ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားနှင့် မစောတံတားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် ခရီးသွားပြည်သူများအနေဖြင့် ရထားနှင့် ခရီးသွားလာမှု များပြားလာခြင်းနှင့်အတူ မော်လမြိုင် – ရန်ကုန် ရထးလက်မှတ်များ မှောင်ခိုဈေးကွက်တွင် ဈေးနှုန်းနှစ်ဆကျော်ပေးဝယ်နေရကြောင်း ခရီးသွားပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
လက်ရှိ မော်လမြိုင် – ရန်ကုန် လေအိတ်ရထား အထက်တန်းလက်မှတ် တစ်စောင်လျှင် (၁၁၀၀၀) ကျပ်၊ ရိုးရိုးတန်းလက်မှတ် တစ်စောင်လျှင် (၆၀၀၀) ကျပ် သတ်မှတ်ထားသော်လည်း မှောင်ခိုဈေးကွက်တွင် မော်လမြိုင် – ရန်ကုန် လေအိတ်ရထား အထက်တန်းလက်မှတ် တစ်စောင်လျှင် (၂၀၀၀၀) ကျပ်၊ ရိုးရိုးတန်းလက်မှတ် တစ်စောင်လျှင် (၇၅၀၀) ကျပ်အထိ ပေးဝယ်နေကြရသည့်အပြင်၊ ကြားဘူတာလက်မှတ်ဈေးနှုန်းများလည်း နှစ်ဆကျော်ပေးဝယ်ရကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောကြားသည်။
“ရထားလက်မှတ်ရောင်းတဲ့နေရာကို ကိုယ်တိုင်သွားရင်ကုန်ပြီးလို့ပြောလိမ့်မယ်။ ဒါပေမယ့် ရထားဝန်ထမ်းတွေကို သွားမေးရင်တော့ လက်မှတ်တွေကို မှောင်ခိုဈေးနှုန်းနဲ့ ရောင်းပေးနေတာမျိုးရှိနေတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ထို့အတူ မော်လမြိုင် – ရန်ကုန် ရိုးရိုးရထား အထက်တန်းလက်မှတ်တစ်စောင်လျှင် (၁၀၀၀၀) ကျပ်၊ ရိုးရိုးတန်းလက်မှတ် တစ်စောင်လျှင် (၅၀၀၀) ကျပ် သတ်မှတ်ထားသော်လည်း မှောင်ခိုဈေးကွက်အတွင်း ဈေးနှုန်း နှစ်ဆကျော်ပေးဝယ်နေရကြောင်း ခရီးသွားပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
ထို့အပြင် ရထားလက်မှတ်များအား မှောင်ခိုဈေးနှုန်းဖြင့် ရောင်းချရန်အတွက် လက်မှတ်အရောင်းဝန်ထမ်းများက ရုံပိုင်နှင့် ပေါင်းကာ အများပြည်သူအား ရောင်းချရမည့် လက်မှတ်ခွဲတမ်းအား မရောင်းချဘဲ ချန်ထားတတ်ကြောင်းလည်း ခရီးသွားပြည်သူများက ဆိုကြသည်။
မော်လမြိုင် – ရန်ကုန် ရထားလက်မှတ်များအား မှောင်ခိုရောင်းချမှုများရှိသော်လည်း သက်ဆိုင်ရာက ရထားဝန်ထမ်းများအား စစ်ဆေးအရေးယူမှု တစုံတရာမရှိသေးကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။