ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံများ၏နေအိမ်အဆောက်အဦးများထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဇွန်လ (၁) ရက်နေ့ ည (၇) နာရီ (၁၅) မိနစ်အချိန်ခန့်က စစ်ကောင်စီလက်အောက်ခံ အမတ – ၃၁၄ အမြောက်တပ်မှ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာသို့ လက်နက်ကြီး (၃) လုံး ပစ်ခတ်ခဲ့ရာ၊ ယင်းရွှေရောင်ပြကျေးရွာထိပ်တွင် ကျရောက်ပေါက်ကွဲခဲ့ရာ၊ စောနိုင်ကြီး၊ နော်မုပလီ၊ နော်စခန်းအေး၊ တီးဖားကွဲ၊ နော်ကော်လာ၊ တီးအူးသု၊ နော်မနူး၊ နော်ညွန့်မေ၊ နော်မ နှင့် နော်မချော တို့၏ နေအိမ်များ လက်နက်ကြီးကျည်စထိမှန်ကာ ပျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“အဲ့ဒီနေ့ နေ့ခင်းဘက်ကလည်း ရွာနားကို ဂျက်ဖိုက်တာလေယာဉ်နဲ့ (၃) ကြိမ်လောက် ဗုံးချသွားသေတယ်။ ထိခိုက်မှုတော့မရှိခဲ့ဘူး” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ (၃) ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ (ခမရ – ၉) တပ်ရင်း၊ တပ်စခန်းမှ သထုံမြို့နယ် ရေဝေကျေးရွာအတွင်းသို့ လက်နက်ကြီး (၃) လုံးပစ်ခတ်ခဲ့ရာ အဆိုပါ ရေဝေကျေးရွာရှိ ဘုန်းကြီးကျောင်းဆောင် (၂) ဆောင် ထိခိုက်ပျက်စီးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။