(၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးခဲ့သူများ အနေဖြင့် Pre – College တက်ရောက်ပြီးနောက် မွန်အမျိုးသားကောလိပ်တွင် ပညာဆက်လက်သင်ကြားနိုင်ကြောင်း မွန်အမျိုးသားကောလိပ် မှ တာဝန်ရှိသူများထံမှ သိရသည်။
မွန်အမျိုးသားအထက်ကျောင်းတန်းမှဖြစ်စေ၊ အစိုးရအခြေပညာအထက်တန်းကျောင်းများမှဖြစ်စေ တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးခဲ့သူများအနေဖြင့် Pre-College တစ်နှစ်တက်ပြီး မွန်အမျိုးသားကောလိပ် ဆက်တက်ခွင့်ရရရှိမည်ဖြစ်သည်ဟု မွန်အမျိုးသားကောလိပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။
“Pre-College မှာက ကျနော်တို့ စမ်းစစ်စာမေးပွဲ မပေးဖြေခိုင်းတော့ဘူး။ လိုအပ်တဲ့ အရည်အသွေး တွေကို လိုက်ဖြည့် ပေးရုံပါပဲ။ ဒါပေမဲ့ အင်္ဂလိပ်စာအရည်အချင်း ဆန်းစစ်စာမေးပွဲကိုတော့ ဖြေရမယ်။ ဘာလို့လဲဆိုတော့ မွန်အမျိုးသားကောလိပ်တက်ရင် အင်္ဂလိပ်စာရထားမှ အဆင်ပြေ မယ်လေ။ အင်္ဂလိပ်စာ မနိုင်ရင် ကောလိပ်တက်လို့ အဆင်မပြေဘူး။ အကုန်လုံးက အင်္ဂလိပ်လိုပဲ သင်ကြားနေကြတဲ့ အတွက်ကြောင့်ပါ” ဟု ၎င်းက ပြောကြားသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးထားသူများအနေဖြင့် စိတ်ဓာတ်ကျစရာမလိုကြောင်း၊ Pre-College တက်ပြီး မွန်အမျိုးသားကောလိပ်တွင် ဆက်လက်ပညာသင်ကြားနိုင်ကြောင်း၊ ထိုမှတဆင့် နိုင်ငံတကာကျောင်းများအထိ ဆက်တက်နိုင်ကြောင်းနှင့် Pre-College ကို တက်ရောက်ရန် စုံစမ်းနိုင်ပြီးဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
မွန်အမျိုးသားကောလိပ်အား မွန်ကျောင်းသား၊ ကျောင်းသူများ နိုင်ငံတကာတက္ကသိုလ်များတွင် ပညာဆက်လက် သင်ယူနိုင်ရန်အတွက် ရည်ရွယ်ပြီး၊ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်၊ ရေးချောင်းဖျားဒေသရှိ ညီစားကျေးရွာတွင် ပြီးခဲ့သည့် (၂၀၂၂) ခုနှစ် ဇွန်လအတွင်းက စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ မွန်အမျိုးသားကောလိပ်တွင် Tests of General Educational Development (GED), Leadership & Management, Teacher Education, Media, Mon Literature စသည့်သင်တန်းများ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နှင့်၊ မွန်ယဉ်ကျေးမှုဆိုင်ရာဘာသာရပ်၊ မွန်သမိုင်းဘာသာရပ်၊ ကမ္ဘာ့လူမှုရေးဘာသာရပ်၊ လူ့အခွင့်အရေးဆိုင်ရာဘာသာရပ်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်၊ သုတေသနပြုဘာသာရပ်၊ ယုတ္တိဗေဒဘာသာရပ် အပြင်၊ အင်္ဂလိပ်စာ၊ ကွန်ပြူတာအခြေခံကိုလည်း သင်ကြားပေးနေသည့်အပြင် သူနာပြုသိပ္ပံ ဆေးဘာသာရပ်ကို ဒီဂရီအပြည့် ပေးအပ်ရန် သင်ကြားပေးနေကြောင်း သိရသည်။