မွန်ပြည်နယ်မှ ကရင်ပြည်နယ်သို့ ထိစပ်နေသော ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်ကျေးရွာ (၁၁) ရွာမှ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများအား အကူအညီပေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေန့ ဇွန်လ (၁၂) ရက်နေ့က မော်လမြိုင်မြို့ရှိ သာသနာ (၂၅၀၀) မွန်ဗိမာန်တော်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲအား မွန်ကျေးရွာများ၊ မွန်ပြည်နယ်သူ/သားများ၊ စစ်ဘေးဒဏ်သင့်ခဲ့ခြင်း အခြေအနေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်၊ စစ်ဘေးရှောင်များအား ကူညီရန်အတွက် ဖွဲ့စည်းထားပြီးဖြစ်သော စစ်ဘေးရှောင်ကူညီရေးအဖွဲ့၏ လုပ်ငန်းများ၊ ဆောင်ရွက်နေခြင်း အခြေအနေကို အသိပေးတင်ပြန်ရန် နှင့် ရှေ့ဆက်စစ်ဘေးရှောင်ပြည်သူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမျိုးသားအဆင့်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်နိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်စပ်နိုင်ရန်အတွက် အမြင်များ အကြံပြုချက်များရယူနိုင်ရန်အတွက် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မွန်ရဟန်းသံဃာတော်များ၊ မွန်ပြည်သစ်ပါတီ NMSP ၊ မွန်ညီညွတ်ရေးပါတီ MUP နှင့် မွန်အရပ်ဖက်အဖွဲ့အစည်းများ စုစည်းဖွဲ့စည်းထားသည့် စစ်ဘေးရှောင်ကူညီရေးအဖွဲ့အနေဖြင့် ကဏ္ဍ (၈) ခုဖြင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်နိုင်ရန် လုပ်ဆောင်သွားမှာဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
“ကဏ္ဍ (၈) ခုမှာဆိုရင် ဘဏ္ဍာငွေရှာဖွေရေး ကဏ္ဍ၊ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာထောက်ပံ့ကူညီပေးမယ့် ကဏ္ဍ၊ စစ်ကျန် စစ်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်လို့ အသိပညာပေးမယ့်ကဏ္ဍ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်လို့ရှိ ကူညီဆောင်ရွက်ပေးမယ့် ကဏ္ဍ၊ သတင်းအချက်အလက်တွေစုဆောင်းဖြန့်ဝေသွားမယ့် စတဲ့ကဏ္ဍ တွေပါဝင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
စစ်ဘေးရှောင်ကူညီရေးအဖွဲ့အနေဖြင့် အခြားသော အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်စပ်နိုင်ရေးအတွက်ကိုလည်း ကဏ္ဍတစ်ခုအနေဖြင့် ထည့်သွင်းထားကြောင်း၊ ၎င်းအပြင် တည်ဆဲ ဥပဒေများနှင့်အညီ ဒေသခံများအား အကာအကွယ် ပေးနိုင်ရေးအတွက်ကိုလည်း ဥပဒေဆိုင်ရာကဏ္ဍတစ်ခု ထည့်သွင်းထားကြောင်း နှင့် ရှေ့ဆက် ပဋိပက္ခများထပ်မံဖြစ်ပွားလာပါကလည်း မည်သို့ကြိုတင်ဆောင်ရွက်ရမည်ကိုလည်း ကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ကြောင်း ၎င်းက ဆိုသည်။
“ဖြစ်ပေါ်လာတဲ့အခြေအနေတွေအပေါ်မူတည်ပြီးတော့ လုပ်ငန်း ကဏ္ဍအလိုက်ရှေ့ဆက်လုပ်ဆောင်သွားကြမှာပါ။ ဒါပေမယ့် ဘယ်အချိန်အထိကို ဆက်သွားရမလဲ။ ဘယ်လိုဆက်လုပ်သွားမလဲ။ အခြေအနေတွေက ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို မသိကြရတော့ လောလောဆယ်မှာတော့ လုပ်ဆောင်လို့ရတဲ့ ကဏ္ဍတွေအတိုင်း လုပ်ငန်းအကောင်အထည်ဖေါ်သွားဖို့ရှိပါတယ်” ဟု အဆိုပါ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စစ်ဘေးဒဏ်သင့်ခဲ့ကြသော ကျိုက်မရောမြို့နယ်နှင့် ကော့က ရိတ်မြို့နယ်များရှိ ကျေးရွာပေါင်း (၃၀) မှ စစ်ဒဏ်သင့်ပြည်သူများ၊ သံဃာတော်များ၊ စစ်ဘေးရှောင် ကူညီရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများ စုစုပေါင်း (၂၇၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။