်းကို နှစ်ရက်ပေးထားတယ် အတက်ကိုတစ်ရက်ပေးထားတယ်၊ ဒီကနေ ပရိုဘောက်တွေနဲ့ တောင်ခြေအထိ သွားပြီး ဟိုကနေ ဖိုးဝှီးကားတွေနဲ့ ကားပြောင်းစီးပေါ့၊ ခရီးသည်ကတော့ တော်တော်များများ အဆင်မပြေဘူး ဖြစ်တာပေါ့ဗျာ” ဟု ကိုချိုက ဆိုသည်။
ထို့အတူ မြဝတီကားလမ်းတလျှောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF၊ KNU, DKBA, ကရင် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-P စသည့်ကရင့်တော်လှန်ရေးတပ်ဖွဲ့များ၊ ကရင်နယ်ခြားစောင့် BGF နှင့် စစ်ကောင်စီတပ်ဖွဲ့ဂိတ်များကို ဖြတ်သန်းရသဖြင့် လမ်းကြေးများအဆင့်ဆင့် ပေးကမ်းလာခဲ့ရသည်မှာ ကုန်ကျစရိတ် အဆမတန်များပြားသည်ဟု မွန်ကုန်သည်တစ်ဦးက ပြောသည်။
“၆ ဘီးတစ်စီး မြဝတီကနေ မော်လမြိုင်လာမယ်ဆိုလို့ရှိရင် လမ်းမှာ ကုန်ပစ္စည်းအတွက် အခွန်ချည်းဘဲ ငွေကျပ် ၁၇ သိန်းလောက် ပေးရတယ်၊ ကားကြီးဆိုရင် သိန်း ၃၀ အထိ ရှိပါတယ်၊ ဒါတောင် ကားခမပါသေးဘူးနော် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို အကုန်လုံးပေးကမ်းခဲ့ရတာပေါ့ဗျာ၊ ကုန်ကျစရိတ်တွေ ပိုများကုန်တာပေါ့ တွက်ခြေမကိုက်ပါဘူး” ဟု ဆိုသည်။
ထိုင်းဘက်မှ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးပစ္စည်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သော ဓါတ်မြေသြဇာများကို မြန်မာပြည်ဘက်သို့တင်သွင်းနေပြီး လတ်တလောတွင် မြန်မာဘက်မှ ငါးနှင့် ကြက်သွန်များကို ထိုင်းဘက်သို့ တင်သွင်းနေကြောင်း သိရသည်။