မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်းရှိ မော့ကနင်အခြေစိုက် ခလရ – ၁၀၆ တပ်ရင်းမှ ဒုတပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးသန်းနိုင်စိုး အား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇွန်လ (၅) ရက်နေ့ ညနေ (၆) နာရီအချိန်ခန့် ဗိုလ်မှူးသန်းနိုင်စိုး မှာ တပ်ရင်းအတွက် ရိက္ခာဝယ်ယူရန် Honda Fit ကားဖြင့် တစ်ဦးတည်းထွက်လာစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဗိုလ်မှူးသန်းနိုင်စိုး တပ်ရင်းကနေထွက်လာတာကို သတင်းရလို့ စောင့်ဖမ်းခဲ့တာပါ။ သူ့ကို ပစ်တာခတ်တာမျိုးတော့မလုပ်ဘူး။ သူလည်း ပစ်ခတ်တာမျိုးမလုပ်ဘူး။ အလွယ်တကူဘဲ ဖမ်းဆီးရမိခဲ့တာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဖမ်းဆီးရမိခဲ့သည့် ဗိုလ်မှူးသန်းနိုင်စိုး ထံမှ MA 3 သေနတ်တစ်လက်၊ ပစ္စတိုတစ်လက်၊ စစ်အသုံးအဆောင်ပစ္စည်းတချို့နှင့်အတူ Honda Fit ကားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ဆိုသည်။
ထိုဗိုလ်မှူးသန်းနိုင်စိုး အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ဒေါနစစ်ကြောင်း ခြေမှုန်းရေးတပ်ခွဲ – ၃၊ ရေးပြောက်ကျားအဖွဲ့နှင့် တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့သည့် ဗိုလ်မှူးသန်းနိုင်စိုး အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၆) ဌာနချုပ်သို့ ပို့ဆောင်ကာ စစ်ဆေးမှုများလုပ်ဆောင်နေပြီး အရေးယူဆောင်ရွက်မှုလည်းရှိနေကြောင်း သိရသည်။
ဗိုလ်မှူးသန်းနိုင်စိုး ဖမ်းဆီးခံခဲ့ရပြီးနောက် အဆိုပါ မော့ကနင်အခြေစိုက် ခလရ – ၁၀၆ တပ်ရင်းမှ မော့ကနင်ကျေးရွာဝန်းကျင်အား လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် မော့ကနင်ကျေးရွာ ကားဆိပ်ရပ်ရှိ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်အတွက်ကြောင့် မိသားစုဝင် (၅) ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် သံဖြူဇရပ် – ရေး ကားလမ်းတွင် ပြီးခဲ့သည့် မေလ (၂၉) ရက်နေ့ကလည်း ရေးမြို့နယ် အခြေစိုက် ခမရ – ၅၉၉ တပ်ရင်းမှ အရာရှိတစ်ဦး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ၎င်းအား လူနာတင်ယာဉ်ဖြင့် မော်လမြိုင်မြို့သို့ ခေါ်ဆောင်လာစဉ် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။