ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်လူတိုက်နယ်တွင် ပြီးခဲ့သည့် ဇွန်လ (၁၇) ရက် ညပိုင်းက တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၅၆) ဦးအား ထိုင်းရဲအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဇွန်လ (၁၇) ရက်နေ့ ည (၆) နာရီခွဲအချိန်က စံခလဘူရီဒေသရှိ စစ်ဆေးရေးဂိတ်အား ကွေ့ရှောင်ရန်အတွက် တောထဲတွင် အုပ်စုလိုက် လမ်းလျှောက်နေကြသည့် မြန်မာနိုင်ငံသားများအား ထိုင်းအာဏာပိုင်များက သွားရောက်ရှာဖွေခဲ့ရာ နောင်လူတိုက်နယ်ရှိ တောစပ်တစ်နေရာ၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ကလေးငယ်များအပါအဝင် ကျား (၃၈) ဦးနှင့် မ (၁၈) ဦးတို့ အဖမ်းခံရကြောင်း၊ ၎င်းတို့မှာ မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့ဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြောင်း၊ ဘန်ကောက်၊ နွန်ထဘူရီ၊ စမွတ်ဆာခွန်၊ စမွတ်ဆုန်ခရမ်းနှင့် လာ့ခ်ျဘူရီမြို့များသို့ အလုပ် သွားရောက် လုပ်ကိုင်ရန်အတွက် ပွဲစားများအား ဝန်ဆောင်ခအဖြစ် တစ်ဦးလျှင် ဘတ် ၁၆၀၀၀ အထိ ပေးချေခဲ့ရကြောင်း ထွက်ဆိုကြသည်ဟု ထိုင်းသတင်းများက ရေးသားကြသည်။
ဖမ်းဆီးခံခဲ့ရသူများမှာ မြန်မာနိုင်ငံ၊ ရန်ကုန်၊ မော်လမြိုင်၊ ကြာအင်းဆိပ်ကြီး၊ မုဒုံနှင့် ရေးမြို့နယ် များမှဖြစ်ကြောင်းလည်း စံခလဘူရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် အားကိုးကား၍ ထိုင်းသတင်းက ဖော်ပြသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများအား စံခလဘူရီမြို့နယ်ရဲစခန်းမှာ ဖထိန်းသိမ်းထားပြီး ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်ပြီးပါက ကီလိုမီတာ ၂၀ ခန့်ဝေးကွာသော မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့သို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၅) ရက်နေ့မှ (၁၂) ရက်နေ့အတွင်း မြန်မာနိုင်ငံသားများအပါအဝင် တရားမဝင်အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမား (၂၆၀၀၀) ကျော်ကို ဖမ်းဆီးရမိခဲ့ကြာင်း၊ ၎င်းတို့တွင် မြန်မာနိုင်ငံသား (၂၀၁၁၁) ဦးပါဝင်ကြောင်း ထိုင်းနိုင်ငံအလုပ်သမားစီမံခန့်ခွဲရေးဌာမှ သတင်းထုတ်ပြန်ခဲ့သည်။