ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီး အခိုင်ကျေးရွာ နှင့် သုံးခွကျေးရွာကြားရှိ ကျောက်ဟတ်ကွင်းအတွင်း စစ်ကောင်စီအမြောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၁၄) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးကာ၊ ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၁၄) ရက်နေ့၊ မွန်းလွဲ (၁) နာရီအချိန်ခန့်က သိမ်ဇရပ်မြို့အခြေစိုက် အမှတ် – ၃၁၀ အမြောက်တပ် နှင့် အမှတ် – ၂၀၇ ခြေမြန်တပ်ရင်းတို့မှ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လက်နက်ကြီး (၁၀) လုံးထက်မနည်း ပစ်ခတ်ခဲ့သည်။
ထိုသို့ စစ်ကောင်စီအမြောက်တပ် နှင့် ခြေမြန်တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျောက်ဟတ်ကွင်းရှိ ဦးစိုးမင်းအောင် ဆိုသူပိုင်ဆိုင်သော ခြံအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်အတွက်ကြောင့် ဦးစိုးမင်းအောင်၏ သမီးဖြစ်သူ အသက် (၁၄) နှစ်အရွယ် မနန္ဒလင်း မှာ လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ပြီး၊ အသက်တစ်နှစ်ခွဲအရွယ်ရှိ မရွှေဇင်လင်း တွင် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ဦးစိုးမင်းအောင် ရဲ့ သမီးကြီးကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။ သမီးငယ်လေးကတော့ ဒဏ်ရာရသွားလို့ သိမ်ဇရပ်တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံနေရတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောက်စီလက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များမှ အခိုင်၊ စက်ကွင်း၊ သုံးခွ အစရှိသည့်ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် နေ့စဉ်လိုလိုပစ်ခတ်နေကြသည့်အတွက် ဒေသခံပြည်သူ (၃၀၀၀) ခန့်မှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၁၃) ရက်နေ့ကလည်း သိမ်ဇရပ်မြို့အခြေစိုက် အမှတ် – (၃၁၀) အမြောက်တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပိန္နဲကုန်းကျေးရွာနေ သားအဖ နှစ်ဦးမှာလည်း လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့သေးကြောင်း သိရသည်။
ပြီးခဲ့သည့် မေလအတွင်းက မွန်ပြည်နယ်၌ စစ်ကောင်စီလက်နက်ခံတပ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား (၁၃) ဦးသေဆုံးခဲ့ပြီး၊ (၄၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။