မိုးရွာသွန်းမှုများကြောင့် ဒေါနတောင်ကျော်လမ်းများပျက်စီးကာ မော်တော်ယာဉ်များ သွားလာရခက်ခဲနေသည့်အတွက်ကြောင့် မြဝတီမြို့တွင် ဆန်ပြတ်လပ်မှု နှင့် ကြုံတွေ့နေရကြောင်း မြို့ခံများထံမှ သိရသည်။
မြဝတီမှ ကော့ကရိတ်မြို့ဘက်သို့ ဆက်သွယ်ထားသည့် ဒေါနတောင်ကျော်လမ်းများဖြစ်သော ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်း၊ သစ်ကတေ လမ်းတို့ မှ ခရီးသွားတင်ယာဥ်များ၊ ကုန်စည်များတင်ဆောင်ထားယာဉ်များ သွားလာရ ခက်ခဲခြင်းကြောင့် မြ၀တီမြို့တွင် ဆန်ပြတ်လပ်ကာ ဆန်ဆိုင်အချို့ မှာလည်းအရောင်းပိတ်ထားကြောင်း မြဝတီမြို့ခံ ကုန်သည်တစ်ဦးက ပြောကြားသည်။
“လတ်တလောမှာ ကော့ကရိတ် – မြဝတီ ဒေါနတောင်ကျော်လမ်းဟောင်းမှာက ဂိတ် ကြေးများများရတဲ့မြဝတီဘက်ကအဆင်း ကုန်ကားကြီး တွေကိုဘဲ ပေးသွားတယ်။ မြဝတီဘက်ကိုလာမယ့် ကုန်ကားတွေကို ကုန်စည်တင်ဆောင်ခွင့် မပေးဘူး။ ကားအလွတ်တွေဘဲ ပေးလာတော့ မြဝတီဘက်ကို ဆန်အဝင်မရှိတော့ဘူးဖြစ်နေတာ။ အဲ့ဒီတော့ မြဝတီမှာ ဆန်ပြတ်သလောက်ဖြစ်နေပြီ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြ၀တီမြို့အမှတ် (၃) ရပ်ကွက်၊ ကြံခင်းလမ်းပေါ်ရှိ ဆန်ဆိုင်ကြီးများမှာ ယနေ့နံနက်ပိုင်းအထိ ပိတ်ထားဆဲဖြစ်ပြီး၊ ဆန်ပြတ်လပ်မှုနှင့် အတူ ဆန်စျေးမြင့်တက်နေခြင်းကြောင့် ဒေသခံလက်လုပ် လက်စားပြည်သူများ ပိုမိုအခက်ကြုံနေရသည်။
“တတ်နိုင်တဲ့သူတွေကတော့ ထိုင်းဘက်က ဆန်ဝယ်စားနိုင်ကြပေမယ့် ကျနော်တို့လို လက်လုပ်လက်စားသမားတွေ၊ တစ်နေ့လုပ်မှတစ်နေ့စားနေရတဲ့သူတွေကတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ကျနော်တို့က ပြည်တွင်းကလာတဲ့ ဆန်ကိုဘဲ မျှော်နေကြရတာလေ။ ရလာတဲ့ဆန်လေးကို ဆန်ပြုတ် ပြုတ်သောက်နေကြရတယ်” ဟု မြဝတီဒေသခံတစ်ဦးကပြောကြားသည်။
မြန်မာ – ထိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် မြ၀တီ – ကော့ကရိတ် အာရှလမ်းသစ် မှာ ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် (၂၀၂၃) ခုနှစ်ဒီဇင်ဘာလ (၁) ရက်နေ့မှ လက်ရှိ (၂၀၂၄) ဇွန်လ (၁၃) ရက်နေ့အထိ ၆လကျော်လာသည့်တိုင် ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
ကုန်သည်တစ်ဦးက “မြဝတီ – ကော့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းမှာက ငွေရများတဲ့ အဆင်းကား ကို ဦးစားပေးလွှတ်တယ်။ အတက်ကားတွေကို သုံးလေးရက်လောက် ပိတ်ထားတယ်။ ဘာကုန်ပစ္စည်းမှ မပါတဲ့ကား တောင်လမ်းကြေးသိန်းချီကုန်တယ်။ အဆင်းကားတွေလည်း ဆယ့်ငါးသိန်းအထက်ကုန်ကျတယ်။ မတော်လောဘကြောင့် လူထုတွေဒုက္ခအရမ်းရောက်နေကြပတယ်။ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ အာရှလမ်းမကြီးကိုတော့ဖွင့်ပေးကြပါဦး လို့မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောကြားသည်။
မိုးရွာသွန်းမှုများကြောင့် ဒေါနတောင်ကျော်လမ်းများဖြစ်ကြသည့် ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်း၊ ကြက်ဥတောင်လမ်းများမှ ကုန်တင်ကားများသွားလာ၍ မရတော့သည့်အပြင် မြဝတီဘက်သို့ ကုန်ပစ္စည်းများတင်ဆောင်ထားသည့် ကားများလာရောက်ခွင့် ပိတ်ထားသည့်အတွက်ကြောင့် မြဝတီမြို့ဘက်သို့ ပြည်တွင်းမှ ဆန်အပြင်၊ အခြားစားသောက်ကုန်ပစ္စည်းများပါ ဝင်ရောက်ခြင်းမရှိတော့ကြောင်း ကုန်သည်တစ်ဦးက ပြောကြားသည်။
Photo Credit – CJ