လက်ရှိပိတ်ထားသည့် ဘုရားသုံးဆူနယ်စပ်ဂိတ် ဖွင့်မဖွင့်ဆိုသည်ကို လာမည့်စနေနေ့တွင် သတင်းကြားသိရမည်ဆိုသဖြင့် စံခလပူရီမြို့အထွက် လမ်းဘေး၌ ကုန်တင်ကားတစ်ရာကျော် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။
ဘုရားသုံးဆူနယ်စပ်ဖြတ်ကျော်ဂိတ်ကို ဆက်ဖွင့်မည်/ မဖွင့်မည်ဆိုသည်ကို လာမည့် စနေနေ့တွင် မြန်မာအာဏာပိုင်ဘက်မှ အသိပေးလာမည်ဟု ဘုရားသုံးဆူမြို့ ဒေသဖွံ့ဖြိုးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“သုံးဆူ နယ်စပ်ဂိတ် ဒီအတိုင်းဘဲ ဆက်ပိတ်ထားမှာလား၊ အရင်လို ပြန်ဖွင့်မှာလား ဒီလာမယ့်စနေနေ့မှာ သိရလိမ့်မယ်လို သတင်းပို့လာတယ်၊ ဒီနယ်စပ်ဂိတ်တွေကို ဒုတပ်ချုပ်ကြီး စိုးဝင်းက ရတခမှာနေပြီး ကိုင်ထားတယ်လို့ ပြောနေကြတယ်၊ ဒီစနေနေ့ကျရင် ဂိတ်ဖွင့်မဖွင့်ဆိုတာကို သိရလိမ့်မယ်” ဟု ၄င်းက ပြောသည်။
ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရအကြား ယခင်ကတည်းက နားလည်မှုဖြင့် ဖွင့်လှစ်ထားသော ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို အကြောင်းပြချက်မပေးဘဲ ပြီးခဲ့သည့်ဇွန်လ (၁၇) ရက်တွင် မြန်မာဘက်က တဖက်သပ်ပိတ်လိုက်ခြင်း ဖြစ်သည်။
အလားတူ မဲဆောက်ဘက်တွင်လည်း လမ်းခရီးအခြေအနေမကောင်းသည့်အတွက် လက်ရှိတွင် မြဝတီအာရှလမ်းမကြီးဘက်မှ မြန်မာပြည်ဘက်သို့ ကုန်ပစ္စည်းများ ပို့ဆောင်ရန်အခက်အခဲရှိလာသဖြင့် ကုန်သည်အများစုမှာ စံခလပူရီ-ဘုရားသုံးဆူ အဝေးပြေးလမ်းအမှတ် 323 ကို ရွေးချယ်လာကြသည်ဟု သိရသည်။