မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် ယနေ့ (ဇွန်လ (၂) ရက်) အထိ ပါတီမှတ်ပုံတင်ခွင့်မကျသေးကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။
မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် စစ်ကောင်စီမှ အသစ်ပြဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ – ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသည့်အတွက် ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် မတ်လ (၁၅) ရက်နေ့ကတည်းက ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ခြင်းဖြစ်သည်။
ချင်းမိုင်အခြေစိုက် တိုင်းရင်းသားလူမျိုးများရေးရာစင်တာ ENAC အမှုဆောင်ဒါရိုက်တာ ဒေါက်တာပညာမွန်က “MUP က SAC နဲ့ နီးနီးကပ်ကပ် အလုပ်လုပ်ကြတယ်လေ၊ ကိုယ်စားလှယ် ၂ ယောက်တောင်မှာ SAC မှာ ပါဝင်ခဲ့တယ် ဒေါက်တာဗညားအောင်မိုးက SAC Council အဖွဲ့ဝင်လည်းဖြစ်ခဲ့တယ်၊ မွန်ပြည်နယ်အဆင့်မှာ နိုင်လယိတမလည်း ဝန်ကြီးဖြစ်နေတယ်၊ SAC ကို ထဲထဲဝင်ဝင် ဒီလောက်အထိ ပူးပေါင်းနေတာတောင်မှ မှတ်ပုံ တင်ကို သူတို့ မချပေးဘူးဆိုရင် တော်တော်လေးအံ့သြဖို့ ကောင်းတာပေါ့၊ MUP ဆိုရင် သူတို့ မွန်ပြည်နယ်က ဘယ်လိုဘဲပြောပြောပေါ့နော်၊ Majority ဖြစ်နိုင်တယ် Majority မဖြစ် နိုင်တောင်မှ တကယ့် အားကောင်းတဲ့ အတိုက်အခံပါတီ ဖြစ်လာနိုင်တဲ့ အခါကျတော့ ဒါက USDP အတွက်က တော့ တော်တော်ကို ခြိမ်းခြောက်မှု အကြီးကြီး တခုဖြစ်လာနိုင်တယ်လို့ ကျနော်အဲဒီလို သုံးသပ်ရတာပေါ့နော်၊ USDP အနေနဲ့ အင်အားနည်းနည်းရှိတဲ့ နိုင်ငံရေးပါတီတွေကို သူတို့ကိုယှဥ်ပြိုင် မရနိုင်အောင် မှတ်ပုံတင်ချမပေးတာလည်း ဖြစ်နိုင်တယ်၊” ဟု ပြောသည်။
ပါတီမှတ်ပုံတင်မကျသေးသည့်ကိစ္စနှင့် ပတ်သက်ပြီး လွန်ခဲ့သည့် (၃) လက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံသို့ စာတင်ခဲ့သေးကြောင်း၊ ထိုအခြေအနေနှင့် ပတ်သက်ပြီး ပါတီအား ဒုတိယအကြိမ်အဖြစ် ပြန်လည်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီးဖြစ်သော်လည်း ယနေ့အထိ ပါတီမှတ်ပုံတင်ခွင့်မကျသေးသည်ကြောင်း နှင့် ထိုကိစ္စနှင့် ပတ်သက်ပြီး UEC ထံမေးမြန်းသော်လည်း စစ်ဆေးနေဆဲဖြစ်သည်ဟုသာ ပြန်လည်ပြောကြားကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တကယ်လို့ မကျေလည်တာမျိုးရှိရင်လည်း ကော်မရှင်က ကျွန်တော်တို့ကို လှမ်းခေါ်ပြီး ဆွေးနွေးတာမျိုးလည်း မရှိသေးဘူး။ မွန်ညီညွတ်ရေးပါတီ (MUP) အနေနဲ့ ပါတီမှတ်ပုံတင်ခွင့်တင်ပြီးကတည်းက ကျွန်တော်တို့နဲ့ ဆွေးနွေးတာမျိုး၊ ညှိနှိုင်းတာမျိုးမရှိခဲ့ဘူး။ ကျွန်တော်တို့လည်း ဘာဆက်လုပ်ရမှန်းမသိတော့ဘူး၊ တချို့တိုင်းရင်းသားအခြေပြုနိုင်ငံရေးပါတီတွေ ပါတီထည်ထောင်ဖို့ ငြင်းပယ်ခံထားရတာမျိုးရှိနေပေမယ့်၊ ကိုယ့်မွန်ပါတီကတော့ ပယ်တဲ့အထဲတော့ မပါသေးဘူး။ ကိုယ့်ပါတီကို ပယ်ဖျက်လိုက်တယ်ဆိုရင်လည်း တစ်မျိုးပြန်စီစဉ်လို့ရသေးတယ်”” ဟု ၎င်းကဆက်လက် ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ – ၃ အရ လျှောက်ထားသည့် ပါတီပေါင်း (၁၆) ပါတီနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ – ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီပေါင်း (၅၀) ပါတီရှိပြီး စုစုပေါင်း (၆၆) ပါတီရှိကြောင်း နှင့် ယင်းနိုင်ငံရေးပါတီများအနက် (၄၉) ပါတီမှာ ပါတီမှတ်ပုံတင်ခွင့်ရရှိခဲ့ပြီး၊ ချင်းပြည်သူ့ပါတီအပါအဝင် နိုင်ငံရေးပါတီတချို့ ပါတီမှတ်ပုံတင်ခွင့် ငြင်းပယ်ခံထားရကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။
MUP သည် ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ လူထုထောက်ခံမှုနဲ့ အမတ်ဦးရေ နေရာ အတော်များ များ ရရှိခဲ့သော်လည်း လက်ရှိမှာ စစ်တပ်နှင့် ပူးပေါင်းနေသောကြောင့် လာမယ့် ရွေးကောက်ပွဲတွင် ပြည်သူများ၏ ထောက်ခံမှုရရန် လွယ်ကူလိမ့်မည်မဟုတ်ကြောင်း ပါတီမှ နုတ်ထွက်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင် ဟောင်းတစ်ယောက်က ပြောသည်။
“MUP အနေနဲ့ ခွင့်ပြုချက် အကယ်၍ကျခဲ့မယ်ဆိုရင်လဲ ဒီရွေးကောက်ပွဲစနစ်အတိုင်း သွားမယ်ဆိုရင် ပြည်သူ့ဆန္ဒနဲ့ တထပ်ထဲမကျတဲ့အတွက် MUP အတွက်ကလည်း အနိုင်ရဖို့ ပိုပြီးတော့ အခက်အခဲဖြစ်လာနိုင်တယ်၊ ရွေးကောက်ပွဲက ၂၀၀၈ အခြေခံဥပဒေအောက်မှာ ပြန်ဝင်ရမှာ ဖြစ်တယ်၊ PR စနစ်နဲ့ ရွေးကောက်ပွဲ လုပ်မှာဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲက လက်ရှိအခြေအနေကိုလည်း ဖြေရှင်းနိုင်မှာမဟုတ်ဘူး၊ နောက် ပြည်သူလူထုတွေကလည်း ဒီကိစ္စကို ကျေနပ်မှာလည်း မဟုတ်ဘူး၊ ဒီရွေးကောက်ပွဲကိုလည်း လမ္ဘာက အသိအမှတ်ပြုမှာ မဟုတ်ဘူးပေါ့နော်”
မွန်ညီညွတ်ရေးပါတီ အနေဖြင့် ပါတီမှတ်ပုံတင်ခွင့် မကျသေးသော်လည်း ကရင်ပြည်နယ်အတွင်းရှိ မွန်ညီညွတ်ရေးပါတီအနေဖြင့် မွန်တိုးတက်ရေးပါတီအမည်ဖြင့် ပါတီတည်ထောင်ခွင့်လျှောက်ထားမှုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့က ခွင့်ပြုပေးထားကြောင်း သိရသည်။
မွန်ညီညွတ်ရေးပါတီမှာ ပြီးခဲ့သည့် (၂၀၂၀) ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေပေါင်း (၄၅) နေရာ၌ တင်ရောက်ယှဉ်ပြိုင်ရွေးကောက်ခံခဲ့ပြီး မဲဆန္ဒနယ်မြေ (၁၂) နေရာ အနိုင်ရရှိခဲ့သည့် တိုင်းရင်းသားအခြေပြု နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။