လက်ရှိ Facebook , Messenger အစရှိသော လူမှုကွန်ရက်များအသုံးပြုရာတွင် တစ်ဆင့်ခံအသုံးပြုနေရသည့် Virtual Private Network ခေါ် VPN အသုံးပြုခြင်းကို ပိတ်ပင်ရန်ကြိုးစားနေသည့်အတွက် မော်လမြိုင်မြို့အပါအဝင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့တွင် စစ်ကောင်စီအဖွဲ့ဝင်များက ဖုန်းများစစ်ကာ VPN App အသုံးပြုသူများအား ငွေညစ်တောင်းခံမှု ပြုလုပ်နေကြောင်း မြို့ခံများထံမှ သိရသည်။
ယခုဇွန်လဆန်းပိုင်းမှစ၍ မော်လမြိုင်မြို့အဝင်အထွက်နေရာနှင့် လမ်းဆုံနေရာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်းထမ်နှင့် ITအပိုင်းကျွမ်းကျင်သူများက လက်ကိုင်ဖုန်းကို စစ်ဆေးလျှက်ရှိပြီး၊ VPN Software ထည့်သွင်းထား သူတို့ကို ငွေကျပ်သိန်းဂဏန်းအထိ တောင်းခံနေသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောကြားသည်။
“အဓိကကတော့ ရဲတွေပါမယ်။ ပျူစောထီးတွေပါမယ်။ ပြီးတော့ IT အပိုင်းကျွမ်းကျင်တဲ့သူတွေပါမယ်။ လူငယ်လူလတ်တွေဆိုသူတို့ ပိုစစ်တယ်။ VPN တွေ့လို့ရှိရင်ပိုက်ဆံတောင်းတယ်။ ၅ သောင်း ၁ သိန်း လူအခြေနေကိုကြည့်ပြီးတောင်းတယ်။ ချက်ချင်းမပေးနိုင်ရင် အိမ်ကလူကိုဖုန်းဆက်ပြီးတော့ ပိုက်ဆံလာပို့ခိုင်းတယ် ” ဟု ၎င်းက ဆက်ပြောသည်။
နည်းပညာပိုင်းကျွမ်းကျင်သည့် လူငယ်များက အပြင်ထွက်သွားလာရာတွင် လုံခြုံမှုရှိအောင် Hide Software Application ဖြင့် အသုံးပြု သွားလာနေသော်လည်း လုံခြုံမှုမရှိနေကြောင်း ၎င်းကဆိုသည်။
တစ်ဆင့်ခံ VPN Software အသုံးပြုလျှင် အရေးယူမည်ဟု စစ်ကောင်စီမှ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသော်လည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ပြည်သူများအား ခြိမ်းခြောက်ငွေတောင်းခံမှုများလုပ်ဆောင်လျှက်ရှိကြောင်း နှင့် ၎င်းတို့အား ထိန်းသိမ်းနိုင်ခြင်းမရှိကြောင်းလည်း မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
အလားတူ ရေးမြို့ပေါ်တွင် လူအသွားအလာများသည့် အထက(၁) ကျောင်းရှေ့နှင့် လမ်းဆုံမီးပွိုင့်နေရာများတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၊ ပျူစောထီး နှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ ပြည်သူများအား စစ်ဆေးမှု ပြုလုပ်လျှက်ရှိပြီး VPN Software အသုံးပြုထားသူများအား ခြိမ်းခြောက်ငွေတောင်းခံများပြုလုပ်နေကြကြောင်း မြို့ခံများက ဆိုကြသည်။
“သူတို့က အဓိက ရေးမြို့မီးပွိုင့်မှာ ပြီးတော့ အထက(၁) ကျောင်းရှေ့မှာစစ်နေတယ်။ နေရာသတ်မှတ်ပြီးစစ်နေတာတော့မရှိဘူး။ ကြုံရင်ကြုံသလိုစစ်နေတာ၊ တစ်နေရာဆိုရင် အများဆုံးစစ်တာ တစ်နာရီ နှစ်နာရီလောက်ကြာတယ်၊ ပြီးရင်တစ်ခြားတစ်နေရာပြောင်းတယ်၊ စစ်ခံထိရင် အနည်းဆုံး၂ သိန်းပေးရတယ် ” ဟု ရေးမြို့ခံတစ်ဦးက ပြောကြားသည်။
မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၏ ဒေသတချို့တွင်လည်း VPN အသုံးပြုသူများကို ဒဏ်ငွေပေးဆောင်စေသည့်အပြင်၊ အဆိုပါ Software တို့ကို ထပ်မံအသုံးပြုရန်တားမြစ်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ အလယ်ပိုင်းမှစတင်ကာ မွန်ပြည်နယ်အတွင်း ဖုန်းလိုင်းပြတ်တောက်ခြင်း၊ အင်အာနက်လိုင်းများမမိခြင်း နှင့် Facebook နှင့် Massager App များအပါအတင် တချို့ App များအား အသုံးပြုရန်တစ်ဆင့်ခံသုံးရသည့် VPN နှင့် ချိတ်ဆက်မရဖြစ်ခြင်းများ နှင့် ကြုံတွေ့ခဲ့ရသည်။
လက်ရှိ VPN ပြဿနာကြောင့် Online မှတဆင့် ဈေးရောင်းနေကြသူများ ရောင်းအားကျဆင်းနေကြသည့်အပြင်၊ ပညာရေး၊ လူမှုရေး နှင့် လူထုအကျိုးပြုကိစ္စဆိုင်ရာများလည်း ထိခိုက်မှုများရှိနေကြောင်း သိရသည်။