မြန်မာနိုင်ငံသားများအပါအဝင် တရားမဝင် နိုင်ငံခြားသားအလုပ်သမား (၂၆၀၀၀) ကျော် ပြီးခဲ့သည့်တစ်ပတ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဌာန ထုတ်ပြန်ချက်များ အရ သိရသည်။
မြန်မာ၊ လာအို၊ ကမ္ဘာဒီယား၊ ဗီယက်နမ်နိုင်ငံသားများ အပါအဝင် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမား (၂၆၀၀၀) ကျော်ကို တစ်ပတ်အတွင်း ဖမ်းဆီး အရေးယူခဲ့ကြောင်း ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံအတွင်း၌ စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုကြောင့် ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် သွားရောက်နေထိုင်ကြသူများ ရှိနေကြသည့်အပြင် လက်နက်ကိုင်ပဋိပက္ခများ နှင့် စစ်ကောင်စီမှ အသက်သွင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် ပြည်တွင်းမှ အသက် (၁၈) နှစ်မှ (၃၅) နှစ်ကြား လူငယ်များ နှင့် လူလတ်ပိုင်းများ ထိုင်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာနေကြဆဲ ဖြစ်သည်။
ထိုင်းနိုင်ငံ အစိုးရ၏ တရားမဝင် အလုပ်သမားပပျောက်ရေး စီမံချက်ရက်ပေါင်း ( ၁၂၀ ) အရ ပြီးခဲ့သည့် ဇွန် (၅) ရက်မှ ဇွန် (၁၂) ရက်အတွင်း ထိုင်းနိုင်ငံ အတွင်းရှိ စက်ရုံ၊အလုပ်ရုံများနှင့်လုပ်ငန်းခွင်ပေါင်း (၁၇၇၄) နေရာတို့ကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယင်းကဲ့သို့ တရားမဝင် နိုင်ငံခြားသားအလုပ်သမား အမြောက်အများကို ဖမ်းဆီရမိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
တရားမ၀င်အလုပ်သမားပေပျာက် ရေးစီမံချက်စစ်ဆေးရေးအဖွဲ့က ထိုသို့စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံသား (၂၀၁၁၁) ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား (၃၉၇၁) ဦး၊ လာအိုနိုင်ငံသား (၁၆၅၉) ဦးနှင့် အခြားနိုင်ငံသား (၄၄၄) ဦး အပါအဝင် စုစုပေါင်း တရားမဝင်နိုင်ငံခြားသားအလုပ်သမား (၂၆၁၈၉) ဦးတို့သည် တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်ခြင်း၊ အထောက်အထားမရှိခြင်းနှင့် အထောက်အထား မပြည့်စုံခြင်းတို့ကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးခံနိုင်ငံခြားသားအလုပ်သမားများအနက် တရားစွဲဆိုခံထားရသူ (၂၄၀) ဦးတွင် မြန်မာနိုင်ငံသား (၁၉၀) ဦး၊ လာအိုနိုင်ငံသား (၃၈) ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား (၈) ဦးနှင့်အခြားနိုင်ငံသား (၄) ဦးတို့ပါဝင်ကြောင်း၊ အခြား ဖမ်းဆီးခံ အလုပ်သမားများအား ပြစ်မှုအလိုက် ဒဏ်ငွေရိုက်ခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း စသည့် အရေးယူမှုများပြုလုပ်ဆောင်လျှက်ရှိ ကြောင်းလည်း ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဌာနမှ ဆိုထားသည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သား တစ်ဦးအနေဖြင့် အလုပ်လုပ်ကိုင်နေသည့် နေရာလွဲနေခြင်း (သို့မဟုတ်) လုပ်ငန်းခွင်၌အလုပ်လုပ်ခွင့်မရှိဘဲ ဝင်ရောက်လုပ်ကိုင်နေစဉ် စစ်ဆေးတွေ့ရှိပါက ထိုင်းနိုင်ငံ၏အလုပ်သမားဥပဒေအရ ဒဏ်ငွေ ဘတ် (၅၀၀၀) မှ ဘတ် (၅၀၀၀၀) အထိ ပေးဆောင်ရမည့်အပြင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် (၂) နှစ်ပိတ်ခံရမည်ဖြစ်ပြီး မိမိနေရပ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းခံရမည်ဟု သိရသည်။
Photo Credit – Thai News