စစ်မှုထမ်းမည့်သူများခေါ်ယူ၍ မရသဖြင့် သထုံခရိုင် နှင့် ကျိုက်ထိုခရိုင်အတွင်း နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ရန် စီစဉ်နေကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။
စစ်မှုထမ်းအပတ်စဉ် (၁) နှင့် (၂) အတွက် သက်ဆိုင်ရာ ရပ်ကွက် နှင့် ကျေးရွာများမှ သတ်မှတ်လူစာရင်းအတိုင်း မပေးပို့နိုင်သည့်အတွက် စစ်ကောင်စီ၏ ဗဟိုစစ်မှုထမ်းဆင့်ခေါရေးအဖွဲ့က ဖိအားပေးလာသည့်အတွက်ကြောင့် ယင်းကဲ့သို့ နေအိမ်ထဲအထိ ဝင်ရောကဖမ်းဆီးခေါ်ဆောင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
“စစ်မှုထမ်းဖို့အတွက်ကို မြို့နယ်တစ်မြို့နယ်ကို လူ (၅၀) ဦးနှုန်းနဲ့ ပေးပို့ဖို့ သတ်မှတ်ထားတယ်။ ဒါပေမယ့် ကျိုက်ထိုတို့၊ ဘီးလင်းတို့၊ ပေါင်နဲ့ သထုံမြို့နယ်အတွင်းမှာက စစ်မှုထမ်းမယ့်လူ (၂၀) ဦးတောင်မပြည့်လို့ အခုလို စီစဉ်ရတာဖြစ်တာလို့ သိရတယ်” ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
စစ်မှုထမ်းရမည့် စာရင်းတွင် ပါဝင်နေသော်လည်း နည်းလမ်းအမျိုးမျိုးဖြင့် တိမ်းရှောင်နေမှုများတွေ့ရှိပါကလည်း အမှုဖွင့်ထားရန် နှင့် ဖမ်းဆီးရမိသူများကို ချက်ချင်းစစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ရန်လည်း ညွန်ကြားထားကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင်လည်း စစ်မှုထမ်းရန်အတွက် မဲပေါက်ထားသူများနှင့် အမည်စာရင်းပါသူများအား သင်တန်းတက်ရန် နေအိမ်များတွင် သွားရောက်ခေါ်ယူစဉ် နေအိမ်များတွင်မရှိဘဲ ထွက်ပြေးတိမ်းရှောင်နေကြသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များအခက်တွေ့နေကြကြေင်း သိရသည်။
တစ်ဖက်တွင်လည်း စစ်မှုထမ်းမည့်ကိစ္စနှင့် ပတ်သက်ပြီး ပါဝင်ပတ်သက်နေသူများအား တော်လှန်ရေးအင်အားစုများဘက်က ရှင်းလင်းမှုများဆက်တိုက်လုပ်ဆောင်နေသည့်အတွက်ကြောင့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ပုန်းကွယ်နေထိုင်နေကြရသည့်အတွက် စစ်မှုထမ်းရန် သတ်မှတ်ထားသည့် လူဦးရေမပြည့်သည့်အခြေအနေမျိုးဖြစ်နေကြောင်း သိရသည်။
သို့သော်လည်း မွန်ပြည်နယ်အတွင်းတွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအပိုင်အဆင့်ဆင့်မှ စစ်မှုထမ်းမည့်သူများရရှိရန် နည်းလမ်းမျိုးစုံသုံး၍ လုပ်ဆောင်နေကြကြောင်းလည်း သိရသည်။
စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်သွင်းခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ အသက် (၁၈) နှစ်မှ (၃၅) နှစ်ကြားလူငယ်အများအပြားမှာ နယ်စပ်များမှတဆင့် တဖက်နိုင်ငံများသို့ နည်းလမ်းပေါင်းစုံဖြင့် ထွက်ခွာနေကြကြောင်း သိရသည်။
ဗမာ့အရေးနှင့် ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) ၏ အစီရင်ခံစာအရ စစ်မှုထမ်းအပတ်စဉ် (၁) နှင့် (၂) အတွက် မွန်ပြည်နယ်အတွင်း လူငယ် (၄၀၀) ခန့် စစ်သားစုဆောင်ခြင်းခံထားရပြီး အများစုမှာ ရွေ့ပြောင်းလုပ်သားများဖြစ်ကြောင်း သိရသည်။