လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးတို့အနေဖြင့် (၁) အရပ်သားပြည်သူများ ထူထပ်စွာ အခြေချနေထိုင်ရာဒေသ၊ ကျေးရွာများ၊ အရပ်သားပြည်သူများ ပိုင်ဆိုင်သည့်အိမ်များ ၊ ဘာသာရေးအဆောက်အအုံများအား အသုံးပြုကာ စစ်ပွဲဆင်နွှဲခြင်းများကို ရှောင်ရှားပေးရန် အချက် (၅) ချက်ပါဝင်သော ကျေညာချက်ကို ယမန်နေ့ (ဇွန်လ ၁၂ ) ရက်စွဲဖြင့် မွန်အမျိုးသားအဆင့် ဆောင်ရွက်မည့် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ထုတ်ပြန် တောင်းဆိုလိုက်သည်။
ထို့ပြင် (၂) တရားမဲ့ အကြမ်းဖက်သတ်ဖြတ်ခြင်းများကို ရှောင်ရှားရန်။ (၃) စစ်ဒဏ်သင့် ကျေးရွာများ အတွင်း ဖြစ်ပေါ်နေသည့် ခိုးဆိုး လုနှိုက် ဒုစရိုက်မှုများ ကျူးလွန်နေခြင်းကို အရေးယူကိုင်တွယ်ပေးရန်။ (၄) ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကူညီဆောင်ရွက်နေသူများအား ခြိမ်းခြောက်နေမှုများကို မပြုလုပ်ရန်။ (၅) ယခုကျောင်းဖွင့်ရာသီ၌ လူအခွင့်အရေး စံချိန်စံညွှန်းများအားလေးစားကာ ၊ လွတ်လပ်စွာ ပညာသင်ကြားခွင့်အတွက် မိမိတို့၏ဒေသများရှိ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် ကြိုးပမ်းလုပ်ဆောင်သွားရန် စသည့် အချက်များကိုလည်း လိုက်နာလုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။
မွန်သံဃာတော်များအဖွဲ့၊ မွန်ပြည်သစ်ပါတီ NMSP, မွန်ညီညွတ်ရေးပါတီ MUP နှင့် Mon CSOs လူမှုအဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားသော စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ ယမန်နေ့ (ဇွန်လ ၁၂ ရက်) တွင် မော်လမြိုင်မြို့ရှိ သာသနာ (၂၅၀၀) ၌ စစ်ဘေးရှောင်ကူညီရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းခဲ့ပြီး အဆိုပါ ကျေညာချက်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။
စစ်ဘေးရှောင်ကူညီရေးအဖွဲ့သည် ရှေ့ဆက် စစ်ဘေးရှောင်ပြည်သူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမျိုးသားအဆင့် အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်နိုင်ရန်၊ နိုင်ငံတကာအဖွဲ့စည်းများနှင့် ဆက်စပ် နိုင်ရန်အတွက် အမြင်များ၊ အကြံပြုချက်များရယူသွားမည်ဟု ဆိုသည်။
အဆိုပါဆွေးနွေးပွဲတွင် စစ်ဘေးဒဏ်သင့်ခဲ့ကြသော ကျိုက်မရောမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များရှိ ကျေးရွာပေါင်း (၃၀) မှ စစ်ဒဏ်သင့်ပြည်သူများ၊ သံဃာတော်များ၊ စစ်ဘေးရှောင် ကူညီရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများ စုစုပေါင်း (၂၇၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။