မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် မစောတံတားပေါ်မှ ယာယီဘေလီတံတားတည်ဆောက်မှုမှာ ယမန်နေ့ ဇွန်လ (၂) ရက်နေ့ မွန်းလွဲပို်ငးအချိန်က ပြီးစီးသွားပြီးဖြစ်၍ မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ (၂) ရက်နေ့ညနေပိုင်းမှစတင်ကာ ယာယီဘေလီတံတားပေါ်မှ မော်တော်ယာဉ်များ စမ်းသပ်မောင်းနှင်စေခဲ့ပြီးနောက် ယနေ့ ဇွန်လ (၃) ရက်နေ့မနက်ပိုင်းမှစတင်ကာ မော်တော်ယာဉ်များအားလုံး ဖြတ်သန်းမောင်းနှင်ခွင့်ပြုလိုက်ပြီးဟု သိရကြောင်း သထုံခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“လောလောဆယ်မှ ဘေလီတံတားပေါ်ကရော၊ တံတားဘေးက မြေသားရှောင်ကွင်းလမ်းကပါ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာလို့ရနေပြီးလို့ သိရတယ်။ မိုးတအားများလာရင်တော့ ယာယီမြေသားရှောင်ကွင်းလမ်းက ဖြတ်လို့ အဆင်မပြေလောက်တော့ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် မေလ (၂၃) ရက်နေ့နံနက်အစောပိုင်းအချိန်က မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု တောင်ကလေးကျေးရွာအထွက် ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရှိ တံတားအရှည် (၁၀၆) ပေ၊ အကျယ် (၂၄) ပေရှိ တံတားအမှတ် (၁/၁၃၀) ဒေသအခေါ် မစောတံတား မှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း နှင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် မစောတံတားမှာ တံတား၏ (၃) ပုံ (၂) ပုံမှာ ချောင်းအတွင်းကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် မိုင်းခွဲဖျက်ဆီးခံထားရသည့် မစောတံတားချောင်းအတွင်း ဆိုင်ကယ် (၃) စီးပြုတ်ကျခဲ့သည့်အတွက် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား(၁) သေဆုံးကာ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၂) ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။