တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းလွန်ကျောင်းအတွင်း ယမန်နေ့လယ်ပိုင်း ထမင်းစားချိန်၌ ကျောင်းသားတစ်ဦးမှ မပေါက်ကွဲသေးသည့် ၄၀ – မမ ဗုံးသီးဟောင်းအား ယူဆောင်ဆော့ကစားရာမှ ကျောင်းသမံသလင်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသားတစ်ဦးမှာ သေဆုံးခဲ့ကာ ကျောင်းသား (၁၀) ဦး နှင့် ကျောင်းသူ (၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
“အိမ်ရှေ့ပြင်မူလတန်းလွန်ကျောင်းဝင်းထဲကနေ ပေါက်ကွဲသံကြားလိုက်ရတာပါ။ ဖြစ်တဲ့အချိန်က နေ့ခင်း ထမင်းစားချိန်ဆင်းတဲ့အချိန်မှာ ပေါက်ကွဲသံကြားလိုက်တာပါ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ဗုံးသီးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူ ကျောင်းသား၊ ကျောင်းသူများအား ဇမ္ဗူသီရိလူမှုကူညီရေးအသင်း မှ လူနာတင်ယာဉ်များဖြင့် ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးကာ ဆေးကုသမှုပေးထားကြောင်း သိရသည်။