မွန်ပြည်နယ် ပေါင်မြို့နယ် ထန်းပင်ချောင်လေးကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးချစ်ဝင်းမှာ ယနေ့ မနက်ပိုင်းအချိန်က သေနတ်ဖြင့်ပစ်သတ်လုပ်ကြံခံရသေဆုံးသွားခဲ့ပြီး ရွှေငွေများကိုလည်း ပစ်သတ်သူများက ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ (ဇွန်လ ၁၄ ရက်) မနက် (၉) နာရီအချိန်ခန့် ဦးချစ်ဝင်း၊ အသိမိတ်ဆွေတစ်ဦးနှင့် သားဖြစ်သူတို့မှာ နေအိမ်ရှေ့အိမ်ပေါက်ဝတွင်ရှိနေစဉ် ဆိုင်ကယ်စီး သေနတ်သမားနှစ်ဦးရောက်ရှိလာကာ ၎င်းတို့အား မှောက်ခိုင်းကြောင်း၊ ဦးချစ်ဝင်း ၏ သားဖြစ်သူထံမှ (၂) ကျပ်သားခန့်ရှိ ရွှေဆွဲကြိုးအား ချွတ်ယူပြီးနောက် ဦးချစ်ဝင်း၏ ဦးခေါင်းနောက်စေ့အား သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“သေနတ်နဲ့ပစ်ပြီးတဲ့အချိန်မှာ နောက်ထပ်ဆိုင်ကယ်တစ်စီးနဲ့ လူ (၂) ယောက်ထပ်ရောက်လာတယ်။ ပြီးတော့ ဦးချစ်ဝင်းသား ဝတ်ဆင်ထားထားတဲ့ ရွှေလက်စွပ်ကိုပါ ချွတ်ယူပြီးတော့ ထွက်သွားကြတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထို့အပြင် စစ်မှုထမ်းမည့်သူအား ထောက်ပံ့ရန်ကျေးရွာအတွင်းကောက်ခံထားသည့် ငွေသိန်း (၆၀) ကျပ်ကိုပါ ယူဆောင်သွားကြသည်ဟု သိရကြောင်း ၎င်းဒေသခံက ဆိုသည်။
ယခု ဇွန်လအတွင်း မွန်ပြည်နယ်၌ လုပ်ကြံပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ပြီးခဲ့သည့် ဇွန်လ (၁) ရက်နေ့က သထုံမြို့နယ် တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရေးမြို့နယ် ကျုံလောင်းကျေးရွာမှ ဒေသခံ (၂) ဦး၊ ဘီးလင်းမြို့နယ် ယွန်းဒလင်းကုန်းကျေးရွာတွင် ရဲတပ်ကြပ်ကြီးတစ်ဦး တို့သေဆုံးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဇွန်လ (၉) ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ပေါက်ကွဲကျေးရွာရှိ နာရေးအိမ်တွင် ပစ်ခတ်မှုများခဲ့ရာမှ အမျိုးသား (၂) ဦးသေဆုံးကာ အမျိုးသမီးတစ်ဦး နှင့် ယောက်ျားလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။
ယခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ မွန်ပြည်နယ်အတွင်း လုပ်ကြံပစ်ခတ်မှုများကြောင့် (၃၈) ဦးသေဆုံးခဲ့ကာ (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်မှတ်တမ်းအရ သိရသည်။