ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်တွင် ဘတ်တစ်သန်းခန့်တန်ဖိုးရှိ စစ်အသုံးအဆောင်ပစ္စည်းများအား ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းဘက်မှ လာသည့် သတင်းများအရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၁၁) ရက်နေ့ ညနေပိုင်းအချိန်က မယ်ပကျေးရွာရှိ ရာ့ချ်မနူအထူးတပ်ဖွဲ့တပ်မှူးပါဝင်သည့် မဲဆောက်လှဲ့ကင်းရဲတပ်ဖွဲ့၊ မဲဆောက်အုပ်ချုပ်ရေးတာဝန်ရှိသူများပါဝင်သည့် အကောက်ခွန်စစ်ရေးအဖွဲ့တို့မှ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများလုပ်ဆောင်နေစဉ် ပုဂ္ဂလိကပို့ဆောင်ရေးကုမ္ပဏီတစ်ခု၏ ကားတစ်စီးပေါ်မှ အဆိုပါ စစ်အသုံးအဆောင်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးရမိခဲ့သည့် စက်အသုံးအဆောင်ပစ္စည်းများမှာ စစ်ဘက်သုံးကျည်ကာအင်္ကျီ၊ စစ်ဘက်သုံးကျည်ကာဦးထုပ်၊ UV 8000 D အမျိုးအစား ဆက်သွယ်ရေးစကားပြောစက်၊ M -16 ကျည်ဆံ၊ စစ်ဝတ်စုံ၊ စစ်သုံးဖိနပ် အစရှိသည့် ပစ္စည်းများဖြစ်ပြီး ယင်းပစ္စည်းများ၏ ကာလတန်ဖိုးမှာ ဘတ်တစ်သန်းခန့်တန်ဖိုးရှိကြောင်း ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။
အဆိုပါ စစ်အသုံးအဆောင်ပစ္စည်းများထုပ်ပိုးထားသည့် အထုပ်များပေါ်တွင် မယ်ဟောင့်ဆောင်ခရိုင်၊ မယ်စလီယန်မြို့နယ် ဘက်သို့ ပို့ဆောင်ရန် လိပ်စာရေးသားထားထားကြောင်းနှင့် မြန်မာနိုင်ငံဘက်သို့ပို့ဆောင်မည့် ပစ္စည်းများဖြစ်ကြောင်းကို ဖေါ်ပြထားခြင်းမရှိသော်လည်း ကျည်ကာအင်္ကျီများအတွင် ပြည်သူ့ကာကွယ်ရေးတပ် PDF အမှတ်တံဆိပ် အနီရောင်နောက်ခံ၊ ကြယ်ဖြူဘတ်တံဆိပ်များ တပ်ဆင်ထားကြောင်းကို တွေ့ရကြောင်း ထိုင်းသတင်းများက ဆိုသည်။
ဖမ်းဆီးရမိခဲ့သည့် စစ်အသုံးအဆောင်ပစ္စည်းများအား ပိုင်ရှင်မဲ့အဖြစ်သိမ်းဆည်းသွားမှာဖြစ်ကြောင်း နှင့် တရားဥပဒေများအရ ဆက်လက်အရေးယူနိုင်ရန် ကြိုးစားနေကြောင်းလည်း ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။