သထုံမြို့၊ သိမ်ကုန်းရပ်ကွက်အတွင်း ဇွန်လ (၃) ရက် ညပိုင်းအချိန်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် (၅) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ည (၇) နာရီဝန်းကျင်အချိန်ခန့်က အဆိုပါ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ အောင်ဇေယျ (၃) လမ်းအတွင်းလေဆင်နှာမောင်းတိုက်ခတ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်။
“မနေ့ညဦးပိုင်းက မိုးရွာတာရပ်သွားတယ်။ ပြီးမှလေတွေတိုက်လာပြီး လေဆင်နှာမောင်းဝင်မွေသွားတာ။ အားလုံးနေအိမ် (၅) လုံးနဲ့ အများသုံး ရေကန်ကအမိုးသွပ်တွေ ထိခိုက်ပျက်စီးမှုတွေဖြစ်ခဲ့တယ်။ လူထိခိုက်မှုတော့မရှိဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သိမ်ကုန်းရပ်ကွက် အောင်ဇေယျ (၃) လမ်းရှိ ဦးသန်းလှိုင်ဆိုသူပိုင်ဆိုင်သည့် အလျား (၅၅) ပေ၊ အနံ (၁၄) ပေရှိ သွပ်မိုး/အုတ်ကာ တစ်ထပ်တိုက်ခံအိမ်၏ သစ်သားဒိုင်း(၁၀)ချောင်းနှင့် သွပ်မိုးများ ဦးဘိုဘိုအောင် ဆိုသူပိုင်ဆိုင်သည့် အလျား (၃၀) ပေ၊ အနံ (၁၂) ပေရှိ သွပ်မိုး/ပျဉ် ကာ/ခင်း နေအိမ်မှာ သွပ်မိုးများ၊ ဦးမျိုးမြင့်ဇော် ဆိုသူပိုင်ရှိသည့် အလျား (၁၅) ပေ၊ အနံ (၁၀) ပေခန့်ရှိ သွပ်မိုး၊ ထရံကာ/ပျဉ်ခင်း နေအိမ်မှာ သွပ်မိုးများ၊ ဦးအုန်းလှိုင် ဆိုသူပိုင်ဆိုင်သည့် အလျား (၁၃) ပေ၊ အနံ (၁၀) ပေခန့်ရှိ သွပ်မိုး၊ ပျဉ်ကာ/ခင်း နေအိမ်မှာ သွပ်အမိုးများ၊ ဦးစိုးသိန်း ဆိုသူပိုင်ဆိုင်သည့် အလျား (၅၀) ပေ၊ အနံ (၁၅) ပေခန့်ရှိ သွပ်မိုး၊ ပျဉ် ကာ/ခင်း နေအိမ်မှာ သွပ်မိုးများ၊ သိမ်ကုန်းရပ်ကွက်၊ အောင်ဇေယျ (၃) လမ်း၊ လမ်းထိပ်ရှိ ရပ်ကွက်သုံး အလျား (၆) ပေ၊ အနံ (၄) ပေ၊ အမြင့် (၆) ပေရှိ (၅၀၀)ဂါလံဆံ အများသုံးရေကန်၏ သွပ်အမိုးများ ပျက်စီးသွားခဲ့ကြောင်း သထုံမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား သထုံမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သထုံမြို့ပေါ်ရှိ လူမှုကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းရှင်းလင်းခဲ့ကြသည်။
Photo Credit – သထုံမြို့နယ်မီးသတ်ဦးစီးဌာန