လတ်တလော လူသုံးများသည့် VPN Software များ ထပ်မံပိတ်ဆို့ခံထားရသည့်အတွက် Facebook အပါအဝင်လူမှုကွန်ရက်စာမျက်နှာများနှင့် Online များအသုံးပြုနေကြသူများ စိတ်အနှောင့်အယှက်ဖြစ်နေကြရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံအတွင်း ရွှေ နှင့် ဒေါ်လာဈေးစံချိန်တင်မြင့်တက်သွားပြီးနောက် စစ်ကောင်စီက ပိတ်ဆို့ထားသည့် Facebook လူမှုကွန်ရက်စာမျက်နှာအပါအဝင် တခြားသော Software အား ကျော်၍အသုံးပြုနေကြသည့် VPN (Virtual Private Network) များကို စစ်ကောင်စီက ထပ်မံပို့ဆို့ လိုက်သည့်အတွက် VPN Apps တချို့အသုံး၍မရတော့သည့်အခြေအနေမျိုးဖြစ်ပေါ်နေကြောင်း သိရသည်။
User တစ်ဦးက “မြန်မာနိုင်ငံမှာက Facebook တို့ Massager တို့၊ နောက် Zoom စသဖြင့် လူမှုကွန်ရက်စာမျက်နှာတွေ၊ Software တွေအသုံးပြုကြတာများတယ်။ ပြီးခဲ့တဲ့ မေလနောက်ဆုံးရက်တွေမှာ ရွှေဈေးတွေ၊ ဒေါ်လာဈေးတွေ မတရားကိုတက်နေတော့ လူသုံးများတဲ့ 1.1.1.1 , Nord , Tunnder, GreenNet စတဲ့ VPN တွေအသုံးပြုလို့မရတော့တာမျိုးတွေဖြစ်ကြတယ်။ Nord VPN ဆိုရင် Premium သုံးနေရင်တော့် Log in ပြန်ဝင်လို့မရတော့ဘူးဖြစ်ကြရတယ်၊ တချို့တွေကလည်း ကိုယ်သုံးတဲ့ Phone အမျိုးအစားနဲ့ VPN Software တွေမကိုက်တာမျိုးတွေလည်း ဖြစ်ကြရတယ်” ဟု ဆိုသည်။
အင်တာနက် အား VPN Software များခံပြီးမှ အသုံးပြုရသည့်အတွက်ကြောင့် အင်တာနက်လိုင်းများနှေးကွေးခြင်းများဖြစ်ပေါ်သော်လည်း၊ User များအနေဖြင့် မိမိနှင့်အဆင်ပြေသည့် VPN Software များကို အသုံးပြုနေကြရကြောင်းလည်း သိရသည်။
“တချို့က VPN Speed မြန်အောင်လို့ ပိုက်ဆံပေးသုံးကြနေကြသူတွေရှိတယ်။ ဥပမာ လူတစ်ယောက်က VPN တစ်ခုကို တစ်နှစ်စာ (၁၀) ဒေါ်လာနဲ့ ဝယ်သုံးတယ်ထား၊ လူ (၁) သန်းလောက်က အဲ့ဒီလို ဝယ်သုံးကြမယ်ဆိုရင် ကိုယ့်ပြည်တွင်းကနေ တစ်နှစ်ကို ဒေါ်လာ (၁၀) သန်းက နိုင်ငံခြားကို ထွက်သွားမယ်။ ဒါမျိုးလည်း တော်ရုံတွက်ကြည့်ကြမှာမဟုတ်ဘူး။ Internet Speed တွေ နှေးအောင်လုပ်ထားတာမျိုးကို စိတ်ရှည်ရှည်နဲ့ သုံးနေကြရတဲ့ ပြည်သူတွေက တော်ရုံအခြေအနေမျိုးတွေကို ကျော်လွှားနိုင်ကြမှာပါ” ဟု အခြား User တစ်ဦးက သုံးသပ်ပြောကြားသည်။
လက်ရှိအခြေအနေတွင် ခေတ်ကာလအနေအထားအရ အင်တာနက်ပေါ်မှတဆင့်၊ တနည်းအားဖြင့် Online ပေါ်မှတဆင့် စီးပွားရေး၊ လူမှုရေးအစရှိသည့် အရေးကိစ္စများအတွက် အသုံးပြုနေကြရသည့် ပြည်သူများအနေဖြင့် များစွာစိတ်အနှောင့်အယှက်ဖြစ်နေကြရကြောင်း သိရသည်။
(၂၀၂၁) ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့က စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် အင်တာနက်လိုင်းများဖြတ်တောက်ခြင်း၊ အင်တာနက်လိုင်း နှေးကွေးအောင်ပြုလုပ်ထားခြင်းနှင့် Facebook အပါအဝင် လူမှုကွန်ရက်စာမျက်နှာများအား ကန့်သတ်ပို့ဆို့ခြင်းများ လုပ်ဆောင်ထားသည့်အတွက်ကြောင့် အင်တာနက်သုံးစွဲသူများအနေဖြင့် VPN Software များအသုံးပြုနေကြရသည်မှာ ယနေ့အထိပင်ဖြစ်သည်။