မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်းထန်လာသဖြင့် နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ သုံးသန်းကျော် စံချိန်တင်မြင့်တက်လာခဲ့ပြီး လူဦးရေ၏ (၃) ပုံ (၁) ပုံသည် ကလေးသူငယ်များဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာရုံး (UNOCHA) ထုတ်ပြန်သည်။
မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေပြီး အရပ်သားကာကွယ်စောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များနှင့် အခြားလိုအပ်ချက်အသစ်များ ကြီးမားလာခြင်းနှင့်အတူ မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများမှာ ဆက်လက်ဆိုးရွားနေဆဲဖြစ်ကြောင်း (UNOCHA) ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ထို့အတူ မြန်မာနိုင်ငံတွင် မြင့်တက်လက်လာသော လက်နက်ကိုင်ပဋိပက္ခများ၊ မတည်ငြိမ်သော နိုင်ငံရေး နှင့် စီးပွားရေး အခြေအနေများ၊ အကြမ်းဖက်မှုများကို နေ့စဉ်ကြုံတွေ့နေရသည့် ပြည်သူများ၊ ပဋိပက္ခနှင့် သဘာဝဘေးနှစ်မျိုးကြောင့် နေရပ်စွန့်ခွာနေရမှုများ အစရှိသည့် အခြေအနေများကို တုံ့ပြန်နိုင်ရန် ကုလသမဂ္ဂ၏ (၂၀၂၄) ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်း စီမံချက်ကို မဟာဗျူဟာ (၃) ရပ်ချမှတ်၍ ဆောင်ရွက်ခဲ့ပြီး၊ ထိုစီမံချက်အရ အကူအညီပေးရန် ဦးစားပေး သတ်မှတ်ထားသည့် ပြည်သူ ၅ ဒသမ ၃ သန်းအတွက် ရန်ပုံငွေ ဒေါ်လာ ၉၉၄ သန်း လိုအပ်နေကြောင်း ( UNOCHA) က ဆိုသည်။
မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီလိုအပ်နေသည့် လူဦးရေ ၁၈ ဒသမ ၆ သန်းရှိသော်လည်း၊ ကုလသမဂ္ဂအနေဖြင့် လူဦးရေ ၅ ဒသမ ၃ သန်းကိုသာ ကူညီရန်လျာထားပြီး၊ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်း စီမံချက်နှစ်ဝက်ကာလသို့ ရောက်လာသည့်အချိန်တွင် (၁၂) ရာခိုင်နှုန်းသာ ရန်ပုံငွေရှိသေးကြောင်းလည်း (UNOCHA ) ဆိုထားသည်။
ထိုသို့ ရန်ပုံငွေရရှိမှု နည်းပါးနေသော်လည်း မြန်မာနိုင်ငံက လူသားချင်းစာနာမှု ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနေဖြင့် (၂၀၂၄) ခုနှစ် ၏ ပထမ (၃) လပတ်အတွင်း နေရပ်စွန့်ခွာသူဦးရေ (၅) သိန်းနီးပါးအပါအဝင် လူဦးရေ (၁) သန်းနီးပါးကို အကူအညီပေးနိုင်ခဲ့ကြောင်းလည်း (UNOCHA) ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ပုံစာ – တနင်္သာရီတိုင်းအတွင်းရှိ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေသူများအားတွေ့ရစဉ်