စစ်ကောင်စီအား တော်လှန်တိုက်ခိုက်သွားမည်ဟု ကြွေးကျော်ပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) စတင်တိုက်ပွဲဝင်လာခဲ့သည့် ၄ လကြာကာလအတွင်း ရဲဘော်တို့၏ အသက်သွေးချွေးများ ပေးဆပ်ခဲ့မှုနှင့် ရန်သူတို့၏ မီးရှို့ဖျက်ဆီးလုယက်မှုတို့ကြောင့် ဆုံးရှုံးခံလိုက်ရသော ပြည်သူတို့၏ ပစ္စည်းဥစ္စာများအတွက် အောင်ပွဲများဖြင့် သွေးကြွေးပေးဆပ်သွားမည်ဖြစ်ကြောင်း NMSP (AD) ဒုခေါင်းဆောင် (၁) နိုင်ဗညားလယ်က ပြောကြားလိုက်သည်။
လွတ်မြောက်ဒေသတစ်နေရာ၌ ယမန်နေ့ (ဇွန် ၁၅) က ကျင်းပခဲ့သော မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့၏ အခြေခံစစ်ပညာသင်တန်း အမှတ်စဥ် (၂) သင်တန်းဆင်းပွဲ၌ နိုင်ဗညားလယ်က မွန်ဘာသာဖြင့် မိန့်ခွန်းပြောကြားလိုက်ခြင်း ဖြစ်သည်။
“စစ်ကောင်စီကို တိုက်ခိုက်သွားမယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ကြွေးကျော်ပြီး တိုက်ပွဲဝင်လာခဲ့တာ (၄) လ ပြည့်ခဲ့ပါပြီ၊ ဒီ ၄ လအတွင်းမှာ ရဲဘော်တွေလည်း အသက်သွေးချွေးတွေ ပေးဆပ်ခဲ့ရသလို ရန်သူတွေက ရွာကိုမီးရှို့ဖျက်ဆီးပြီး ခိုးနှိုက်လုယက်မှုတွေလုပ်ခဲ့လို့ ပြည်သူလူထုရဲ့ ပစ္စည်းဥစ္စာတွေ အများအပြားဆုံးရှုံးခံလိုက်ရတာကြောင့် ကျနော်တို့ဟာ ပြည်သူလူထု၊ အမျိုးသားထုအပေါ်မှာ အကြွေးတွေတင်သွားခဲ့ပါပြီ၊ ဒီအကြွေးတွေကို အောင်ပွဲတွေနဲ့ ပေးဆပ်သွားပါမယ်၊ အောင်ပွဲတွေ အမျိုးသားအခွင့်အရေးတွေကို ရယူပေးနိုင်စွမ်းမရှိခဲ့ရင် တော်လှန်ရေးမှာ သမိုင်းဖြစ်ရပ်ဆိုးအဖြစ် ကျန်ရစ်နေလိမ့်မယ်၊ အောင်ပွဲတွေရဖို့အတွက် တိုက်ပွဲဝင်သွားရမယ်”
လက်ရှိ မိမိတို့နိုင်ငံ၏ နိုင်ငံရေးရေစီးကြောင်းသည် နိုင်ငံရေးဘောင်ကျဥ်းမြောင်းလာပြီး စစ်ရေးဘောင်က ပိုမိုကျယ်ပြန့်နေသောကြောင့် စစ်ရေးနှင့် ပြည်သူလူထုထောက်ခံမှုသည်သာ အဓိကဖြစ်နေကြောင်း၊ စစ်အင်အားတောင့်တင်းမှသာ ရန်သူအား ခြိမ်းခြောက်နိုင်ပြီး ဘဝတူမဟာမိတ်များကလည်း အသိအမှတ်ပြုလိမ့်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်အင်အားသည် ပထမ၊ စစ်အင်အားသည် ဒုတိယ၊ စစ်အင်အားသည် တတိယ စသည်ဖြင့် အာရုံစူးစိုက်၍ မွေးထုတ်သွားရမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
အခမ်းအနားတွင် ထူးချွန်ဆုရ သင်တန်းသားများအား နိုင်ဗညားလယ်နှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထောက ဆုအသီးသီးချီးမြှင့်ခဲ့ကြောင်း၊ သင်တန်းသားများအား ကတိသစ္စာခံယူ၍ လက်နက်အပ်နှင်းပေးခဲ့ကြောင်း NMSP (AD) Facebook စာမျက်နှာဖော်ပြချက်အရ သိရသည်။
Photo-Ref; NMSP (AD) Facebook