ထိုင်းမြန်မာနယ်စပ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် ပြီးခဲ့သည့် ဇွန်လ (၆) ရက်နေ့က ဘုရားသုံးဆူမြို့တွင် ဆေးကြောင်နေသည့် အမျိုးသားတစ်ဦးမှ ဇနီးဖြစ်သူ နှင့် မယားပါသားသမီး နှစ်ဦးအား သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်းမြို့ခံများထံမှ သိရသည်။
ဘုရားသုံးဆူမြို့၊ အမှတ် (၂) ရပ်ကွက်၊ ရေတွင်းလမ်းတွင်နေထိုင်သည့် အသက် (၃၀) နှစ်အရွယ်အမျိုးသားမှာ ဆေးကြောင်ကာ ဇနီးဖြစ်သူအား ဓါးဖြင့်ခုတ်သတ်ခဲ့ပြီးနောက်၊ ကလေး (၂) ဦးအား လမ်းအတွင်းရှိ ရေတွင်းထဲသို့ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။
“ရေတွင်းထဲကို ပစ်ချခံရတဲ့ ကလေး (၂) ယောက်က အကြီးမလေးက (၅) နှစ်၊ အငယ်လေးက ယောက်ျားလေး။ သူက (၃) နှစ်ဘဲ ရှိသေးတယ်။ အဲ့ဒီကလေး (၂) ယောက် အသတ်ခံရတဲ့ အမျိုးသမီးရဲ့ ပထမအိမ်ထောင်နဲ့ ရထားတဲ့ကလေးတွေလို့ သိရတယ်” ဟု ၎င်းမြို့ခံက ဆက်လက်ပြောကြားသည်။
ထိုအမျိုးသားမှာ ဘုရားသုံးမြို့ဆို့ရှိ ဈေးတွင် ပန်းရောင်းအလုပ်၊ လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်းလည်း ၎င်းမြို့ခံကဆိုသည်။
ဆေးကြောင်ပြီး ဇနီးဖြစ်သူ နှင့် မယားပါသားသမီး နှစ်ဦးအား သတ်ဖြတ်ခဲ့သည့် အမျိုးသားအား ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဖမ်းဆီးထားကြောင်း သိရသည်။