တနသႅာရီတိုင်းရှိ ရေဖြူဒေသစစ်ရေးလှုပ်ရှားကို အကြောင်းအမျိုးမျိုးကြောင့် ခေတ္တရပ်ဆိုင်းလိုက်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF မှ ပြီးခဲ့သည့် မေလ (၃၀) ရက်က မွန်ဘာသာဖြင့် ကျေညာချက်တစ်စောင် ထုတ်ပြန် လိုက်သည်။
ရေဖြူဒေသမှ MSRF စစ်ရေးလှုပ်ရှားမှု ခေတ္တရပ်ဆိုင်းလိုက်ရသည်မှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်မှာ မွန်ပြည်သစ်ပါတီ၏ ဖိအားပေးလာမှုကြောင့် ဖြစ်နိုင်ကြောင်း မွန်ဒေသစစ်ရေးလှုပ်ရှားအခြေအနေ စောင့်ကြည့်လေ့လာသူတစ်ဦးက သုံးသပ်ကြသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မွန်ပြည်သစ်ပါတီနယ်မြေထဲမှာ သူတို့ရန်သူကို လာရောက် တိုက်ခိုက်နေတဲ့အပေါ်မှာ တစုံတရာမှတ်ချက်ပေး ပြောဆိုတာ မတွေ့ပေမယ့် မွန်ပြည်သစ်ပါတီရဲ့ အုပ်ချုပ်ရေးကိစ္စတွေအပေါ် ဝင်ရောက် စွက်ဖက်သလိုမျိုး ပြုလုပ်လာတာတွေ ရှိခဲ့ရင်တော့ မွန်ပြည်သစ်ပါတီက လက်ခံမှာ မဟုတ်ဘူး၊ ဥပမာ မွန်ပြည်သစ်နယ်မြေမှာ အခွန်လာကောက်တာတို့ အရပ်သားတွေနဲ့ ရွာလူကြီးတွေကို ပြစ်ဒဏ်စီရင်တာ၊ သတ်ဖြတ်တာမျိုးတွေကို မွန်ပြည်သစ်ပါတီက လုံးဝခွင့်ပြုမှာမဟုတ်ဘူး” ဟု မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တစ်ဦး ပြောကြားချက်ကို ကိုးကား၍ မွန်ဒေသစစ်ရေးလှုပ်ရှားအခြေအနေ စောင့်ကြည့်လေ့လာနေသူတစ်ဦးက ပြောသည်။
သို့ရာတွင် MSRF စစ်ရေးလှုပ်ရှားမှုနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီအနေဖြင့် တစုံတရာ ထုတ်ပြန်ပြောဆိုခဲ့သည်ကို မတွေ့ရပေ။
မွန်ပြည်တော်လှန်ရေးတပ် MSRF သည် အာဏာရှင်တိုက်ဖျက်ရန်၊ မွန်တို့၏အမျိုးသားအခွင့်အရေးနှင့် ပြည့်စုံသော မွန်ပြည်တည်ထောင်ရေးအတွက် တော်လှန်ရေးအဖွဲ့အစည်းအားလုံးနှင့်အတူ စစ်ကောင်စီအား ပူးပေါင်းတိုက်ခိုက်နေသည့် မွန်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကြောင်း အဆိုပါ ကျေညာချက်တွင် ဖော်ပြထားသည်။