မွန်ပြည်နယ်အတွင်း (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက် ဖြေဆိုသူ (၅၇၆၇) ဦးအနက် (၃၄၀၇) ဦး အောင်မြင်ခဲ့ကြောင်း ယနေ့ ဇွန်လ (၁၁) ရက်နေ့ ထုတ်ပြန်ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများအရ သိရသည်။
“(၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ စာရင်းရှိကျောင်းသာ၊ ကျောင်းသူ စုစုပေါင်းက (၆၀၁၅) ဦးရှိခဲ့ပါတယ်။ စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ စုစုပေါင်းက (၅၇၆၇) ဦးရှိခဲ့ပါတယ်။ ပျက်ကွက်သူ (၂၄၈) ဦးရှိခဲ့ပါတယ်။ အောင်မြင်သူစုစုပေါင်းကတော့ (၃၄၀၇) ဦးရှိပါတယ်။ အောင်ချက်ရာခိုင်နှုန်းအားဖြင့်တော့ (၅၉.၀၈) ရာခိုင်နှုန်းရှိပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
(၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း (၄၆၁) ဦးဝင်ရောက်ဖြေဆိုခဲ့ရာ (၂၈၈) ဦးအောင်မြင်ခဲ့ပြီး၊ ဘီးလင်းမြို့နယ်အတွင်း (၃၉၃) ဦးဖြေဆိုခဲ့ရာ (၂၄၄) ဦးအောင်မြင်ခဲ့ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
အလားတူ သထုံမြို့နယ်အတွင်း (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူပေါင်း (၄၅၉) ဦးရှိခဲ့ရာ (၂၇၄) ဦးအောင်မြင်ခဲ့ပြီး၊ ပေါင်မြို့နယ်အတွင်း (၄၃၀) ဦးဖြေဆိုခဲ့ရာ (၂၅၈) ဦး အောင်မြင်ခဲ့သည်။
ထို့အပြင် (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မော်လမြိုင်မြို့နယ်အတွင်းမှ ဝင်ရောက်ဖြေဆိုသူပေါင်း (၁၄၄၈) ဦးရှိခဲ့ရာ (၉၇၂) ဦး အောင်မြင်ခဲ့ကြောင်း၊ ချောင်းဆုံမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေသူဆိုပေါင်း (၄၄၇) ဦးရှိခဲ့ရာ (၂၈၃) ဦးအောင်မြင်ခဲ့ကြောင်း၊ ကျိုက်မရောမြို့နယ်အတွင်း (၃၀၃) ဦးဝင်ရောက်ဖြေဆိုခဲ့ရာ (၁၇၄) ဦးအောင်မြင်ခဲ့ကြောင်း၊ မုဒုံမြို့နယ်အတွင်း (၇၄၈) ဦးဝင်ရောက်ဖြေဆိုခဲ့ရာ (၄၈၅) ဦးအောင်မြင်ခဲ့ကြောင်း နှင့် သံဖြူဇရပ်မြို့နယ်အတွင်း (၆၂၅) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၃၅၇) ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။
ထို့အတူ မွန်ပြည်နယ် ရေးမြို့နယ်အတွင်း (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသူပေါင်း (၄၅၃) ဦးရှိခဲ့ရာ (၇၂) ဦးဖြေဆိုအောင်မြင်ခဲ့ကြောင်းလည်း မွန်ပြည်နယ် ပညာရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းအပြင် (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်နယ်၌ (၆) ဘာသာဂုဏ်ထူးရှင် (၄၆) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၄၁) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၆၂) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၉၉) ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၅၄) ဦးနှင့် (၁) ဘာသာဂုဏ်ထူးရှင် (၄၄၇) ဦးရှိခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်နယ်အတွင်းမှ ကျောင်းသား/သူ စုစုပေါင်း (၅၇၆၈) ဦးဝင်ရောက်ဖြေဆိုခဲ့ရာ၊ (၄၁၇၂) ဦးအောင်မြင်ခဲ့ကြောင်း နှင့် အောင်ချက်ရာခိုင်နှုန်း (၇၂.၃၃) ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။